အသေးစားနှင့် အလတ်စားလုပ်ငန်းအချို့အတွက် ဈေးကွက်အေးနေ

klnJune 2, 20101min471

လတ်တလောဈေးကွက်အနေအထားနှင့် ငွေကြေးလည်ပတ်ပုံအရ အသေးစားနှင့် အလတ်စားလုပ်ငန်းအချို့အတွက် ဈေးကွက်အေးနေ
လတ်တလောဈေးကွက်အနေအထားနှင့် ငွေကြေးလည်ပတ်ပုံအရ အသေးစားနှင့် အလတ်စားလုပ်ငန်းအချို့အတွက် ဈေးကွက်အေးနေပြီးလည်ပတ်နိုင်ရုံ အခြေအနေသာရှိကြောင်း အဆိုပါအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပါသည်။ “လုပ်ငန်းက လည်နိုင်ရုံပဲ ရှိတယ်။ တချို့ကုန်ပစ္စည်းတွေ ဈေးကောင်းနေပေမယ့် အရောင်းအဝယ်မလုပ်နိုင်တာလည်း ရှိတယ်။ အခြေခံမသုံးမဖြစ် ကုန်ပစ္စည်းတွေလည်း အရောင်းအဝယ်မသွက်ဘူး။ တကယ်လိုအပ်သလောက်ကိုပဲ လိုအပ်မှ အသုံးပြုခါနီးလောက်မှ ဝယ်ကြတဲ့ သဘောပါ။ ငွေကြေးလည်ပတ်တဲ့ အနေအထားက ကျွန်တော်တို့ဘက်က အကြွေးနဲ့ဖြန့်ပေးမှ ဝယ်သူဘက်က အဆင်ပြေတဲ့ အခြေအနေရှိပါတယ်။ လောလောဆယ် လည်ပတ်နိုင်ရုံဖြစ်နေတာကြောင့် အရင်းအနှီးထပ်ထည့်ဖို့၊ လုပ်ငန်းတိုးချဲ့ဖို့လုပ်ဦးမှာ မဟုတ်ဘူး” ဟု ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောကြားခဲ့ပါသည်။ “လက်ရှိစီးပွားရေး အခြေအနေက အေးနေတယ်။ ဝိုင်းပြီးစောင့်ကြည့်နေကြတယ်လို့ ယူဆပါတယ်။ စီးပွားရေးလုပ်ငန်းတွေက သူ့အတိုင်းအတာနဲ့သူ လည်ပတ်နိုင်ဖို့၊ အကျိုးအမြတ်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်ဈေးကွက်နဲ့ ငွေကြေးလည်ပတ်ပုံကို ကြည့်ရင်သိနိုင်ပါတယ်။ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် ဈေးကွက်အေးနေပေမယ့် လုပ်ငန်းမျိုးစုံ လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက လှည့်ပြီးမျိုးစုံလုပ်သွားနိုင်တဲ့အတွက် ဈေးကွက်အေးလည်း သူတို့အတွက် အခက်မတွေ့ဘူး။ အရင်းအနှီးတောင့်တင်းတဲ့ လုပ်ငန်းကြီးတွေဖြစ်တဲ့အတွက် အခွင့်အရေးပေးရင်ပေးသလို ပိုအင်အားကြီးလာမယ့် အနေအထားပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုတွေကို ထိန်းညှိပေးနိုင်တဲ့လူလတ်တန်းစား ပေါ်ထွန်းဖို့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေက ပိုအရေးကြီင်္းတယ်” ဟု စီးပွားရေးစီမံခန့်ခွဲမှုပါမောက္ခ(ငြိမ်း) ဒေါ်လှမြင့်က ထင်မြင်ချက်ပေးခဲ့ပါသည်။ “အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေပိုတိုးတက်လာဖို့အတွက် စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေချဲ့ထွင်ပေးဖို့၊ ပံ့ပိုးပေးဖို့လိုတယ်။ ဒီလိုလုပ်လိုက်ရင် တစ်ဖက်မှာလည်း အလုပ်အကိုင်တွေဖြစ်ထွန်းလာမယ်။ စိုက်ပျိုးထုတ်လုပ်သူကနေ ရောင်းချသူအထိ ငွေကြေးပိုလည်ပတ်လာမယ်။ အခုဖြစ်နေတာက လူအများစုလက်ထဲမှာ ငွေမရှိဘူး၊ ရှိတဲ့လူက အနည်းစုပဲရှိတယ်။ ဈေးကွက်ကအေးနေတော့ ရှိတဲ့လူတချို့ကဝင်ပြီး မရင်းနှီးချင်တာရှိနိုင်တယ်။ ဈေးကွက်နဲ့ စီးပွားရေးအနေအထားကို စောင့်ကြည့်တဲ့လူများတာ၊ ရင်းနှီးဖို့လက်တွန့်သူများတာ၊ လူတချို့၊ လုပ်ငန်းတချို့ပဲ စီးပွားရေးကောင်းနေတာတို့က စီးပွားရေးပတ်ဝန်းကျင်အတွက် ပုံမှန်မဟုတ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုမယ်” ဟု စီးပွားရေးပါမောက္ခတစ်ဦးကသုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • လင်းဝေကျော်

    June 2, 2010 at 8:56 am

    တကယ်တမ်းကတော့ မြန်မာပြည်မှာ မလိုအပ်ပဲ ကုန်ထုတ်လုပ်စားရိတ်တွေ ကြီးမြင့်နေတာရယ်၊ ( မီး၊ သယ်ပို့စားရိတ် စသည်တို့………. )
    ငွေလဲလှယ်နှုန်းက မဖြစ်သင့်တဲ့ နှုန်းနဲ့ မြန်မာကျပ်ငွေက ခိုင်မာနေတာ ရယ်တွေ က
    ပြည်တွင်း လူသုံးကုန် နဲ့ စားသောက်ကုန် လုပ်ငန်းတွေကို ရေရှည်မှာ တအိအိနဲ့ ထိခိုက်လာနေတာပါ။
    အဲဒီအပြင်မှာ ဈေးကွက် ကို ကြောက်လို့ ပြန်ပြီးတက်နေတဲ့ ( ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်သလိုမျိုး ) အထွေထွေ ကုန်ဈေးနှုန်း က
    အပေါ်က ၂ ချက် ကို ထပ်ပြီး တွန်းအားပေးပြန်တာကြောင့် အခြေအနေတွေပိုလို့ဆိုးလာပါလိမ့်မယ်။
    အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက်လည်း ဘာမူဝါဒ ဘာပံ့ပိုးမှု မှ မရှိတော့ အကာအကွယ်မဲ့ လုပ်ငန်းတွေကို အိမ်နီးချင်း
    တိုင်းပြည်တွေက အရှိန်ရပြီးသား အထောက်အပံ့ရနေတဲ့ လုပ်ငန်းများက အလဲထိုးသွားပါလိမ့်မယ်။

Leave a Reply