ပြည်တွင်းဝက်ဘ်ဆိုက်များ စီးပွားဖြစ်ရပ်တည်နိုင်သည့်အနေအထားသို့ မရောက်ရှိသေး

klnJune 2, 20101min460

မြန်မာနိုင်ငံတွင် အင်တာနက်ကို စတင်သုံးစွဲခွင့် ရရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း အွန်လိုင်းဝက်ဘ်ဆိုက်များမှာ စီးပွားဖြစ်ရပ်တည်နိုင်သည့် အနေအထားသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း ဝက်ဘ်ဆိုက်လွှင့်တင်သည့် ကုမ္ပဏီအချို့မှ တာဝန်ရှိသူများက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြောကြားသည်။ ဖျော်ဖြေရေး၊ သတင်းအချက်အလက်နှင့် အခြားရည်ရွယ်ချက်များဖြင့် လွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်များသည် ဝင်ငွေရှာဖွေရာတွင် အဓိကအားဖြင့် ကြော်ငြာမှ ရရှိငွေကိုသာ မှီတည်လေ့ရှိကြပြီး သုံးစွဲသူများဘက်မှ အခကြေးငွေကောက်ခံခြင်းမှာ နည်းပါးကြောင်း၊ သို့ရာတွင် ပြည်တွင်းရှိ ကြော်ငြာရှင်များမှာ အွန်လိုင်းကြော်ငြာထက် သမားရိုးကျကြော်ငြာပုံစံများကိုသာ ပိုမိုအားထားကြသည့်အတွက်ကြောင့် အွန်လိုင်းဝက်ဘ်ဆိုက်များ အနေဖြင့် ကြော်ငြာဝင်ငွေဖြင့် ရပ်တည်နိုင်သည့် အနေအထားတွင် မရှိသေးကြောင်း သိရသည်။ ဝက်ဘ်ဆိုက်များအနေဖြင့် ကြာရှည်တည်တံ့ပြီး အောင်မြင်မှုရရှိစေရန်အတွက် သတင်းများကို အချိန်နှင့် တစ်ပြေးညီတင်ပေးနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သုံးစွဲသူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း http://www.soccer myanmar.com ကို လွှင့်တင်ထားသည့် Ideal Technology မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ ထို့ပြင် ဝက်ဘ်ဆိုက်တွင် ပါဝင်သည့် သတင်းအကြောင်းအရာများ၏ အရည်အသွေးမှာလည်း ကောင်းမွန်ပြီး တိကျသေချာရန် လိုအပ်ကြောင်း၊ သို့မှသာ လူစိတ်ဝင်စားမှု ပိုရရှိနိုင်ပြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောကြားကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၃ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။