လောကကြီးက လောကကြီးပါပဲ။

black chawJanuary 27, 20121min16037

လောကကြီးက
ကြည့်မှန်တစ်ချပ် မဟုတ်ဘူး
အစစ်တွေ ပြပေမယ့်
အစစ်တွေ ပြန်ပေါ်ချင်မှ ပေါ်မယ်။
လောကကြီးက
အပေါစား အချစ်ဝတ္ထုတစ်ပုဒ် မဟုတ်ဘူး။
အချစ်တွေပေးပေမယ့်
အချစ်တွေ ပြန်ရချင်မှ ရလိမ့်မယ်။
လောကကြီးက
အရက်တစ်ခွက် မဟုတ်ဘူး
မော့သောက်လိုက်ပေမယ့်
မူးချင်မှ မူးလိမ့်မယ်။
လောကကြီးက
ဂစ်တာတစ်လက် မဟုတ်ဘူး
တီးခတ်လိုက်တိုင်း
သံစဉ်ချိုချိုတွေ ထွက်ချင်မှ ထွက်လိမ့်မယ်။
လောကကြီးက
ဘောလုံးပွဲတစ်ပွဲတော့ မဟုတ်ဘူး။
ဂိုးသွင်းလိုက်ပေမယ့်
အနိုင်ရချင်မှ ရလိမ့်မယ်။
လောကကြီးက
မာဆတ်ခန်းတော့ မဟုတ်ပါဘူး။
အနှိပ်ခံပေမယ့်
အညောင်းပြေချင်မှ ပြေလိမ့်မယ်။
လောကကြီးက
ကင်မရာ တစ်လုံး မဟုတ်ဘူး။
ခလုပ်နှိတ်လိုက်တိုင်း
ရှုခင်းပုံလှလှလေးတွေ ထွက်ချင်မှထွက်လိမ့်မယ်။
လောကကြီးက
အင်း လောကကြီးက
လောကကြီးပါပဲဗျာ။ 😀 😀 😀

(ဘာမှတော့မဟုတ်ပါဘူး။
ပေါက်ဖေါ်ကြီးဆီရောက်တုန်း
ပျင်းပျင်း ရှိတာနဲ့
စိတ်ထဲပေါ်လာတာလေး
ချရေးလိုက်တာပါ။)

37 comments

  • ကိုရင်စည်သူ

    January 27, 2012 at 2:46 pm

    ခုတလော.. သများ သများ.. ဖြစ်နေတဲ့ စိတ်ပေါက်ပေါက်ဆီ…
    ကိုဘလက်ချော.. ရောက်နေတယ်ဆိုရင်တော့.. တခုခုတော့ တစ်ခုခု ကြံနေကြလေပီ… 😛 😛
    တံခါးမှူးကြီးနဲ့ တံခါးမှူးလေးပေါင်းပြီး လောကကြီးက လောကကြီးပဲဆိုရင်တော့…
    ဂေဇက်က အတု အတုတွေကို ဖော်ထုတ်ချင်လို့များလား… 🙄 🙄

  • စိန်ပေါက်ပေါက်

    January 27, 2012 at 2:46 pm

    လောကဂျီးက
    ပရင်တာတစ်ခုတော့မဟုတ်ပါဘူး..
    မူရင်းကောင်းပေမဲ့..ရုပ်ထွက်ကောင်းချင်မှကောင်းဒါ
    လောကဂျီးက
    ကေတီဗွီခန်းတော့ မဟုတ်ပါဘူး..
    အသံကောင်းပေမဲ့ အထွက်ကောင်းချင်မှကောင်းတာ..
    ညှင်း.ညှင်း..

  • ဖားသက်ပြင်း

    January 27, 2012 at 2:52 pm

    လောကကြီးက
    စီးကရက် တလိပ်တော့မဟုတ်ဘူး…
    မီးခိုးထွက်ပေမယ့် နီကိုတင်း ပါချင်မှပါတာ…

    လောကကြီးက မိန်းကလေးတယောက်တော့မဟုတ်ဘူး…
    ချစ်ခွင့်ပန်ပေမယ့် အဖြေပေးချင်မှပေးတတ်တာ…

    လောကကြီးက တစ်ရှူးစက္ကူတော့ မဟုတ်ဘူး..
    ခနခနသုံးနေပေမယ့် ကုန်ချင်မှ ကုန်တာ…..

    အားဖြေ့သွားပါကြောင်း…
    ခင်တဲ့
    ဖားသက်

  • thit min

    January 27, 2012 at 3:48 pm

    ~~~~~~~~~~~~(စိတ်ဆစ်ရုပ်)~~~~~~~~~~~~
    လောကကြီးက ဒို့အတွက်လောဘကြီး ခဲ့တာ မွေးကတည်း ကပေါ့
    နို့ဝပေမဲ့လဲ အမေ့အနားကမသွားနဲ့တဲ့။
    လောကကြီးက ဒို့တွေအတွက် မောဟကြီးစရာက အရွယ်ရောက်စမှာပေါ့
    ထွေးပွေ့ထားပါလျှက် ချစ်သူနဲ့သာဝေးရရင်တဲ့။
    လောကကြီးက ဒို့အတွက် ဒေါသကြီး အတ္တတွေဖုံး ဘဝ တလျှောက်လုံးပါဘဲ။
    ငါ့အတွက်၊ ငါမှငါ၊ ငါ့ဘာမှတ်သလဲ? တဲ့ ။
    အခုတော့သိပြီ………
    လောကကြီးမှာနေတုန်း လောကကြီးက သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ
    “နင်ကြာ ကြာ” လေ့လာခဲ့ရလေလေ ….
    ဪ ……”နာကျင်ကျင်” ဝေဒနာတွေနဲ့ နောင်တရ။
    နာကျင်လို့ပဲ့ကျသမျှက “ရုပ်လှ”သွားစေတယ် ဆိုတော့ လေ…

    ကျောက်ကိုထုဆစ်လို့ လှသွားတဲ့ ရုပ်က ကျောက်ဆစ်ရုပ်။
    ဒို့ကိုလောကကြီးက ထုဆစ်ပေးလို့ စိတ်တွေလှသွားခဲ့ရင် အဲဒါ
    လောကကြီးဆိုတဲ့ ထုဆစ်သူ ပန်းပုဆရာကြီး ရဲ့လက်ရာ “စိတ်ဆစ်ရုပ်”

    (^^) သစ်မင်း
    —————————————————————-

  • Moe Z

    January 27, 2012 at 4:14 pm

    မန့်မယ်ဆိုပြီးဝင်လိုက်တာ တချို့ကွန်မန့်တွေ ပို့စ်ထဲရောက်သွားတာမြင်လို့ မမန့်တော့ပဲ ပြန်ထွက်သွားပါသည် ….
    သဂျီးရေ ၆ကျပ်ပေးပါ 😛

  • ba gyi

    January 27, 2012 at 4:31 pm

    အဲ လောကဆိုတာ
    ရသလိုယူကြပြီး
    ယူတတ်သလောက်ပဲ ရကြတာပေါ့။
    ကြာလာတော့လည်း
    လတွေကောသွားပြီး —- အဲဒါ လေ၊ လကောတော့- လောကတဲ့ဗျား။

  • လောကကြီးက
    ပန်းတစ်ပွင့်တော့မဟုတ်ဘူး

    မွှေးပျံ့မယ်လို့ထင်ပေမယ့်
    အနံ့ရှိချင်မှရှိလိမ့်မယ် …

    မမွှေးလောက်ဘူးထင်ပေမယ့်
    နွမ်းသွားတဲ့အထိ ရနံ့သင်းနေလိမ့်မယ် …

    တန်းဖိုးကြီးတိုင်း
    ကြာကြာ ခံတာ မဟုတ်ဘူး ….

    ဆူးရှိတိုင်းလည်း
    ခူးရတာ ခက်မယ်မထင်နဲ့ …..

    ဝင်ရောက် အားပေးရင်းနဲ့
    လေးစားစွာဖြင့်
    ကဗျာဆရာ မင်းကောင်

  • aye.kk

    January 27, 2012 at 6:59 pm

    ခဏသာအလယ်လာတဲ့ဧည့်သည်များ….
    လောကကြီးကနေအမြတ်ထွက်အောင်မယူတတ်ရင်တော့မှားသတဲ့ဗျား……။

  • aye.kk

    January 27, 2012 at 7:06 pm

    လောကကြီးကလောကကြီးပါပဲ…….
    ပြောပြလို့မရနိုင်တာတွေလဲအများကြီးပါပဲ…(လောကကြီးအတွက်ကအခက်ခဲဆုံးပါပဲ)
    တထောင့်တညပြောပြရင်တောင်ကုန်မှာမဟုတ်ဘူးပဲ..။(ပြောမယုံကြုံဘူးမှသိကြမှာအမှန်ပါပဲ)

  • kotun winlatt

    January 27, 2012 at 7:19 pm

    လောကကြီးဟာ…
    ဒေါသတွေ ကြီးတတ်တာမဟုတ်ဘူးးး
    လောကကြီးဟာ…
    အတ္တတွေကြီးတတ်တာမဟုတ်ဘူးးး
    လောကကြီးဟာ
    မာန်မာနတွေကြီးတတ်တာမဟုတ်ဘူးးး
    လောကကြီးဟာ….
    လောက်ကြီးးဟာ..
    ……………..မဟုတ်ဘူးးး
    လောကကြီးးဟာ..လောကကြီးပါပဲလေ…။

  • windtalker

    January 27, 2012 at 7:38 pm

    ကျုပ်ကတော့ အက်ဆစ် သီချင်း ကိုသာ ဆိုပြချင်တော့တာပါဘဲ
    စပယ်ရှယ် ခရစ်ဒစ် တူ အက်ဆစ်
    “ ငါပြောမယ် စိတ်မညစ်နဲ ့အခုထက ၊ စိတ်မညစ် နဲ ့အခုထက ”
    ကိုဘလက် ပုံစံ နဲ ့ထကရင် တော်တော် လှမှာပါခင်ဗျာ ။

    • စိန်ပေါက်ပေါက်

      January 27, 2012 at 7:49 pm

      ကခိုင်းတိုင်းကရအောင် လူဂို ရုပ်သေးများမှတ်နေလားဂျ
      ကဘူးဂျာ

      မကျေနပ်ရင် သဂျီးတူမနဲ ့ပေးစားလိုက်
      ဒါဗျဲ

  • padonmar

    January 27, 2012 at 7:49 pm

    ဒို့ကတော့ လောကကြီးကို စိတ်နာတယ်၊
    ကလောမှာပဲနေတော့မယ်။

  • htet way

    January 27, 2012 at 8:04 pm

    အဲ့ဒါ အင်မတန်ကောင်းတဲ့ မော်ဒန်ကဗျာပဲ
    လောကကြီးက
    ဘောလုံးပွဲတစ်ပွဲတော့ မဟုတ်ဘူး။
    ဂိုးသွင်းလိုက်ပေမယ့်
    အနိုင်ရချင်မှ ရလိမ့်မယ်။
    ကျွန်တော် ဂိုးတွေ သွင်းခဲ့ပါတယ်
    တိုင်ထိဘောတွေ ဘေးထွက်ဘောတွေပါပဲ ကိုဘလက်ချောရယ်။

  • nature

    January 27, 2012 at 9:33 pm

    လောကကြီးကနေတတ်ရင်ကြေနပ်စရာပါ။

  • MaMa

    January 27, 2012 at 9:51 pm

    ကိုချောရေ-
    လောကကြီးရဲ့ မျက်လှည့်ပြပုံတွေကို ဥပမာ ဥပမေယျတွေနဲ့ ခိုင်းနှိုင်းပြလိုက်တာ ဘာကိုဆိုလိုသလဲ သိနေသလိုပဲနော်။
    ရုပ်လှပေမယ့် ဓာတ်ပုံမလှဘူး (မောင်ဂီတို့လို ဒါ့ပုံဆြာနဲ့တွေ့ရင်) ဖြစ်တတ်တာမို့ …….. 😀
    အဲဒါဟာ လောကဓံ လို့ မှတ်ယူပြီး ဇွဲနဲ့ တွန်းလှန်စေလိုပါတယ်။

  • pooch

    January 28, 2012 at 12:43 am

    ကိုဘလက်ရဲ့ လောကကြီးကိုဝင်ရောက်အားပေးသွားပါတယ်။
    လောလောဆယ် လောကကြီးက ကျမအတွက်တော့ နေသာထိုင်သာ ရှိနေပါတယ်။ တခါတခါမှာတော့ အလွန်စိတ်ကုန်သွားတတ်ပါတယ်။

  • yaungchikha

    January 28, 2012 at 1:59 pm

    ဘဝတိုက်ပွဲတွေကို ဆင်နွဲနေရတဲ့ လောက………..
    အရောင်စုံတဲ့ ဘဝများစွာကို မွေးထုတ်ပေးနေတဲ့ လောက……….
    အော်……….. အသင်လောက…….. အသင်လောက……….

  • blackchaw

    January 28, 2012 at 2:32 pm

    ကိုရင်စည်သူ – စိန်ပေါက်ပေါက် ဆီမှာ သင်ယူစရာတွေ အများကြီး ရှိနေလို့ ပါ ညီလေးရေ။
    လူကတော့ စိန်ပေါက်ပေါက် ပညာက ပတ္တမြား ငမောက်ကြီးပါဗျာ။

    ပေါက်ဖေါ် – ကေတီဗီကို ထည့်ရေးနေသေးတယ်။
    ဘယ်လိုမှ စဉ်းစားလို့ မရတာနဲ့ ထားခဲ့လိုက်တာ။ မိုက်တယ်။

    ဖားသက်ပြင်း – လောကကြီးအတွက် အားဖြည့်ပေးသွားတာ ကျေးဇူးပါ ဂီဂီရေ။

    ကိုသစ်မင်း – ကိုသစ်ရေ။ စိတ်ဆစ်ရုပ်တဲ့လား။ လှတယ်ဗျာ။

    မိုးစက် – အဲဒီလို ပြန်ထွက်ပြေးလို့ မရဘူးဗျ။ စာတွေ အပြင်ပြန်ထုတ်လိုက်ပါပြီ။ ပြန်လာပြီး မန့်ပါဗျာ။

    • Moe Z

      January 29, 2012 at 11:22 am

      နောက်တာပါ ဘဘဘလက်ရယ် တကယ်တော့ သဘာဝလောကကြီးက သူ့ဘာသာဖြစ်တည်နေတာ မိုးစက်တို့က ခဏလာတဲ့ဧည့်သည်ပါ
      ရှေ့ကလူတွေ ညစ်ပတ်ပြီး အမှိုက်တွေဖွသွား စည်းမဲ့ကမ်းမဲ့လုပ်သွားရင် နောက်လူတွေဒုက္ခများပါတယ်
      အခုလိုအပင်ပမ်းခံပြီး သန့်ရှင်းရေးလုပ်စရာမလိုအောင်
      နေရတဲ့ခဏမှာ နောင်တမရအောင်ကြိုးစားနေပါတယ်
      (မတူတဲ့အမြင်ပေါ့) 🙂

  • blackchaw

    January 28, 2012 at 2:37 pm

    ဘကြီးရေ – လတွေကောပြီး လောတွေကသွားတာလေးအတွက် ကျေးဇူးပါဗျာ။

    ကိုကင်း – ကိုကင်းရေ ကဗျာဆရာ မင်းကောင်ရေးတဲ့ ကဗျာလေးအတွက် ကျေးဇူးပါ။

    aye.kk – ကွန်းမန့်လေးချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။

    kotun winlatt – ခင်ဗျားရေးတာလေးတွေ ကျွန်တော်အကြိုက်တွေ့နေတဲ့ အချိန်မှာ
    ဒီကွန်းမန့်လေးချီးမြှင့်ပေးလိုက်တော့ ဂုဏ်ယူပါတယ်ဗျာ။

    windtalker – ကိုပေရေ။ အကဆိုတာ ကတတ်ရင် ဘော်ဒီစကားမပြောပါဘူးဗျာ။ ကြုံရင်
    နိုက်ကလပ်မှာ ဘလက်ရဲ့ ဒန့်စ်လေး အမြည်းပေးပါဦးမယ်ဗျာ။

  • blackchaw

    January 28, 2012 at 2:47 pm

    မပဒုမ္မာ ရေ – ကျွန်တော် ခင်ဗျား နာမည်ကိုမြင်တိုင်း အားနာနေတာ ဘာကြောင့်လဲဆိုတာ
    ကြုံရင်ပြောပြပါ့မယ်ဗျာ။ ပြောပြတဲ့အခါ ကြုံကြတာပေါ့။

    ထက်ဝေး – ကိုထက်ဝေးရေ။ ခင်ဗျားအားပေးတာလေးက ကျွန်တော့်အတွက် တော်တော်
    အားရှိစေပါတယ်ဗျာ။

    ကိုနေဝန်းနီရေ – ကျွန်တော့်ပို့စ်တွေမှာ ကွန်းမန့်မပေးတာ ကြာပြီဗျာ။ ဒီကွန်းမန့်လေးအတွက်လည်း
    အထူးကျေးဇူးတင်ပါတယ်ဗျာ။

    nature – ကောင်းလိုက်တဲ့ စကားလေးဗျာ။
    အဲလိုနေတတ်ဖို့ ကျွန်တော် သင်ယူနေပါတယ်ဗျာ။ကျေးဇူးပါ။

    MaMa – မမရေ။ ခင်ဗျားကွန်းမန့်ကြောင့် ကျွန်တော် အားတွေတော်တော်ရှိသွားတယ်ဗျ။
    လူတစ်ယောက်ရဲ့ ကွန်းမန့်လေးတစ်ခုက ဒီလောက် ထိရောက်တယ်ဆိုတာ
    ဒီကွန်းမန့်လေးကသက်သေပါဗျာ။

    pooch – မယ်ပုချ်ရေ။ လောကကြီးနဲ့ ပတ်သက်ပြီး ကျွန်တော် မှတ်မိနေတဲ့ စကားလေးတစ်ခုရှိတယ်။
    မွန်းတည့်ချိန်တွင် နေဝင်သည် ဆိုတဲ့ ဇာတ်ကားမှာ ချိုပြုံးကြီးပြောခဲ့တာလေ။
    ရိုင်းသွားရင်ခွင့်လွှတ်နော်။
    ” လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ
    လောကကြီးက ဘာမှ မဖြစ်ပဲ ကျွန်မသာ လမ်းဘေးရောက်သွားတယ် ”
    ဆိုတာလေး။ အရွဲ့တိုက်လို့ မရဘူးဗျနော။

    yaungchikha – ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။

  • လောကကြီးကလည်း လောကကြီးအလျောက်
    ဒေါသကြီးသူကလည်း သူ့ဒေါသအလျောက်
    သောကကြီးသူကလည်း သူ့သောကအလျောက်
    ဂလောက် … ဂလောက် …
    ရေခဲတုံး ဖန်ခွက်ထဲ ကျသွားတော့
    ဟိုအရည်ထည့်ပြီး
    တစ်ကျိုက်လောက် မော့ချလိုက်တယ် ..
    အော် … ငါလည်း ငါ့အလျောက် ပါပဲလား …………

  • blackchaw

    January 28, 2012 at 5:52 pm

    ကိုအံဇာတုန်းရေ။
    လောကကြီးက
    ရေခဲစိမ်ထားတဲ့ အရက်တစ်ခွက် မဟုတ်ပါဘူးဗျာ။
    မော့သောက်လိုက်တိုင်း မူးချင်မှ မူးတတ်တာမျိုးပါ။
    ထောပတ်ခဲလေးတွေ မျိုထားလို့ ဖြစ်မယ်ဗျ။ 😀

  • weiwei

    January 28, 2012 at 7:49 pm

    လောကကြီးက
    ရွက်လှေတစ်စင်းမဟုတ်ဘူး
    အရှေ့ကိုဦးတည်လိုက်ပေမယ့်
    အနောက်ကိုပြန်ရောက်ချင်ရောက်လိမ့်မယ် …

  • Harumoto

    January 28, 2012 at 8:05 pm

    လောကကြီး သူ့ဖါသာနေပါစေ..
    လူတွေကြောင့်ဖြစ်ရတဲ့ လောကကြီး..
    လူတွေကြောင့် ပျက်ရတော့မဲ့ လောကကြီး..
    အဲဒီထဲမှာ..ကျွန်တော့် ပယောဂ တကယ် မပါ ပါဘူးဗျာ…

  • “လောကကြီးအတွက်တုန့်ပြန်ချက်”
    လောက ဆိုတာ တကယ်တော့ လာကောတာပါဘဲ။
    လာကောတဲ့လောကရေ
    လာကောတော့လဲခံလိုက်ရုံပါဘဲ။
    လာပြောတော့လဲ နားထောင်လိုက်ရုံပါဘဲ။
    ထီးဆိုင်ဆိုသလို ပြန်ဆိုပြလိုက်ပါမယ်။
    ဒီထက်ပိုပြီး မတတ်န်ုိင်ဘူး ………………မတတ်နိုင်ဘူး…………

  • Khin Latt

    January 28, 2012 at 11:34 pm

    ကိုဘလက်ရေ – ကြုံတုန်း ရေးလိုက်တဲ့ ကဗျာ မို့သာဘဲ။
    အဲဒီလို အရသာရှိလှတဲ့ ကဗျာတွေ ဖတ်တိုင်း ကျွန်မ လဲ ကဗျာရေးချင်စိတ် အတော်ဖြစ်မိပါတယ်။
    ဒါပေသည့် – ဘယ်လိုစရမယ်မှန်း ကိုမသိတာ ပါဘဲ။
    ဒီလို ကဗျာ လေးတွေ မကြာမကြာ စားချင်ပါရဲ့။
    တကယ်တော့ လောကကြီး ကမြဲမမြဲ မသိဘူး။
    လောကကြီး ထဲ က အရာတွေ ကတော့ မ မြဲခြင်း မှာဘဲ ရှိပါကြောင်း။

    ခင်မင်လေးစားစွာဖြင့်
    အစ်မ မလတ် 😉

  • ကြောင်ကြီး

    January 29, 2012 at 10:49 am

    လောကဂျီး
    ဘောမပြီး
    ပြောကကြီး
    သောမထီး
    မောလှသတည်း..။

  • kokothandar

    January 30, 2012 at 10:55 am

    လောကကြီးမှာ ထင်တိုင်းမပေါက်လို့ သဘာဝဟာ ထင်ထားတိုင်း မဖြစ်လာဘူးလို့ ဆိုလိုက်တာကိုး
    အရက်တစ်ခွက်မဟုတ်ဘူး မော့သောက်လိုက် ပေမဲ့ မူးချင်မှ မူးလိမ့်မယ်ဆိုတာက ရေရောတာ များသွားလို့
    ဒါမှမဟုတ်ခွက်သေးနေလို့ ။ချက်စကီးအရက်ဖြစ် နေလို့ဆိုတာတွေဖြစ်မှာပါ ။အရက်စစ်ချည်း တပုလင်းလုံး ကုန်အောင် မော့သောက်ပြီ ပို့စ်တစ်ခုလောက် ထပ်တင်ပါအုံးလား

  • blackchaw

    January 30, 2012 at 12:13 pm

    kokothandar – ကွန်းမန့်လေးအတွက်ကျေးဇူးပါ။ ကျွန်တော်ရေးထားတာက ရေရောတာတွေ ချက်စကီးတွေကို ထည့်စဉ်းစားစရာမလိုတော့ပါဘူးခင်ဗျ။ လောကကြီးက အရက်တစ်ခွက်မဟုတ်ဘူး လို့ အတိအလင်း ပြောထားတာဖြစ်တဲ့အတွက် လောကကြီးက ရေတစ်ခွက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သောက်လိုက်တိုင်းမူးချင်မှ မူးမယ်လို့ ဆိုလိုတာပါဗျာ။

    Khin Latt – အမရေ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါ။ ကိုငှက် ကိုယ်တိုင်ရေးဆိုသွားတဲ့ သီချင်းတစ်ပုဒ်ရဲ့စာသားလေးလိုပေါ့နော်။
    မင်းမရှိ၊ ငါမရှိ၊ အားလုံးဘယ်သူမှမရှိ
    အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိ
    ဆိုတဲ့ သီချင်းလေးပါ။ အမ နားထောင်ချင်ရင် အဲဒီသီချင်းလေး တင်ပေးပါဦးမယ်။

    ကိုပေါက် – ကိုပေါက်ရေ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါ။ ဒီကဗျာလေးထဲမှာ လောကကြီး ဆီက တောင်းဆိုထားတာ တစ်ခုမှ မပါပါဘူးခင်ဗျာ။

    weiwei – ကဗျာဆန်တဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

    Harumoto – ကျွန်တော်ရေးထားတဲ့အထဲမှာ လောကကြီးကို အပြစ်တင်ထားတာ တစ်ခုမှ မပါပါဘူးဗျာ။ လောကကြီးလို့ ဆိုလိုက်တိုင်း လူတွေက စိတ်ပျက်လက်ပျက်ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ရဲ့ ညည်းချင်းလို့ ထင်တတ်ကြတာကိုတော့ နည်းနည်း အံ့ဩမိပါတယ်။ ကျွန်တော့်ကဗျာထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ အရိပ်အငွေ့တွေ မပါပါဘူးဗျ။ ဒသနလေးတစ်ခုကို ချပြကြည့်တာပါ။

    ကြောင်ကြီး – ကဗျာလေးအတွက် ကျေးဇူးပါဗျာ။

  • blackchaw

    January 30, 2012 at 12:21 pm

    ကျွန်တော်က ဒီကဗျာလေးကို အားလုံးဝိုင်းရေးကြမယ့် ကဗျာလေးတစ်ပုဒ်အဖြစ်
    အစပြုပေးလိုက်တာပါ။ ဖတ်ပြီး ကွန်းမန့်လေးတွေနဲ့ ကဗျာလေးတွေ ဆက်ရေးကြမယ်ပေါ့။
    အဲဒီကွန်းမန့်လေးတွေကို ကဗျာထဲမှာ ထည့်ပြီး ကဗျာရှည်ကြီးတစ်ပုဒ်လုပ်မယ်ပေါ့။
    ကျွန်တော့်အကြံကို ပြောတာပါ။
    ပစ်မှတ်ကို မထိသော ကျွန်တော့် ရဲ့ ပစ်ချက်တစ်ခုပါ။

  • TTNU

    January 30, 2012 at 1:59 pm

    ကိုချောရေ…
    လောကကြီး ကို ကီးအမြင့်ကြီးနဲ့ ပထမဆုံးတိုင်တည်လိုက်သူက
    ဖာတစ်လုံးခေါင်းကြားဖြစ်ပါတယ်။ ” ဟယ်!! အသင် လောက” … တဲ့။

    ဒုတိယ လူကတော့ တီချာတို့ တက္ကသိုလ်တက်စဉ် ကာလများတုန်းက
    နိုင်ငံရေးသိပ္ပံဆရာ ပါ။ ” လောကသုံးပါးရှိတယ်ဗျ။ သတ္တလောက၊သင်္ခါရလောက၊
    ဩကာသလောက …. ”

    တတိယလူကတော့ တီချာပါ။ “ကိုချောရေ…ဆရာအို၏ ဘဝနေဝင်ချိန်သင်တန်း
    စာအုပ်ကို ကိုးကားပါတယ်။ လူ့လောကကြီးထဲ မှာ လူတွေဟာ သေခြင်းတရား
    ကိုကူးစက်ရောဂါတစ်ခုလို ကြောက်ကြတယ်တဲ့၊ ဇာတ်ကောင်ဖြစ်သူမော်ရီကပြောပါတယ်၊
    သေခြင်းတရားက မကူးစက်တတ်ပါဘူး၊ သူကလည်း ဘဝတစ်ခုနဲ့ အတူတူပါပဲတဲ့။
    သဘာဝတရားပါပဲတဲ့။ ”
    ” ဒါကြောင့် ကိုချောရေ… လောကကြီးထဲကို တီချာတို့ ရောက်လာကတည်းက
    ပြန်သွားပါမယ်လို့ စာချုပ်ထားတဲ့ ကိစ္စတစ်ခု မဟုတ်ပါလားကွယ်”

  • etone

    January 30, 2012 at 2:20 pm

    လောကကြီးက
    ပဒေသာပင်တစ်ခုမဟုတ်သလို
    လိုတိုင်းတရနေနိုင်မှာ မဟုတ်ဘူး ။

    လောကကြီးက
    အဝတ်တစ်ခုမဟုတ်သလို
    ညစ်ထေးမှုတွေ ပြန်လျှော်နိုင်မှာ မဟုတ်ဘူး ။

    လောကကြီးက
    နတ်ဒေဝါ မဟုတ်သလို
    အလုံးစုံအကောင်းဆုံး ဖန်တီးပေးနိုင်မှာမဟုတ်ဘူး … ။ 😛

  • blackchaw

    January 30, 2012 at 2:39 pm

    TTNU – တီချာကြီးရေ။ စာအုပ်ကလေးကို ကြိုက်တယ်ပြောလို့ ဝမ်းသာပါတယ်။
    အပျော်သဘောပြောရရင် အိမ်ငှားတွေလိုပါပဲ။ စာချုပ်စေ့ရင် အိမ်ပြန်အပ်ရမှာပါ။
    နည်းနည်း ကီးမြှင့်ပြီး ပြောရရင် ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကလည်း ပြန်အပ်ရမယ့်
    အိမ်တစ်လုံးလိုပါပဲ တီချာကြီးရေ။

    Etone – အဲဒီလိုရေးတာလေးတွေလိုချင်တာဗျ။
    နောက်ကဗျာလေးရေးဖြစ်ရင် ကဗျာကွန်းမန့်လေး ဝင်ရေးပေးဦးနော့။ ကျေးဇူး။

Leave a Reply