မြောက်ပိုင်းမှအရိုးတွန်သံများ(လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့သောလူသတ်ပွဲကြီး)

viparJanuary 29, 2012792min17210

 

ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဉာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဉာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ  ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ  (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ  (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ  စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

 

ကိုအောင်နိုင်

 

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုုင်ငံရေးအကျဉ်းသားတွေကို  နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

ခေတ္တ ကိုရီးယား + ၈၂ ၁ဝ ၃၅၁၁ ၁၁၃၉

                      + ၈၂ ၇ဝ ၈၁၈၂ ဝ၃၆၀

 

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂ ါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

 ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

 (၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တု့ိမှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

 ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

  ပည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။

နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

 

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုူးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဉာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

@ facebook —-http://www.facebook.com/RonaldAungNaing

ယခု  အင်တာနယူး သတင်းဌာနတွင် အလုပ်လုပ်၊ လစာကောင်းကောင်းရနေ၊ သူ့ကိုစာရေးတင်ပြီး ဝိုင်းဖြုတ်ကြပါ။

10 comments

  • pwint pwint

    January 29, 2012 at 7:50 pm

    ဒီဆောင်းပါးရဲ့ပိုင်ရှင်ဟာ ဆောင်းပါးရှင် ကိုအောင်မိုးဝင်းဖြစ်သလို၊ ခေါင်းစဉ်က မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ၊ အပိုင်း (-၇-) ဖြစ်ပါတယ်။ မူရင်းဇစ်မြစ် LINK နဲ့ မူလပိုင်ရှင် စာရေးသူအမည်ကို လေးစားသမှုနဲ့ဖော်ပြပေးစေချင်ပါတယ်။ မသိခဲ့ရင်လဲ မသိတဲ့အကြောင်း၊ အီးမေးလ်ကတဆင့် လက်ခံရရှိတဲ့စာကို အများဖတ်ရှုနိုင်ရန် ဖော်ပြကြောင်း ဝန်ခံချက်လေး ရေးပေးစေချင်ပါတယ်။

    • စိန်ပေါက်ပေါက်

      January 29, 2012 at 8:07 pm

      သူ ့စာအောက်ဆုံးမှာ http://www.facebook.com/RonaldAungNaing က လို ့တော့ ပြောတာပဲဂျ
      ကျန်တာတော့
      သများလဲ သိဘူးနော့
      ညှင်း.ညှင်း..

      • pwint pwint

        January 29, 2012 at 8:28 pm

        အဲဒီလင့်က မူလစာရေးသူရဲ့ လင့် မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ တာဝန်ရှိသူလို့ ဖော်ပြထားတဲ့ (ကို)ရော်နယ်အောင်နိုင်ရဲ့ လင့် ပါ။ ပုံတွေကလဲ သူ့ပုံတွေပါ။

  • vipar06

    January 29, 2012 at 8:47 pm

    ဟုတ်ပါတယ်ပွင့်ပွင့်ရယ်တစ်ကယ်ဆောတီးပါ။ဒီဆောင်းပါးရဲ့ပိုင်ရှင်ဟာ ဆောင်းပါးရှင် ကိုအောင်မိုးဝင်းဖြစ်သလို၊ ခေါင်းစဉ်က မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ၊ အပိုင်း (-၇-) ဖြစ်ပါတယ်။
    copy/paste လုပ်တာ လိုင်းကျသွားလို့ နောက်တစ်ခါ ထပ်လုပ်တာ ကျန်ခဲ့တာပါ။ဒီစာတွေဖတ်ပြီး
    လူမဆန်တဲ့လုပ်ရပ်တွေကို ဒေါသထွက်လွန်းလို့ တင်လိုက်တာပါ။
    http://www.facebook.com/notes/maung-maung-wann/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD%E1%80%A1%E1%80%9B%E1%80%AF%E1%80%AD%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%81%87-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%81%80%E1%80%84%E1%80%B9%E1%80%B8-/315783888463350

    • pwint pwint

      January 29, 2012 at 9:41 pm

      အခုလိုဖြေရှင်းချက်ပေးတယ့်အတွက် ကျေးဇူးပါနော်။

  • vipar06

    January 29, 2012 at 8:49 pm

    ပုံကတော့ လူသတ်သမား ရော်နယ်အောင်နိုင်ရဲ့ပုံပါ။

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 29, 2012 at 9:02 pm

    ဆေးလိပ်သောက်နေတဲ့ပုံက တရုတ်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်တဲ့ လူနဲ့ခပ်ဆင်ဆင်ဗျ

  • koyinmaung

    January 29, 2012 at 9:05 pm

    အတော်ကြောက်စရာကောင်းတဲ့လုပ်ရပ်ပါလား
    ဒီတရာခံတွေကိုမှတ်တမ်းတင်ထားသင့်တယ်
    ဆိုက်ပေါ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…..

  • chityimhtoo

    January 29, 2012 at 9:18 pm

    တော်တော်မိုက်ရိုင်းတဲ့ကောင်…ဒီခွေးမသားကို သတ်ပစ်သင့်တယ်။ဒီခွေးမသားပုံတွေကိုများများဖေါ်ပြပေးပါ။
    ဒါမှဒီကောင်ဘယ်နိုင်ငံရောက်ရောက်ဒီကောင်လူသတ်သမားဆိုတာသိကျမှာ။

  • Lwin Aung

    January 30, 2012 at 12:30 pm

    Myo Win and Aung Naing must go to Death Sentence If it is true.

Leave a Reply