ချစ်ဖူးခဲ့ပါတယ်။

Rain girlJune 2, 20101min994



ငါတစ်ချိန်က ချစ်ခဲ့တဲ့နင့်ကို ငါခုထိမမေ့သေးပါဘူးဟာ၊  ထူးဆန်းတယ်နော် ငါလေ နင်က လွဲပြီး နောက်တစ်ယောက်ကို မချစ်တော့ဘူးလို့ ထင်ခဲ့တာ၊ အဲ့နေ့က အဲ့နေရာကို မသွားခဲ့ရင် ငါ ယူဆချက် မှန်နေအုန်းမှာ၊ ခုတော့ ငါ သွားခဲ့မိတယ်ဟာ၊ သူ့ကို တွေ့နေတဲ့ အချိန်ထိ ငါ့ရင်ထဲမှာ နင်သာ ငါ့ အချစ်ပါဟာ၊ တွေ့ပြီး နောက်မှာ ငါ မသိလိုက်ဘဲ သူ့ကို သံယောဇဉ်ပိုခဲ့မိတယ်၊ ငါ သူ့ကို သံယောဇဉ်ရှိသွားတာတောင် ငါ့ကိုယ်ငါ မသိခဲ့ဘူးချစ်သူရယ်၊ ငါကိုယ်ငါ သိပ်စိတ်ဆိုးတယ်ဟာ၊ နင့်ထက် တစ်ခြားတစ်ယောက်ကို ပိုချစ်မိလို့လေ၊ ငါသိပ်ချစ်တယ်လို့ ထင်ခဲ့တဲ့နင့်ကို တမင်မေ့တာလဲ မဟုတ်ဘဲနဲ့ကို မေ့သွားတာ၊ အရင်ဆို ဘယ်နားသွားသွား နင့်ကိုပဲလိုက်ရှာမိတယ်၊ နင်ရှိတတ်တဲ့ နေရာတွေကိုပဲ သွားနေမိတယ်၊ ငါသတိထားမိတဲ့နောက်မှာ အဲ့လိုတွေလဲ မသွားတော့သလို နင့်ကိုလဲ မရှာမိတော့ဘူးဟာ။ ငါသူ့ကို ချစ်လို့မဖြစ်တာ ငါကိုယ်တိုင်သိပါတယ်၊ သူ့မှာ သူသိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိတယ်၊ သူ့ကို သိပ်ချစ်တဲ့ သူမသိတဲ့ လူတစ်ယောက်ရှိတယ်။ ငါဘယ်လိုလုပ်ရမလဲဟာ၊ သူနေမကောင်းဘူးလို့ပြောတော့ သူရှိတဲ့နေရာကို လိုက်သွားချင်မိတယ်၊ သူ့အနားမှာ နေပြီးတော့ သူ့ကိုပြုစုပေးချင်တယ်၊ နင်လည်း ငါ့ကို နေမကောင်းဘူးလို့ ပြောခဲ့တာပဲလေ၊ အဲ့လောက်စိတ်မပူမိခဲ့ဘူးဟာ၊ သူက မိဘနဲ့ ဝေးဝေးမှာ နေရတဲ့လူမို့ငါ ပိုပြီး စိတ်ပူတာလားမသိဘူးလို့ ကိုယ့်စိတ်ကို ဖြေခဲ့ပါတယ်၊ သူ့ကို ငါချစ်တာမဟုတ်ဘူးလို့ထင်ခဲ့တယ် ချစ်သူရယ်၊ ခုမှ ငါသိလာတယ်ဟာ သူနဲ့လဲ မဝေးချင်ဘူးဆိုတာကိုပါ။ မှန်တာပြောရင် နင့်ဆီကိုတောင် ဖုန်းမှန်မှန် မဆက်တဲ့ငါ့ သူ့ဆီကိုတော့ မက်ဆေ့ချ်တွေ ပို့နေမိတယ်ဟာ။ သူဆီကိုလည်း ဖုန်းတွေ ဆက်နေမိတယ်၊ အွန်လိုင်းမှာ နင်မလာရင် ငါဘာမှ မဖြစ်ပေမယ့် သူနဲ့မတွေ့ရရင်တော့ ငါမနေနို်င်ဘူးဟယ်၊ ပိုဆိုးလာတဲ့ ငါ့ဝေဒနာတွေကို နင့်ကို ဖွင့်မပြောရက်ပါဘူးဟာ။ ငါလည်း နင့်ကို တစ်ကယ်ချစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ကိုလည်း ငါချစ်တာပဲဟာ။ ချစ်တာခြင်းလဲမတူဘူး၊ ငါနင့်ကိုချစ်နေတုန်းက ငါ့စိတ်ထဲမှာအေးချမ်းနေတယ်။ သိပ်လည်းစိတ်မပူတတ်ဘူး။ နင့်ကိုတွေ့ရသည်ဖြစ်စေ မတွေ့ရသည်ဖြစ်စေ ငါဘယ်လိုမှ မနေဘူး၊ နင်ရှိတတ်တဲ့နေရာတွေ သွားရင်း ငါ့စိတ်ကိုဖြေခဲ့တယ်။ မတွေ့ရလည်း နင်နဲ့ငါရဲ့ အမှတ်တရ အချို့ကို ပြန်တွေးနေလိုက်တယ်။ ငါ့စိတ်ခံစားချက်က အဲ့လိုတွေပါချစ်သူရယ်။ သူနဲ့တော့ ငါအဲ့လိုမဟုတ်ဘူးဟာ၊ သူ့ကို အချိန်ပြည့်တွေ့ချင်တယ်။ မတွေ့ရတဲ့နေ့ဆို ငါ မနေနိုင်ဘူး။ သူ့ကို ချစ်ပြီးမှ သူ့ကို လိုချင်စိတ်တွေများလာတယ်။ သူနဲ့ တစ်ချိန်လုံးစကားတွေပြောချင်တယ်။ သူ့အသံလေးကြားချင်တယ်၊ သူပြောတဲ့ ဟာသတွေနားထောင်ချင်တယ်၊ သူ့ကို ပျော်စရာကောင်းတဲ့စကားတွေပြောရင်း သူနဲ့အတူ နေချင်တယ်၊ မုန့်ဆိုင်တွေကို သွားချင်တယ်။ နေရာအနှံ့ သူနဲ့ အတူလျှောက်လည်ချင်တယ်။ သူအမြတ်တနိုးထားတတ်တဲ့ ပစ္စည်းလေးတွေကို သူနဲ့အတူ သွားဝယ်ချင်တယ်။ မှန်တာပြောရင်ဟယ် တခြားတစ်ယောက်ဆီကို ဖုန်းဆက်ဖို့ ဖုန်းနံပါတ် နှိပ်မိရင်တောင် သူ့ဖုန်းနံပါတ်ပဲ နှိပ်မိနေတယ် ချစ်သူရယ်။ ငါဒီလိုတွေ ပြောလို့ နင်ငါ့ကို စိတ်ကုန်ကောင်း ကုန်လိမ့်မယ်၊ ငါ့ကို ငါးစိမ်းမြင် ငါးကင်ပစ် တယ်လို့ပြောချင်ပြောပါချစ်သူ၊ ငါ့အနားမှာ ရှိတဲ့ နင့်ထက် ငါ့အဝေးက သူ့ကို ငါပိုတမ်းတမိတယ်။ သူနဲ့ငါ မဖြစ်နိုင်မှန်းသိရက်နဲ့ ငါသူ့ကို ချစ်မိတယ်ဟာ။ ငါ့အနားမှာ ရှိပြီး ငါ့ကိုသိပ်ချစ်တဲ့ နင့်ကို စွန့်ပစ်ခဲ့တဲ့ ငါ့ကို နင်မုန်းလိုက်ပါဟာ။ နင့်ကို စွန့်ပစ်ခဲ့လို့ ဝဋ်လည်မယ်ဆိုလည်း ငါခံရဲပါတယ်ဟာ။ သူနဲ့ ဝေးမယ့် စက္ကန့်လေးကိုတောင် ငါမခံနိုင်လို့ပါဟယ်။နင့်ကို ထားခဲ့မိလို့ ငါ့စိတ်မကောင်းပါဘူး။ ဒီအချိန်မှာတော့ ငါနင့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုတော့တာကို ငါ့ကိုခွင့်လွှတ်ပါနော်၊ ငါ့ကို မေ့လိုက်ပါဟာ။ သူငါ့ကို လက်မခံရင်တောင်မှ ငါ့နင့်အနားမှာ မနေနိုင်လို့ပါ၊  သူရဲ့ အကြည့်တစ်ချက်ကိုပဲ တစ်ကမ္ဘာထင်တဲ့ငါ့ကို နင်မေ့လိုက်ပါ။ သေချာတာက ငါနင့်ကို သူငယ်ချင်း တစ်ယောက်ထက်ကို မပိုတော့တာပဲ။

4 comments

  • bluerose

    March 19, 2012 at 3:50 pm

    ကိုယ့်ကိုမချစ်တဲ့သူကိုချစ်နေရတာထက်
    ကိုယ့်ကိုချစ်တဲ့သူကိုပြန်ချစ်နိုင်အောင်ကြိုးစားတာအကောင်းဆုံးပါပဲ
    ကိုယ့်အပေါ်မှာအနွံတာခံချစ်မယ့်သူဆိုတာ
    နောက်တခါထပ်ဆုံဖို့အတွက်
    မသေချာပါဘူး
    လက်ရှိကိုတန်ဖိုးထားပါလို့ပြောချင်ပါတယ်

  • Mon Kit

    March 19, 2012 at 4:18 pm

    အေးမြတဲ့ အချစ်ကို မေ့ပီး
    ပူလောင်တဲ့အချစ်ကို တမ်းတ မျှော်မှန်းနေရင်
    ဝဋ်ဆိုတာ လည်တတ်ပါတယ်..
    ကိုယ်က ပြန်ပေးဆပ်ရမဲ့အလှည့်ပေါ့..
    😀

  • Thu Thu

    March 19, 2012 at 5:21 pm

    တစ်ခါတစ်ရံမှာအချစ်က လူကိုကစားတတ်တယ့် အတွက်
    ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပါ။

  • ခပ် KING ကင်း

    March 19, 2012 at 6:12 pm

    အချစ်နဲ့ ဝေးရာထွက်သွားချင်တယ်ဆိုရင်
    အနော့်ဆီ လှမ်းလာခဲ့ပါ
    အေးမြတဲ့မေတ္တာတရားတွေနဲ့
    အစဉ်ငြိမ်းချမ်းဖို့တာဝန်ယူပါ၏ ….

    P.S မောင်ဂီကြောင့် နေရာတကာ ……………… 😆

Leave a Reply