ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား?

agkyawthantJune 2, 20101min791

ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား?

ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ
သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့
အတူလိုက်သွားပါတယ်။
ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။
သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။
သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။
ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။
သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁
သိန်းခွဲပါတဲ့ဗျာ။

သင်တန်းကာလကလည်း ၃ လ ခွဲတည်းရယ် ပြီးတော့ ရမယ်ဆိုရင်လည်း ဒီကပေးတဲ့
ရိုးရိုး Certificate လေးဘဲရမှာ။ သင်တန်းကတော့
နာမည်ကြီးသင်တန်းတစ်ခုပါ။တက်ရင်တော့ လည်း တက်တော့တက်သင့်ပါတယ်။
လက်မှတ်ဆိုတာက အရေးမကြီးဘူး တကယ်တတ်ဖို့လိုတာဆိုပေမယ့် ၊ ဒီနေ့ခေတ်မှာ
အလုပ်ရှာပြီဆိုရင် သက်ဆိုင်ရာ လက်မှတ်တစ်ခုခု ရှိနေမှ ရှာရတာလွယ်ပါတယ်။
အရည်အချင်းလည်း တကယ်ရှိတယ် ၊ တော်လည်း တကယ်တော်တယ်ဆိုပေမယ့် သက်မှတ်ထားတဲ့
လက်မှတ်တစ်ခုခုမှ မရှိရင် အလုပ်ရဖို့ဆိုတာ တော်တော် ခက်ခဲနေပါတယ်။
အဲဒါကြောင့်လည်း သင်တန်းတွေတက် စာမေးပွဲတွေ ဖြေလုပ်နေကြတာနေမှာပါ။
အဲဒီ့အထဲမှာ ကျနော်တို့လည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဒီနေ့ အဲလိုသင်တန်းသွားစုံစမ်းလိုက်တာ ၊
ကျနော့်သူငယ်ချင်းက တက်တော့တက်ချင်ပေမယ့် ၊ သင်တန်းစရိတ်ကို ကြားရတာနဲ့တင်
သူလည်းမတတ်နိုင်လို့ လန့်ပြေးလာခဲ့ရပါတယ်။ ကျနော့် သူငယ်ချင်းက
ကိုယ့်ဟာကိုယ် ပိုက်ဆံစုပြီးတက်မယ့်သူပါ။ ရ သောင်း ၊ ၈ သောင်းလောက်အထိ
သူလည်းတတ်နိုင်ပါသေးတယ်။ ဒါပေမယ့် သိန်းကျော်သွားတော့… သူ့အိမ်ကလည်း
စိုက်ပေးမှာမဟုတ်တော့ ဒီအတိုင်း စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါတယ်။

ကျနော် ပြောချင်တာက အဲလို သင်တန်းတွေ တက်ချင်ရင် ၊ အဲဒီ့လောက်
ပိုက်ဆံတွေပေးမှ ရတော့မှာလား။ လက်မှတ်တစ်ခုကို သိန်းနဲ့ချီပြီးတော့
ဝယ်နေရပြီလား။ ကိုယ်တိုင်က နဂိုတော်နေတယ်ဆိုရင်တောင် ၊
ပိုက်ဆံမတတ်နိုင်တဲ့ အခါ လိုချင်တဲ့ လက်မှတ်ကို မရနိုင်တော့ဘူးလား။
စီးပွားရေးသမားတွေက ပညာရှင်တွေ ထမင်းစားဖို့ လက်မှတ်လေးတစ်ခုကို ဒီလိုပုံစံနဲ့ ရောင်းစားနေကြတာဟာ ၊ ဘာကြောင့်ပါလဲ။

ကျနော်တို့တွေ သင်တန်းမတက်ဘဲ ကိုယ်တိုင်လေ့လာရင် Online မှာ လေ့လာစရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် ၊ အဲလိုလေ့လာတဲ့ အခါမှာလည်း Internet
သုံးဖို့အတွက် ပိုက်ဆံရှိဖို့လိုပါသေးတယ်။
Internet ထဲမှာ ရှိတဲ့ အကြောင်းအရာတွေက ယနေ့တိုင် အင်္ဂလိပ်လိုတွေက
များနေတော့ အကယ်လို့သာ အင်္ဂလိပ်စာမကျွမ်းကျင်တဲ့ သူတစ်ယောက်ဟာဆိုရင်
အင်္ဂလိပ်စာသင်တန်းကို သွားတက်ဖို့လိုလာပြန်ပါပြီ။ ထို့အတွက်လည်း
ပိုက်ဆံဆိုတာလိုဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်စာ သင်တန်းနဲ့ ပတ်သက်ရင်တော့ ပညာဒါန လုပ်တဲ့ သင်တန်းတွေ
ရှိပါသေးတယ်။ ဝင်ကြေး (သို့) စေတနာ ရှိသလောက် ထည့်ပေးရင် တက်လို့ရပါပြီ။
အင်္ဂလိပ်စာအတွက်တော့ အဲဒီ့နည်းနဲ့ နည်းနည်း အဆင်ပြေနိုင်ပါတယ်။
အကယ်လို့ အင်္ဂလိပ်စာလည်းတတ်တယ် ကိုယ်တိုင်လည်း လေ့လာပြီးလို့
တကယ်တတ်သွားပြီ ဆိုပါတော့ လုပ်ငန်းခွင်ဝင်လို့ မရသေးပါဘူး။
လက်မှတ်တစ်ခုခုရအောင် စာမေးပွဲတွေဖြေရပါဦးမယ်။ အဲဒီ့အခါမှာလည်း
ပိုက်ဆံဆိုတာ လိုလာပြန်ပါပြီ။ နိုင်ငံတကာ စာမေးပွဲတွေ ဖြေချင်ရင်
စာမေးပွဲကြေးတင် အနည်းဆုံး ၁ သိန်းရှိပါတယ်။ သင်တန်းတက်ဖို့လိုရင်
သင်တန်းကြေးပါဦးမှာပါ။

အရာအားလုံးမှာ ပိုက်ဆံဆိုတာ လိုနေပါတယ်။ ကျနော်တို့ဟာ အနည်းဆုံး ၁
သိန်းလောက်မှ မတတ်နိုင်ရင် စာမေးပွဲမဖြေနိုင်တော့သလို ၊ Internet
ဖိုးကိုပါ ပုံမှန် မတတ်နိုင်တဲ့ အခါမှာတော့ ပိုဆိုးကုန်ပါပြီ။ ဘာမှကို
တတ်လာမှာ မဟုတ်တော့ပါဘူး။

စာမေးပွဲတွေကို Free ပေးဖြေပြီးတော့ တကယ်တော်တဲ့သူတွေကိုသာ ရွေးထုတ်ပြီး အောင်လက်မှတ် ပေးတဲ့ နေရာတွေကောမရှိဘူးလား။
ဒါမှမဟုတ်ရင် Online မှာ e-book အလကားရနိုင်ပေမယ့် ၊ အင်တာနက်
မသုံးနိုင်တဲ့သူတွေနဲ့ Connection နှေးလို့ လိုချင်တဲ့စာအုပ်မရတဲ့သူတွေ ၊
ဒါမှမဟုတ်ရင် Rapidshare လိုနေရာမျိုးမှာ တင်ထားတဲ့ စာအုပ်တွေကို
လိုချင်ပေမယ့် မရနိုင်တဲ့ သူမျိုးတွေအတွက်ကော ၊ အပြင်မှာ စာအုပ်တွေ
မရှိကြဘူးလား။ အပြင်မှာ ရောင်းတဲ့ ရိုးရိုးစာအုပ်တွေကလည်း
နည်းနည်းထူပြီးတော့ လူသိများတဲ့ ဘာသာရပ်တစ်ခုခုဆိုရင် အနည်းဆုံး ၁
သောင်းဖြစ်နေပါတယ်။ အဲဒီ့အတွက်ကော စာအုပ်ကို အလကားမပေးနိုင်ရင်တောင်မှ ၊
ဈေးချိုချိုနဲ့ ဝယ်လို့မရနိုင်တော့ဘူးလား ၊ ဒါမှမဟုတ်ရင် BC နဲ့ AC
လိုမျိုး စာအုပ်ငှားပေးတဲ့ မြန်မာပိုင် စာကြည့်တိုက်တွေ ဘာလို့မရှိရတာလဲ။
သူများနိုင်ငံကတောင်မှ စာကြည့်တိုက်လာဖွင့်သေးရင် ၊ ဒီနိုင်ငံက
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကကော ဘာလို့ စာကြည့်တိုက်တွေ
လုပ်ပေးပြီးတော့ မြန်မာလူမျိုးအချင်းချင်း ပညာလေ့လာလို့ရအောင်
မလုပ်ပေးကြတာလဲ။ ဒါမှမဟုတ် စာကြည့်တိုက်ကရှိရဲ့သားနဲ့ဘဲ လူသိနည်းနေတာလား။
စာအုပ်မစုံသေးလို့ဘဲလား။ စာအုပ်မစုံရင်ကော ၊ ဘာလို့
အလှူငွေဆိုတာမရှိရတာလဲ။ ဘာလို့မဝယ်ကြတာလဲ။

နောက်တစ်ခု ကျနော် တွေ့ရတာက ၊ KMD , MCC စတဲ့ Computer Center တွေဟာ IDCS
လိုသင်တန်းမျိုးတွေကို ၁ဝ တန်းမှာ ထူးချွန်စွာအောင်ခဲ့တဲ့သူတွေကို
ပညာသင်ထောက်ပံ့ကြေးပေးပြီးခေါ်နေကြပါတယ်။
ကျနော် ဝေဖန်ချင်တာက အဲလို ထောက်ပံ့ပေးတာဟာ တကယ်တော့ လုံးဝကို မထိရောက်တဲ့ ထောက်ပံ့မှုတစ်ခုပါ။
၁ဝ တန်းမှာ ၆ ဘာသာ ၊ ၅ ဘာသာ စသည်ဖြင့် ထွက်တဲ့သူတွေဟာ အဲဒီ့ Center တွေမှာ
တက်မယ်ဆိုရင် သင်တန်းကြေးအလကားနဲ့ တက်ရပါတယ်။ စာမေးပွဲကြေး ၄ သိန်းလောက်ဘဲ
ကုန်တဲ့သဘောပါ။
ဒါပေမယ့် တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါ ၊ မြန်မာကျောင်းသား
အများစုဟာ ၁ဝတန်းမှာ အဲလို ဘာသာစုံဂုဏ်ထူး ဒါမှမဟုတ်ရင်
အမှတ်ကောင်းကောင်းရခဲ့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးကို ရွေးချယ်ကြပါသလဲ?
သူတို့အားလုံးဟာ ဝါသနာပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ဆေးတက္ကသိုလ်
သို့တက်ရောက်ကြပါတယ်။ သူတို့ဟာ မိဘရဲ့ ဆန္ဒအရရော ၊ ဂုဏ်တစ်ခုအနေနဲ့ပါ ၊
အမှတ်ကောင်းတာနဲ့ မိမိရဲ့ ဝါသနာကို မစဉ်းစားဘဲ ၊ ဆေးကျောင်းကိုသာ
တက်ကြမယ့်သူမျိုးတွေပါ။
မိမိဝါသနာကိုသာ ရွေးချယ်ပြီးလုပ်မယ့်သူဟာ 1 % လောက်ဘဲရှိမှာပါ။
အဲဒါကြောင့် အဲလိုလူတွေကို ခုနကလို Computer Center တွေက
ပညာသင်ဆုပေးတယ်ဆိုတာဟာ ၊ တကယ်တော့ သဲထဲရေသွန်နေကြတာပါ။
အဲဒီ့သင်တန်းကျောင်းတွေဟာ မြန်မာကျောင်းသားတွေကို
တကယ်အကျိုးရှိစေချင်တာဆိုရင် ၊ ဂုဏ်ထူးရတဲ့ သူတိုင်းကို ဆုမပေးသင့်ပါဘူး။
အရည်အချင်းစစ်စာမေးပွဲ တစ်ခုခုပြုလုပ်ပြီးတော့ တကယ်ကြိုးစားချင်တဲ့ ၊
အရည်အချင်းရှိမယ့်သူတွေ ၊ ဝါသနာပါတဲ့ သူတွေကိုသာ ပေးသင့်ပါတယ်။

အဲဒီ့လိုဆိုရင်တော့ ပိုက်ဆံမတတ်နိုင်တဲ့သူလည်း ၊ အဲဒီ့သင်တန်းမျိုးကို
အလွယ်တကူတတ်နိုင်မှာ ဖြစ်ပြီးတော့ ၊ ၁ဝတန်းတုန်းကတည်းက IT ကို ဝါသနာပါလို့
ကျောင်းစာသေချာမလုပ်ခဲ့ဘဲ ၊ ဂုဏ်ထူးရနည်းတဲ့သူတွေဟာလည်း
အိုင်တီနဲ့ပတ်သက်တဲ့ အဲဒီ့လိုသင်တန်းမျိုးတွေကို တက်နိုင်မှာဖြစ်ပါတယ်။
တကယ်တော်တဲ့သူကို အကျိုးရှိရှိနဲ့ သေချာရွေးချယ်ချီးမြှင့်စေချင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် စာမေးပွဲကြေးကိုပါ ထောက်ပံ့ပေးတာမျိုးရှိနေသင့်ပါတယ်။
ကျနော်ဒီလိုရေးနေတာ KMD နဲ့ MCC ဘယ်သင်တန်းကိုမှ
ဂုဏ်သိက္ခာချနေခြင်းမဟုတ်တာကို နားလည်စေချင်ပါတယ်။ ကျနော်ကိုယ်တိုင် KMD
မှာ သင်တန်းအချို့ကို တက်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။
အဲဒါကြောင့် ကျနော်က သင်တန်းအားလုံးကို ကောင်းစေချင်တဲ့သဘောနဲ့သာ အကြံပေးချင်းသက်သက်သာ ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့က အဲဒီ့လို သင်တန်းတွေကို တက်ကြတဲ့ လူတန်းစား တွေပါ။
အဲဒီ့လိုသင်တန်းမျိုးတွေကို တက်တဲ့သူတွေဟာ ပညာသင်ဆုဆိုတာသာမရှိခဲ့ရင်
ပိုက်ဆံတတ်နိုင်တဲ့သူတွေဘဲတတ်ကြတာများပါတယ်။ သင်တန်းကြေးရော ၊
စာမေးပွဲကြေး ပေါင်းရင် ၈ သိန်းခန့်ကုန်မှာပါ။
အဲဒီ့လို ကုန်ကျစရိတ်မျိုးရှိတဲ့အတွက်လည်း ပိုက်ဆံမရှိတဲ့သူမျိုးဟာ တတ်နိုင်ခြင်းမရှိကြတော့ပြန်ပါဘူး။
ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေဟာလည်း မိမိတို့ရဲ့ သားသမီးတွေရဲ့ ဝါသနာ
အရည်အချင်းတွေကို မကြည့်နေတော့ဘဲနဲ့ ၊ IT လုပ်ငန်းဟာ ပိုက်ဆံအရလွယ်တယ် ၊
မြန်တယ်ဆိုပြီးတော့ ငွေ ၈ သိန်းကို လွယ်လွယ်လေးနဲ့ အပုံလိုက်ပစ်ပေးပြီး
သင်တန်းတက်စေပါတယ်။
ဒါပေမယ့် သင်တန်းလာတက်တဲ့သူတွေဟာ မိဘရဲ့ ဆန္ဒအရသာ လာတက်တာဖြစ်ပြီး
ဝါသနာလုံးဝမပါတဲ့အခါမှာ စာမေးပွဲတွေ အခါခါကျတာမျိုးတွေ ရှိနေပါတယ်။
အဲဒီ့အခါမှာ မိဘတွေအတွက်လည်း အချိန်ကုန်လူပင်ပန်းဖြစ်စေပါတယ်။
အဲဒီ့လို ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီး ဆန္ဒနဲ့
ဝါသနာကို အရင်ဆုံးကြည့်ပြီးမှ ထိုသို့သော သင်တန်းတွေကို တက်ခိုင်းတာ
သင့်လျော်မယ်ထင်ပါတယ်။ အဲလိုမဟုတ်ရင် မိဘတွေရဲ့ ပိုက်ဆံဟာ
အလဟဿဖြစ်ကုန်ပါလိမ့်မယ်။
အကယ်လို့ ပိုက်ဆံတအားပေါနေတယ်ဆိုရင်လည်း ငွေကြေး မတတ်နိုင် သော်လည်း
ကြိုးစားပြီးပညာသင်ချင်တဲ့ ကလေးတွေ အများကြီးရှိပါတယ်။ အဲလို ကလေးတွေကို
ငွေကြေးထောက်ပံ့လိုက်တာဟာ ကုသိုလ်လည်းရပါတယ်။ အကျိုးလည်းရှိမှာပါ။

ဒီစာလေးကို ကျနော်ဒီနေ့ ကြုံခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်တစ်ခုကနေ အစပြုပြီးတော့ ဆွေးနွေးလိုက်တာဖြစ်ပါတယ်။
ကျနော့် ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း တစ်ခါထဲထည့်ပြီးတော့
ဆွေးနွေးထားတာပါ။ အရင်ကတည်းက ဒါမျိုးဆွေးနွေးမှုကို ဆွေးနွေးချင်ခဲ့ပေမယ့်
ကျနော်ကိုယ်တိုင်က ပိုက်ဆံမတတ်နိုင်တဲ့ သူတွေရဲ့ ခံစားချက်ကို နားမလည်သလို
၊ သူတို့ရဲ့ အခက်အခဲတွေကိုလည်း မသိခဲ့ပါဘူး။ အဲဒါကြောင့်
ကျနော်ရေးလိုက်ရင် မှားသွားမှာဆိုးလို့ မရေးခဲ့တာပါ။
ဒီနေ့တော့ ကျနော့်သူငယ်ချင်းဆီကနေပြီးတော့ သူ့ရဲ့ အခက်အခဲတွေနဲ့
ခံစားချက်တွေကို နည်းနည်းမေးပြီးတော့ ဒီစာကိုရေးလိုက်တာပါ။ ကျနော်ရေးတာဟာ
အမှားအယွင်းတွေလည်းပါနိုင်ပါတယ်။
တစ်စုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ရည်ရွယ်ချက်လည်း လုံးဝ မပါရှိပါဘူး။
အကယ်လို့ ထိခိုက်သွားမယ်ဆိုရင်တော့ ကျနော်ဒီနေရာကနေ အနူးအညွတ်
တောင်းပန်ပါတယ်။

ဒါပေမယ့် ကျနော် ဒီစာကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့
ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဟာ ဘယ်လိုဘယ်ပုံနဲ့ ကိုယ် လိုချင်တဲ့ ပညာ ၊
လိုချင်တဲ့ လက်မှတ်မျိုးကို ရနိုင်မယ်ဆိုတာကို ဆွေးနွေးသွားချင်တာပါ။
မြန်မာနိုင်ငံရဲ့ လူငယ်တွေအနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးစေချင်တာပါ။ ပညာရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်ပြီးဆွေးနွေးပေးကြပါ။
ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေဟာ တစ်စုံတစ်ယောက်ကို အကျိုးရှိစေမယ်ဆိုရင်တော့ အလွန်ကို မွန်မြတ်တဲ့ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

Source :  https://www.myanmar-network.net တွင် ဖော်ပြထားသော

ညအလင်္ကာ(Forever) ရဲ  ့ post ကိုပြန်လည်တင်ပြထားတာပါ။

အားလုံးပဲ www.nyaalinkarr.blogspot.com မှာ ဝင်ရောက်ပြီး

ကျေးဇူးတင်စကား ပြောပေးကြပါ ခင်ဗျာ။

One comment

  • လင်းဝေကျော်

    June 2, 2010 at 8:39 am

    လူအများအတွက် ပညာရေးဆိုတာ ၊
    အသက်မွေးဝမ်းကျောင်းပညာရပ်များကို လွယ်လင့်တကူ သင်ကြားနိုင်ရေးဆိုတာ
    ဒီနေ့ ကမာ္ဘမှာ ခေါင်းဆောင်ကောင်းတွေ ရဲ့ အဓိက ပညာရေးမူဝါဒ ဖြစ်ပါတယ်။
    အဲဒီမူဝါဒတွေကို တကယ်အကောင်အထည်ဖေါ်နိုင်သလားဆိုတာ အဲဒီ ခေါင်းဆောင် ရဲ့ စွမ်းဆောင်နိုင်မှုလို့ပြောပါတယ်။
    ဒီလောက်ဆို ရင် ဘာကို တောင့်တ လို့ ဘာကို မျှော်လင့်ရမလဲဆိုတာ ရှင်းမယ်ထင်ပါတယ်။

    မြန်မာ လူငယ်များ လူကြီးများ ပညာပြည့်ဝ၍ နှလုံးသား လှနိုင်ကြပါစေ။

Leave a Reply