ခရီးသည်တင်ယာဉ်များထက် လုပ်ငန်းသုံးယာဉ်များ တင်သွင်းသူများပြား

klnJune 2, 20101min330

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ခရီးသည်တင်ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များကို တင်သွင်းရာတွင် မည်သည့်ဌာနဆိုင်ရာထောက်ခံချက်မှ မလိုဘဲ တင်သွင်းခွင့်ပြုထားရာ လုပ်ငန်းသုံးစက်ယန္တရားများ တင်သွင်းမှု ပိုမိုများပြားကြောင်း သိရသည်။ ပြည်ပဝင်ငွေရှိသူတိုင်းကို ၁-၂-၂၀၁ဝ ရက်မှစ၍ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ပြီး တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းများကိုပါ တစ်ပါတည်းထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ “လုပ်ငန်းသုံးတွေပဲ အဓိကတင်သွင်းကြတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေနဲ့ စက်ရုံကြီးတွေက တင်သွင်းတာများတယ် ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ ထိုသို့ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သည့် လေးလခန့်ကာလအတွင်း အစီးရေ ၈၀ဝ ခန့် တင်သွင်းခဲ့ကြပြီး လုပ်ငန်းသုံးယာဉ်များသာ များပြားကြောင်း သိရသည်။ ထိုသို့ တင်သွင်းခွင့်ပြုထားသည့် စာရင်းတွင် ခရီးသည်တင်ယာဉ်တင်သွင်းဖို့ သတ်မှတ်ချက်အတိုင်းဆိုရင် မြန်မာနိုင်ငံနဲ့မကိုက်ဘူး။ ရင်းနှီးတဲ့ပမာဏနဲ့ ပြန်ရမှာက တွက်ခြေမကိုက်တော့ တင်သွင်းဖိုု့ စိတ်မဝင်စားကြဘူး ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။ ခရီးသည်တင်ယာဉ် တင်သွင်းရာတွင် အသစ်ဖြစ်ရမည့်အပြင် မော်ဒယ်သည် ၂၀၀၃ ခုနှစ် နောက်ဆုံးဖြစ်ရမည်ဖြစ်ပြီး ဘယ်မောင်းဖြစ်ရမည်ဖြစ်သည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ခရီးသည်တင်ယာဉ်များသည် အများပြည်သူစီးနင်းလိုက်ပါသည့်အတွက် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေး ရည်ရွယ်ကြောင်း သိရသည်။ ယခင်က မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ခရီးသည်တင်ယာဉ်အများစုသည် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ယာဉ်များဖြစ်ကာ ဈေးနှုန်းသက်သာသည့်အတွက် တင်သွင်းမှုများပြားခဲ့ကြောင်း ၊ ခရီးသည်တင်ယာဉ်အသစ်များတင်သွင်းပါက ဈေးနှုန်းကြီးမြင့်သည့်အတွက် ခရီးသည်ကားထက် နိုင်ငံခြားသားကမာ္ဘလှည့်များအတွက် ဌားရမ်းသည့် ယာဉ်များအနေဖြင့် လုပ်ကိုင်မှ အကျိုးအမြတ်ကျန်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ခရီးသည်တင်ယာဉ်တင်သွင်းမှု မရှိသလောက်နည်းပါးသော်လည်း မီနီဘတ်စ် တင်သွင်းမှုအနည်းငယ်ရှိကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၃ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။