“မန္တလေးဂေဇတ်၊ အိုဘားမားမိန့်ခွန်းနှင့် မြန်မာ့ပညာရေး တစေ့တစောင်း”

Swal Taw YwetJanuary 29, 20121min21020

27 ရက်နေ့မနက် မန္တလေးဂေဇတ် ကိုဖွင့်လိုက်တာနဲ့ အင်္ဂလိပ်လို Post ကြီး ၂ ခုက အထင်းသား၊ တင်သူက သူကြီး၊ ထိကြည့်ဖို့ မရဲသေးလို့ တခြားပို့စ်တွေကိုပဲ လိုက်ဖတ်နေဖြစ် လိုက်တယ်။ ဒါပေမယ့် များများဖတ်စရာလဲ ထပ်မရှိတော့အဲဒီ့ အင်္ဂလိပ်လို Post တွေကိုပဲ အဘိဓါန် အားကိုးနဲ့ ထိကြည့်မိလိုက်တယ်။

အိုဘားမားက သူ့နိုင်ငံပညာရေးကို ထောက်ပြစိန်ခေါ်ခိုင်းလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို သတိပြုလိုက်မိတယ်.. ဘာတဲ့….

“ Teachers matter: So instead of bashing them, or defending the status quo, let’s offer schools a deal . Give them the resources to keep good teachers on the job, and reward the best ones. And in return, grant schools flexibility: to teach with creativity and passion; to stop teaching to the test and replace teachers who just aren’t helping kids learn. “That’s a bargain worth making” တဲ့

အဘိဓါန် အားကိုးနဲ့ ဖတ်ကြည့်လိုက်တာ ဒီလိုနားလည်လိုက်သဗျ။

(မှားနိုင်ပါသည် အမှန်ပြင်ပေးကြပါ)

ဆရာတွေ အခန်းကဏ္ဍ။         ။ ရှေ့မတိုးနောက်မဆုတ် အခြေအနေအတွက် ခုခံဆင်ခြေတွေ ပေးနေမယ့် အစား  ပြင်းပြင်းထန်ထန် ဝေဖန်မဲ့အစား ကျောင်းတွေကို ကမ်းလှမ်းချက်တစ်ခု လုပ်ကြည့်ရအောင်၊

ဆရာကောင်းတွေ သူတို့ရဲ့ အလုပ်ခွင်မှာ ဆက်ရှိနေနိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးမယ်၊ အကောင်းဆုံး တွေကိုဆုချမယ်၊

အပြန် အလှန်အားဖြင့် ကျောင်းတွေဖက်က ပြောင်းလဲဖို့လိုအပ်တာတွေကို ညှိနှိုင်းပေးနိုင်ရမယ်။

ဥပမာ.. စိတ်အား ထက်သန်စွာ ၊တီထွင်ဆန်းသစ်တဲ့ သင်ကြားမှုတွေ ဖြစ်နေစေရမယ်။ စာမေးပွဲအတွက်ပဲ ရည်ရွယ်သင်ကြားပေးတာတွေ မဖြစ်ရဘူး။ ခလေးတွေ သင်ယူရာမှာ အကူအညီ အထောက်အပံ့မပေးနိုင်တဲ့ ဆရာတွေနေရာမှာ အထောက်အပံ့ပေးနိုင်မယ့် ဆရာတွေနဲ့ အစားထိုးရမယ်။ အဲဒါဟာ သေချာပြင်ဆင် လုပ်ဆောင် ရမယ့် ကိစ္စရပ်တစ်ခုပါ။

ကဲ.. .. ဒီစာပိုဒ်လေးတစ်ခုထဲနဲ့ပဲ ကျနော်တို့ မြန်မာနိုင်ငံတော် ရဲ့ လက်ရှိ ပညာရေးစနစ်နဲ့ ချိန်ထိုးကြည့် ရအောင်။

အမေရိကန်နိုုင်ငံရဲ့ ပညာရေးဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်ထဲမှာ တစ်ခု အပါအဝင်ဖြစ်တယ်ဆိုတာ အားလုံးသိထားကြတာပါ။ အခု အိုဘားမားက အဲဒီ့ ကောင်းပါတယ်ဆိုတဲ့ ပညာရေးစနစ်ကိုပဲ ထပ်ပြီး ပြုပြင်ပြောင်းလဲဖို့ (အကောင်း တကာ့ အကောင်းဆုံးအဖြစ် အမြဲရှိနေစေဖို့)  စိန်ခေါ်မှုတွေ ရှိလာပါပြီတဲ့။

ဇောက်ထိုးဆင်းနေတဲ့ မြန်မာ့ပညာရေးစနစ်ကြီးကရောဗျာ?

ကျနော်တို့ ပညာရေးစနစ်မှာ ဆရာကောင်းတွေ ဘယ်လောက်များများ ကျန်နေပါသေးလဲ? တောင့်ခံနေနိုင် ပါသေးလဲ?

“စေတနာ၊ ဝါသနာ၊ အနစ်နာ” တဲ့ဗျ

နိုင်ငံ့ခေါင်းဆောင်တွေကို မွေးထုတ်ပေးရမည့် ဆရာတွေမှာ “အနစ်နာ” ခံရမယ်ဆိုတာကြီးက ကိုဖက်တီး တင်ပြထားသလို ကြည့်ရတာ ကီးမကိုက်ဘူး ဖြစ်နေတယ်။

တကယ့်လက်တွေ့ အခုထိ သုံးစွဲနေရဆဲ “မြေဖြူမှုန့်” ကြောင့် “အဆုတ်နာ” ပါ  ရှိနေပါသေးတယ်။

ဆုချမှုဆိုတာကတော့……………………..

စိတ်အားထက်သန်မှု ဘယ်လောက်ရှိနိုင်ပါ့မလဲ???????

တီထွင်ဖန်တီးပြီး စိတ်ဝင်စားအောင်သင်ကြားနိုင်ဖို့ ဆိုတာကရော??????

မှတ်မိပါသေးတယ်၊ ကျနော်တို့ မုံရွာ GTI တက်တုန်းက တရက်စာသင်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ တစ်နာရီကြာ စာသင်ချိန် အချိန် (၇) ချိန်ရှိတယ်။ (၁၁းဝဝ မှ ၁၂းဝဝ ထမင်းစားနားချိန်) တစ်ပတ် ၅ ရက်ဆို စုစုပေါင်းစာသင်ချိန် (၃၅) ချိန်ရှိတယ်။ ကျနော်တို့ကို သင်ပေးရတဲ့ ဆရာတချို့ဆို တစ်ပါတ်မှာ စာသင်ချိန် နာရီ (၃၀) ကျော်တာဝန်ရှိတယ်။ ကဲ… ဘယ်လိုလုပ်ပြီး ကြိုတင်ပြင်ဆင်မှု အပြည့်နဲ့၊ တီထွင်ဖန်တီးနိုင်စွမ်းအပြည့်နဲ့  စိတ်အားထက်သန်စွာ သင်ပေးနိုင်မှာလဲ?

သင်ထောက်ကူပစ္စည်းတွေကို ထည့်မပြောသေးဘူးနော်။

         ဆရာ ကျောင်းသား အချိုးကိုလည်း ထည့်မတွက်သေးပါဘူး။

အိုဘားမားကတော့ သူတို့ဆီမှာ စာမေးပွဲအတွက် ရည်ရွယ်သင်ကြားတာတွေကို ရပ်တန့်ခိုင်းနေပြီ။

ဒီမှာက မေးခွန်းထဲမှာပါမယ့် ဟာတွေကိုပဲ သင်ပေးနေတာပါ။ အဲဒါတောင် အောင်ချက်ရာခိုင်နှုန်း မပြည့်မှီမှာစိုးလို့ သတ်မှတ်အောင်မှတ်ကို နှိမ့်ပေးထားတာမျိုးတွေ ထပ်ဆောင်းပေးထားပါသေးတယ်။

“ ခလေးတွေ ပညာသင်ယူရာမှာ ပံ့ပိုးမှုမပေးနိုင်တဲ့ဆရာတွေကို လဲလှယ်ပစ်ရမယ်” တဲ့ ။

ကျနော်တို့ဆီမှာ အထက်လူကြီး (ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်/တိုင်း ပညာရေးမှူး….) အဆင့်ဆင့်ကို ပံ့ပိုးမပေးနိုင်တဲ့ ဆရာတွေသာ လဲလှယ် အစားထိုးတာခံနေရတာဗျာ ။

ဘယ်ကျောင်းကိုတာဝန်ကျချင်ရင် ဘယ်လောက်ပေးရမယ်၊ ဘယ်ဘာသာရပ်ကို ကိုင်ချင်ရင် ဘယ်လောက်ကန်တော့ရမယ် ၊ ဒီလူကတော့ ဘယ်သူ ဘယ်ဝါရဲ့ ဆွေမျိုးမို့ တို့လို့ထိလို့မရဘူး ဆိုတာတွေ မကြားချင်မှ အဆုံးပါဗျာ။

မသိကြတာလဲမဟုတ်ပါဘူး။ ကျောင်းသားတိုင်း၊ မိဘတိုင်း၊ ဆရာတိုင်း၊ ကုန်အောင်ပြောရင် ပြည်သူတစ်ရပ်လုံး သိနေရင်ဆိုင်နေရတဲ့ ပြသနာကြီးပါ။ လှိုက်စားနေတဲ့ အိုင်းအနာကြီးပါ။

အမေရိကန်သမ္မတ အိုဘားမားက  “Change”  “ပြောင်းလဲရမယ်” ဆိုပြီးတက်လာတာပါ။

ကျနော်တို့ဆီမှာလည်းပြောင်းမယ်၊ပြောင်းပေးမှာပါဆိုပြီး အဝတ်အစားတွေပဲ  လဲပစ်လိုက်ခဲ့တာပါ။ အောက်ခြေအတွက် ဘာဆိုဘာမှ စလုံးရေ ကို မစရသေးတာမို့  ကြာလေ နာလေဖြစ်နေရပါပြီ။

အခြေခံအကျဆုံး ပညာရေးကို အဓိက တွန်းတင်/ပြောင်းလဲနိုင်မှ ဖြစ်ပါတော့မယ်။

လွှတ်တော်မစခင်လေးတင်ကပ်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ပေးသွားခဲ့တဲ့ (သမ္မတတစ်ဦးတည်းကိုသာ အသိပေးရမည်ဖြစ်သော၊ အကန့်အသတ်မရှိသော) ဘဏ္ဍာငွေ ဆိုတာလိုမျိုး အထူးခေါင်းစဉ် နဲ့သာ ပညာရေးကို မြှင့်တင်လိုက်ရ ရင်တော့ ……………

ရင်ဘတ်နှင့်ရေးခြင်းဖြစ်သဖြင့် ကြမ်းတမ်းသွားပါကခွင့်လွှတ်ပေးကြပါရန်

 

 

With respect,

Swal Taw Ywat

20 comments

  • ဦးဦးပါလေရာ

    January 29, 2012 at 11:21 pm

    ပျက်နေတာကကြာပြီ
    ချက်ချင်းလဲ ထိထိရောက်ရောက်ပြုပြင်နိုင်မယ့်အခြေအနေမရှိသေးပါဘူး။
    လူရော ငွေရော မတတ်နိုင်သေးပါဘူး။
    အမေရိကန်လို ပထမတန်းစားနီးပါး (ပထမတန်းစားတော့လဲမဟုတ်သေး) ပညာရေးမျိုးနဲ့ယှဉ်ကြည့်ဖို့ထားလို့
    အနီးအနားက ထိုင်း၊ မလေး၊ ဗီယက်နမ်၊ တရုတ် တို့ရဲ့ပညာရေးစံနစ်တွေနဲ့တောင် ယှဉ်နိုင်ဘို့အဝေးကြီးပါ။

    လက်တွေ့ဖြစ်နိုင်တဲ့နည်းလမ်းတော့ရှိတယ်။
    paralled education စံနစ်ကို အာပလာ အယောင်ဆောင်မဟုတ်ပဲ တကယ်ခွင့်ပြုပေးလိုက်ဘို့ပါ။
    အဲဒီမှာ ပိုက်ဆံပေးနိုင်တဲ့ ကျောင်းတွေကို အရည်အချင်းရှိတဲ့ ဆရာတွေရောက်ပြီး ပိုက်ဆံတတ်နိုင်တဲ့ကျောင်းသားတချို့ဟာ အဆင့်မီပညာရေးကို ရနိုင်ပါလိမ့်မယ်။
    အဲဒီလိုလုပ်ဘို့ဆုံးဖြတ်ချိန်ကစပြီး နောက် ဆယ်နှစ်လောက်အကြာမှာမှ လူလိုပညာသင်ရတဲ့ မြန်မာကျောင်းသားတချို့ ဘွဲ့ရပါလိမ့်မယ်။

    ဒီကြားထဲတော့ ဆောရီးပါ။ အပင်စိုက်တယ်ဆိုတာ လူကစိုက်ရင်တောင် သူ့အချိန်တန်မှ သီးပွင့်ပါတယ်။
    မျောက်ကစိုက်ရင်တော့ ????

    • Mလုလင်

      January 30, 2012 at 12:06 am

      ဆရာ၊ ဆရာမ တွေ အနေ နဲ့ လခ တစ်ခု ထည်းကို မှီ စားဖို့ အနည်းငယ် ခက်ခဲနေတဲ့ အချိန် မှာ သူတို့ အနေနဲ့ ဖိအား တွေ ရှိကောင်းရှိလာနိုင်တာပေါ့။ အမှုထမ်းဖြစ်တဲ့ အတွက် သူတို့ ရဲ့ စားဝတ်နေရေးကို တာဝန်ယူ ကိုယူပေးထားရမှာပါ။ (ကား စီးချင်တယ် ဆိုရင်တော့ ဆရာ၊ဆရာမ မလုပ် နဲ့တော့ပေါ့)။ နာ သုံးနာ နဲ့ ပြည့်စုံ တဲ့ ဆရာ၊ ဆရာ မတွေ ဖြစ်ဖို့ထက် .. ဝါသနာ နဲ့ စေတနာ လောက် ပြည့်စုံ မယ်ဆို … အဆင်ပြေ လာနိုင်ဖို့ မျှော်လင့်လို့ ရနိုင်မယ် ထင်တာပါပဲ။ ဆွယ်တော်ရွက် ပြောတဲ့ မကြားချင်မှ အဆုံး တွေလဲရှိတာပါပဲ … အလုံးစုံ ကြီးချက်ချင်း ကြီးတော့ မလွယ်လောက် သေးဘူး နော့ .. ကြယ်ငါး လေး ကောက်ကြယုံ ပေါ့ဗျာ။ .. ဝန်ထမ်း လခ တိုးရင် ဈေးလိုက်မတက် ဖို့ .. တနည်း .. နိုင်ငံတွင်း ကုန်ဈေးနှုန်း တည်ငြိမ် ဖို့ နည်းပညာ ၊ နည်းလမ်း သိတဲ့ ပညာရှင် တွေ သုတေသန လုပ်ပြီးတာကို မျှော်ရမှာပါပဲ …..

  • padonmar

    January 29, 2012 at 11:59 pm

    ပညာရေးကိုတွန်းတင်ရင် အဆောက်အဦတွေချည်းပဲ မထွက်လာစေချင်ပါ။
    ဆရာဆရာမကို လုံလောက်တဲ့ လစာနှုန်းပေးတာကအစ သင်ရိုးညွှန်းတန်း သင်ထောက်ကူပစ္စည်းတွေလည်း ရသင့်ပါတယ်။
    ဦးဦးပါပြောတဲ့ ပုဂ္ဂလိကကျောင်းဖွင့်ခွင့် ပေးတဲ့နည်းလေးကတော့ အမြန်ဆုံးကောင်းစေမယ့် ဆေးနည်းလို့ထင်ပါတယ်။

    • Mလုလင်

      January 30, 2012 at 12:13 am

      ပုဂ္ဂလိကကျောင်းဖွင့်ခွင့် ပေးတာကို ကျွန်တော့ အနေနဲ့ ဆိုရင်တော့ ကြိုဆိုပါတယ်။ သို့သော်ငြား .. ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု မှာ အဲလို လုပ်တာဟာ .. ခွဲခြားခွဲခြား ဖြစ်သလို များ ဖြစ်သွားနိုင်သလား လို့ တွေးမိတယ်ဗျာ …. တီတီ padonmar ရေ . ဒီလို ပညာရေး အခြေအနေ တွေနဲ့ post တွေ ဖတ်မိရင် ရင်လေး တယ်ဗျာ..။ ကိုယ်တွေလဲ .. မရှိမရှား ..အလုပ်တစ်ဖက် နဲ့ ကျောင်းတက်ခဲ့ရတာပါ။ ဖြစ်နိုင်မယ်ဆိုရင် … ကိုယ်ပိုင် အသိစိတ် လေးတွေ ကို ဖြည့်ပေးနိုင်ရင် ကောင်းမယ်ဗျာ … ကျောင်းတက် တော့ မုန့်ဖိုး ရတာ ပေါ့ ဆိုတာတွေ မြင်ဖူးလို့ လေ …

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 8:41 am

    မတောက်တခေါက်ဝင်ပြောရရင်
    မြန်မာနိုင်ငံပညာရေးက ပြောင်းချင်သလိုပြောင်းနေတယ်
    ကျောင်းတွေကလိုအပ်နေတာ prcatical အတွက် သင်ထောက်ကူပစ္စည်းလုံလုံလောက်လောက်မရှိဘူး
    (၁ဝ တုန်းက လက်တွေ့သင်တာ ပစ္စည်းတစ်ခု ပျောက်သွားလို့ ငိုတဲ့ဆရာမကိုလည်း တွေ့ဖူးပါတယ်။
    ကျောင်းတွေမှာ ကွန်ပြူတာရှိပြီး မသင်ရပါဘူး။ အင်တာနက်တပ်ဖို့ငွေကောက်ပြီး ကျွန်တော်တို့လည်း မသင်ရပါဘူး။ သက်မွေးချိန်၊ကာယချိန်မှာလည်း စာသင်ပါတယ်။ မကျေနပ်ဘူး 14 ကျောင်းကို)
    လက်ချာပိုင်းက များပြီး လက်တွေ့ပိုင်းက အားနည်းပါတယ်
    တတ်နိုင်တဲ့သူတွေအတွက် သင်တန်းတွေပေါပါတယ် မတက်နိုင်တဲ့သူတွေအတွက်တော့ ပါးစပ်ဟောင်းလောင်းပေါ့နော့
    လူ့စွမ်းအားအရင်းအမြစ်သင်တန်းကျောင်းတွေ ဖွင့်ပေးနိုင်ရင်ကောင်းပါတယ်။

    မြန်မာပြည်ကြီးတိုးတက်ဖို့လိုသေးတယ် (ကျော်ဟိန်းလေသံနှင့်ပြောပါ)

  • weiwei

    January 30, 2012 at 11:04 am

    မြန်မာပြည်မှာ အပျက်စီးဆုံးအပိုင်းကတော့ ပညာရေးဖြစ်မယ်လို့တောင် ထင်မိပါတယ် …
    သူငယ်ချင်းတော်တော်များများက စက်မှုနဲ့ ရေကြောင်းမှာ ဆရာမတွေလုပ်နေကြလို့ ကြားသိနေရတာတွေက စိတ်ညစ်စရာတွေချည်းပဲ … ဇာတ်လမ်းတွေသာရေးပြရရင် တစ်ထောင့်တစ်ည ဖြစ်တော့မယ် …

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 30, 2012 at 11:28 am

    မားကတ်တင်းဗျ ..မားကတ်တင်း …
    ဆိုဆိုက်ရတီ တခုလုံး မားကတ်တင်း မတတ်လို့ ခုလိုတွေဖြစ်နေကြတာ …
    သဂျီးပြောသလိုပဲ စနစ်ကြောင့် လုံးလုံး မဟုတ်ဘူး …
    ဘာသာရေးကိုလည်း လက်ညှိုးမထိုးကြနဲ့ ….လူတွေ မားကတ်တင်း တတ်ကြရင် ..ဒါမျိုးမဖြစ်ဘူး …

    ခင်ဗျားတို့ကျုပ်တို့ရော ကိုယ် အောင်လာတဲ့ကျောင်းကို ၅၀၀-၁၀၀ဝ တောင် သွားလှူဖူးလို့လား …
    ဟဲဟဲ …အလှူခံ တဲ့ လူ ဘတ်သွားမှာပေါ့တို့ …တကယ်သုံးပါ့မလားတို့..မေးမယ်မလား …
    အဲ့လာပြောတာ ..ကျောင်းတွေ သာ မားကတ်တင်း တတ်ရင် ဒါမိုး မဖြစ်ဝူးရယ်…။

    ပွင့်လင်းမြင်သာတဲ့ စနစ်ရှိမယ် …ဖွင့်ပြပြောဆိုနိုင်မယ့် ဒေတာတွေ ကိုင်ထားမယ်..
    ချိုသာ နွေးထွေးစွာ ဆက်ဆံ တုံ့ပြန်မယ် …. မားကတ်တင် းတတ်ရင်ပြောပါတယ်….

    ခုနေသား ကျုပ် ရန်ကုန်ပြန် တတ်နိုင်သလောက်လေး ၅ထောင်၁သောင်းလောက် လေးကျစ်ကျစ်ပါအောင်ဆုပ်..
    ကျောင်းကို ချစ်လို့ လာလှူတာပါ. ..လက်ခံပေးပါ …ဘယ်နှခုနှစ် ဘယ်နှခုနှစ် ဘယ်အတန်းက အောင်တဲ့
    ကျောင်းသားဟောင်းပါ ဆိုပီး သွားလှူ ….ကျောင်းလေးတပါတ်လောက် ပတ်ကြည့်ပါရစေနော် ဆိုတာမျိုး
    ပြောကြည့်ပါလား ..အသစ်အသစ် သော ထိုထိုနေရာများက ပုဂ္ဂိုလ်ကြီးငယ်အပေါင်းတို့က
    ဘယ်ကလာတဲ့ ပလပ်လွတ်နေတဲ့ ရှမ်းကုလား တစ်ကောင်လည်း ပြောမလွှတ်ရင်ကံကောင်း….။

    ကတ်စတမ်မာ ရီလေးရှင်းရှပ် မန်းနေ့ချ်မန့် ခည ..အဲ့လာမတတ်ရင်တော့ ဌာနက ချပေးတဲ့ ရံပုံငွေရယ်
    သိက္ခာကိုဝယ်ယူနေတဲ့ သထိန်းဂျီးဒွေ ရဲ့ အလှူငွေ တပုံတခေါင်းရယ် ကိုပဲ မျှော်ရတော့မှာပဲ ….
    မားကတ်တင်း သင်ကြစမ်းပါဗျာ …စေတနာနဲ့ပြောတာ အဟုတ်…

    တော်သေးဘီ…
    ပုံ
    မောင်မောင်ဇာ

  • စိန်ပေါက်ပေါက်

    January 30, 2012 at 11:30 am

    သများတို ့ဆီက ချရာတွေက ကျောင်းမှာ စာမသင်ဘူး
    အိမ်မှာပဲ သင်တာ..
    ချရတွေက ကျောင်းမှာ မုန် ့ရောင်းနေကြတာ.. (ရွာထဲက ဆရာ၊ဆရာမတွေ မပါ 😀 )

    သများ ဆယ်တန်းတုန်းက Physic သင်တဲ့ ဆရာမ ဆို သူရို ့အချင်းချင်း ပြောတာ
    ဘာတဲ့
    “ငါလဲ အရှေ ့ခုနစ်ခန်းကလွဲပြီး နောက်အခန်းတွေ မသိတော့ဘူးတဲ့ ” အဲသလို
    အဲသလို..
    သများလဲ သူသင်တဲ့ ခုနစ်ခန်းက ၃ ခန်းလောက်ပဲ ရတယ် 😆
    အဲတာကြောင့်..

    သများလဲ ဆယ်တန်းကို ဘေးက နောက်က ရှေ ့က နှစ်ကျ အမကြီးဆီကခိုးချပြီး နှစ်ချင်းပေါက် ဆွမ်းကြီးလောင်းအသုတ်နဲ ့ ရောပါပြီးအောင်လာတာမို ့
    သမျာတို ့သာ ဆရာဖြစ်ရင်..
    လာတက်မဲ့ တပဲ့တွေအတွက် ရင်လေးမိပါရဲ့
    ညှင်း..ညှင်း..

  • etone

    January 30, 2012 at 12:47 pm

    ပညာရေး မြင့်တင်မှုဆိုတာမျိုးက … ဆောင်ပုဒ်တွေ ၊ ကြေငြာချက်တွေနဲ့ လူကြားကောင်းအောင် လုပ်နေလို့ … အော်တို မစ်တစ် တိုးတက်လာတာမျိုးမဟုတ်ဘူးလေ … ။

    တစ်ပွဲထိုးသင်ကြားခြင်းတွေကိုလျှော့ချပြီး ၊ အရည်ချင်းပြည့်မှီတဲ့ လူကိုမှ သာ စာမေးပွဲအောင်ပေးသင့်ပါတယ် …။စာမေးပွဲ အမှတ်ပေးတဲ့အခါမှာလည်း ..ပုဂ္ဂိုလ်ရေးကင်းရှင်းသင့်ပါတယ် … ။ တကယ်လိုချင်တဲ့ လူတွေ တကယ်ကြိုးစားကြပါလိမ့်မယ် … ။

    ဆရာဆရာမ အချို့ အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတာဟာ လောဘကြီးလို့သော်လည်းကောင်း ၊ လုံလောက်သော လစာမရသောကြောင့်လည်းကောင်း ဖြစ်နိုင်ခြေရှိပါတယ် … ။ သင်ထောက်ကူပစ္စည်းတွေရော ၊ ဆရာ၊ဆရာမတွေရဲ့ လစာကိုပါ အဆင့်တစ်ခုထိ တိုးပေးမယ်ဆိုလျှင် … ပိုက်ဆံထက် ဆရာဆိုတဲ့ ဂုဏ်သိက္ခာကိုသာ အလေးပေးမယ့် ဆရာမျိုး များလာမယ်လို့ ထင်မိပါတယ် … ။

  • kai

    January 31, 2012 at 6:48 am

    Myanmar to cooperate with U.S. universities to develop education
    http://news.xinhuanet.com/english/culture/2012-01/27/c_131378627.htm

    YANGON, Jan. 27 (Xinhua) — Myanmar Ministry of Education will cooperate with The Johns Hopkins University in the United States aimed at developing the education sector of the country, according to official media Friday.

    A meeting in Nay Pyi Taw on Thursday between a delegation of U. S., led by Ron Daniel, President of The Johns Hopkins University, and Myanmar Deputy Minister for Education U Ba Shwe focused on cooperation between universities under the Myanmar Ministry of Education and The Johns Hopkins University including other universities in the United States, said the New Light of Myanmar.

    The move also covered sending of Myanmar students, cooperation in research, exchange of students from both countries, upgrading machines used in advanced research, easy access to reference books and papers from internet website and training of basic education teachers for promotion of English proficiency skill.

    Meanwhile, Ron Daniel and Minister for Health Dr. Pe Thet Khin discussed matters related to development of rural health care, giving training for promoting for the quality of health staff, supply of medicine and medical equipment, study of public health at Johns Hopkins University, training of medicine, better program for selection of students at Universities of Medicine, prevention and cure of non-infectious diseases, maternal, infant and child health care, nourishment program, availability of immunization and promotion of immunization program.

  • maungmoenyo

    January 31, 2012 at 8:25 am

    အမေရိက ကနေ ဥရောပရောက်ရင်း အင်္ဂလန်ရဲ့ပညာရေးကိုပါတစေ့တစောင်းလေ့လာကြည့်မိပါတယ်။ အမေရိကရဲ့ပညာရေးဟာ အကောင်းဆုံအဆင့်မြင်ဆုံဆိုတာထက် လွတ်လပ်သော ပညာရေးလေကျင့်သင်ကြားမှုကျင့်စဉ်ကိုကျင့်သုံတယ်ဆိုရင် ပိုမှန်မယ်လို့ထင်ပါတယ်။ ဆိုလိုတာက ဘာသာရပ်(သို့)သင်ခန်းစာတခုနဲ့ပါတ်သက်ပြီး တင်ပြတယ်ဆိုပါတော့။ အဲ့ဒီအထဲက အကြောင်းအရာရဲ့ တင်ပြပုံနဲ့ အယူအဆကို ဆရာက ကျောင်းသားကို သင်ကြားရာမှာ အပြန်အလှန် debate လုပ်တဲ့ဆွေးနွေးပုံနဲ့ တင်ပြပါတယ်။ ကျောင်းသားက သူ့ရှုဒေါင့်ကနေ အကြောင်းပြချက်နဲ့ ပြန်ဆွေးနွေး debate လုပ်တယ်။ အဲ့ဒါကို အားပေးတဲ့ပညာရေးကျင့်စဉ်ပါ။ တရားသေ ဝါဒကိုအားမပေးပါဘူး။ သမိုင်းဖြစ်စဉ်တခုရဲ့ ကောက်ချက်ကို သမိုင်းဆရာက တင်ပြခွင့်ရှိပေမဲ့ အဲ့ဒီကောက်ချက်ကိုဘဲ ကျောင်းသားတွေက အပြန်အလှန်ဆွေးနွေးတယ်။ ဒီလို debate လုပ်တဲ့နည်းနဲ့ပညာသင်တဲ့အတွက်ကြောင့် အမေရိကရဲ့ပညာသင်ကြားရေးစနစ်အောက်က ထွက်လာတဲ့လူငယ်များဟာ သူများပြောတိုင်းလိုက်ယုံရမယ်ဆိုတဲ့ တရားသေဝါဒကိုလက်မခံပါဘူး။ ဒါဟာ အမေရိကမှာာ ရှီတဲ့ ပညာရေးစနစ်ရြဲခြားတဲ့ ဝိသေသပါ။ သမ္မတအိုဘားမား ဟာ အရင်သမ္မတဟောင်းဘုရှ် ပြဌာန်းခဲ့ တဲ့ No Child Left Behind (NCLB)ဥပဒေရဲ့အားနည်းချက်ကိုကောင်စွာသိတဲ့အတွက်ကြောင့် အဲ့ဒီဥပဒေကို ပြောင်းပြန်လှန်ဘို့ကြိုးစားနေပါတယ်။ တိုတိုပြောရရင်တော့ အဲ့ဒီဥပဒေဟာ အမေရိကကိုရောက်လာ တဲ့ကျွန်တော်တို့ မြန်မာလူငယ်အားလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်စေတဲ့ဥပဒေဖြစ်ပါတယ်။ အလယ်တန်း နဲ့ အထူးသဖြင့်အထက်တန်းရောက်မှ ပြောင်းလာကြသူတွေဟာ ဥပဒေပါပြဌာန်းချက်အရ နှစ်စဉ်အတန်းတက်သွားကြရတာမို့ စာမကြေညက်ယုံမက သူများတွေဘွဲ့ယူချိန်မှာ ဘွဲ့ယူခွင့်အခွင့်အရေးကို အစုလိုက်အပြုံလိုက်ဆုံးရှုံးကြပါတယ်။ အထိအနာဆုံကတော့ နယ်စပ်ကပြောင်းခိုလာကြတဲ့ refugee ကလေးလူငယ်များပါဘဲ။ နောက်ပြင်ဆင်ချက်တခုကတော့ တနေ့တခြားမြင့်တက်လာတဲ့တက္ကသိုလ်ပညာသင်စရိတ်ကြောင့် ပညာသင်ကာလပိုကြာလာတဲ့အပြင်၊ ငွေကြေးပိုကုန်ကျလာပါတယ်။ ငွေပိုကုန်လို့ပိုတတ်သလားဆိုတော့ သာလို့တောင်ဝေးပါသေးတယ်။ တက္ကသိုလ်နဲ့ ကောလိပ်တွေရဲ့ ပညာသင်ပေးတဲ့အရည့်အသွေးမြျမှင့်နိုင်ရင် အဲ့ဒီကျောင်းတွေ အစိုးရအထောက်အပံ့အဖြတ်ခံရပါမယ်။ ဆရာ/မ တွေ ပညာကောင်းကောင်းသင်ပေးနိုင်တဲ့အရည့်အသွေးမမြင်ရရင် လာစာလျှောချခံရပါလိမ့်မယ်။
    စောင့်ကြည့်ကြရတာပေါ့..။ မောင်မိုးညိုကတော့ သမ္မတရဲ့ ပညာရေးပြောင်းလဲမှုကို မြန်မာအများစုဘက်ကကြည့်ပြီးအပြည့်အဝ ထောက်ခံထားပါတယ်။

  • weiwei

    January 31, 2012 at 11:29 am

    http://myanmargazette.net/33921/creative-writing

    ပညာရေးကို စိတ်ဝင်စားတဲ့သူတွေအတွက် တရုတ်ပညာရေး တစေ့တစောင်းပါ …
    လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရေးသားခဲ့တာဖြစ်ပါတယ် …

  • Khin Latt

    February 1, 2012 at 4:48 am

    စွယ်တော်ရွက်ရေ –
    အရမ်းပြောချင် ရေးချင်တဲ့ အချက်လေးတွေ သေချာအောင် လုပ်နေလို့ပါ။
    ဝင် ဆွေးနွေး ပါ့မယ်နော်။

    ခင်မင်လေးစားစွာဖြင့်
    အရီးလတ်

  • Photo Uploader

    February 1, 2012 at 10:05 pm

    Everyone in here are thinking about goods for myanmar , I’m proud for be a member in here !

  • lusoegyikoko

    February 2, 2012 at 9:07 am

    ၂၀၁၁ -၂၀၁၂ ဘတ်ဂျတ် မှာပညာရေးအသုံးစရိတ် ၄. ၉ရ ကျန်းမာရေးအသုံးစရိတ် ၁. ၄၆ ပဲ သုံးတယ်လို့သ်ိရပါတယ်။ပြောင်းဖို့တော့ ရေးရပြောရတာတော့ လွယ်မှာပါ။ပညာရေး မှ မဟုတ်ပါဘူး။
    နေရာတ်ိုင်းမှာ လွဲမှားမုှတွေအများကြီးပါ။မြန်မာပြည်ကြီးအကျူးိအတွက်လက်တွေ့ကျကျ အုတ်တစ်ချပ်သဲတစ်
    ပွင့်ဖြစ်ဖြစ် တတ်စွမ်းသလောက်……..

  • Swal Taw Ywet

    February 2, 2012 at 10:45 pm

    COMMENT များသို့
    – ဦးဦးပါလေရာ….. ကျေးဇူးပါ..
    ဥယျာဉ်ကြီးကို မျောက်တွေလက်ထဲထည့်ပေးခဲ့တဲ့သူကို အပြစ်တင်ရမလား?
    ပြန်ရအောင်မလုပ်နိုင်ခဲ့တဲ့ ကိုယ်တွေကိုပဲအပြစ်တင်ရမလား?
    အလွယ်ဆုံးကတော့………… သူကြီးရေ.. Wiki ထဲမှာ ရှာပေးပါဦးဗျို့

    – မပဒုမ္မာ ….. အားလုံပြည့်စုံမှ System ကောင်းတစ်ခုဖြစ်လာမှာလေ၊
    ကျောင်းသားဦးရေ တိုးပွားလာနေတဲ့ နှုန်းနဲ့ ကျောင်းအသစ်တွေ တိုးချဲ့ခဲ့တဲ့နှုန်း အချိုးမညီခဲ့လေတော့
    ကျောင်းသစ်တွေလည်း ဆောက်၊ ဆရာသစ်တွေလည်း ခန့် ၊
    ဆရာ အခွင့်အရေးတွေပိုပေးပြီး အရည်အချင်းလည်း မြှင့်တင်ပေးရမှာပါ။

    – Mလုလင်… ထိရောက်တဲ့ ဆွေးနွေးချက်လေးတွေပါ။
    ကျနော်တို့တုန်းက ရည်မှန်းချက်နဲနဲထားလို့ ရနိုင်ခဲ့သေးတယ်ဗျ။
    အခုခေတ် ကလေးတွေကျတော့ ရည်မှန်းချက်ထားလို့ မရနိုင်တော့လောက်အောင် ဝေဝါးပျောက်ကွယ်နေတယ်လို့ ကျနော်မြင်တယ်.. .. အဲဒီ့တော့ ….. ကျောင်းတက်ရင် ဘာရမှာလဲ ? မုန့်ဖိုးရတာပေါ့ ဆိုတာလောက်ပဲ ဖြစ်နေတာပေါ့။

    – ဖရဲသီးရေ…… မှန်လိုက်လေဗျာ
    ပစ္စည်းပြလိုက်ရင် ချက်ချင်းသိ.. တစ်သက်လုံးစွဲသွားနိုင်တဲ့ အကြောင်းအရာကို သီအိုရီသင်… စာ၂ မျက်နှာလောက်ရေးပေးပြီး ကျက်ခိုင်းနေတဲ့အခြေအနေပါ။

    – စိုင်ပစ်ဖို့သွားတာ ငှက်ပစ်ခဲ့တဲ့ပုဂ္ဂိုလ်လေးရေ ကျနော်တို့ပြည်တွင်းမှာက Customer Relationship Management သိဖို့နေနေသာသာ ကိုယ့် Customer က ဘယ်သူတွေ၊ ကိုယ်က ဘယ်သူ့ရဲ့ Customer လဲဆိုတာကိုတောင် ကွဲကွဲပြားပြား သိမနေကြလို့ပါဗျာ။
    Marketing Idea ကိုတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။
    မိဘဆရာ အသင်းတွေရဲ့ ကဏ္ဍကိုမြှင့်တင်ပေးနိုင်ရင် ရနိုင်လောက်ပါရဲ့နော်။??

    – စိန်ပေါက်ပေါက်ရေ….. ဆရာအဖြစ်မလုပ်ခဲ့တဲ့အတွက် သများကို (ကလေးတွေကိုယ်စား) ကျေးကျေးပါနော်…
    – “တပည့်သည် ဆရာ့ထက်ပိုတော်၊ ပိုမြင့်သွားသင့်သည်” ဆိုတဲ့ Rule of Development အရေးကြီးပုံပေါ့။
    အဲဒါကြောင့် ကျနော်သုံးခဲ့တယ်လေ.. “ဇောက်ထိုးဆင်းနေသော မြန်မာ့ပညာရေးစနစ်လို့”

    – အိတုံရေ (ဖေါ့ ၍ အသံထွက်ထားပါသည်)
    ရိက္ခာရဘို့ သိက္ခာကိုဘေးဖယ်ထားရတဲ့ ဘဝ ပီတိကိုစားပြီး အားချိနေရတဲ့ ဘဝကနေ
    ဆရာ၊ ဆရာမတွေ အမြန်ဆုံး လွတ်မြောက်စေချင်လှပါပြီဗျာ။

    – ဆရာမောင်မိုးညို… အသေးစိတ် မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးပါ။
    “မှားနေတာကို မှားမှန်းသိရင် မှားကြောင်းဝန်ခံပြီးတာနဲ့ အမှန်ရောက်အောင် ချက်ချင်းပြင်၊ လမ်းကြောင်းပြောင်း လိုက်နိုင်တဲ့ အရည်အချင်းဟာ အမေရိကန် နိုင်ငံကြီး တိုးတက်ရခြင်းရဲ့ အကြောင်းရင်း” လို့မှတ်သားခဲ့ရဘူးပါတယ်။
    မှားနေမှန်းသိသိကြီးနဲ့ မပြောင်းနိုင်သေးတဲ့ကျနော်တို့ နိုင်ငံသာ…..

    – (ဒေါ်) ခင်လတ်ခင်ဗျား… စောင့်မျှော်နေမိပါတယ်။
    ( သံဗုဒ္ဒေဂါထာကိုလည်း ကပေါက်တိ ကပေါက်ချာရွတ်မိနေတယ်ခင်ဗျ )

    – မဝေဝေ ခင်ဗျား… အတိုဆုံးနဲ့ အထိရောက်ဆုံး ထောက်ပြချက်လေးပါပဲ။
    ရည်ညွှန်းပို့စ်လေးမှာပါတဲ့ တရုတ်ပညာရေးစနစ်ရဲ့ “သူများတွေလုပ်နိုင်ရင် ငါတို့လည်းလုပ်နိုင်ရမယ်၊ သူများတွေမလုပ်နိုင်ရင်လည်း ငါတို့လုပ်နိုင်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်လေးရဲ့ ပါဝါက ပြင်းလှချည်လားဗျာ။

    – သူကြီးခိုင်… ဆက်ပြီးဆွေးနွေးနိုင်အောင် Sticky လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ။
    – “အနာဂါတ် မြန်မာနိုင်ငံတော် အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်စေရပါမယ်လို့” သစ္စာစကားပါခင်ဗျ။
    – With respect,
    – Swal Taw Ywet.

    • Swal Taw Ywet

      February 3, 2012 at 9:33 am

      ( မမ ) ပဒုမ္မာ …..
      ( ဒေါ် ဒေါ် ) ခင်လတ်

      ခွင့်လွှတ်ပေး ပါ ခင်ဗျ။

      With respect,
      Swal Taw Ywet.

  • စွယ်တော်ရွက်လေးရဲ ့ရင်ဘတ်ထဲကစာသားလေးတွေက အမှန်တွေပါဘဲ။မကြမ်းတမ်းပါဘူး။
    ပညာရေးကိုလိုလားသူတိုင်းဟာ ထပ်တူထပ်မျှပါဗျာ။အနာဂတ်အတွက် စိတ်အားငယ်မိပါရဲ့။
    ဘယ်လိုစခန်းသွားကြမလဲဗျာ။

  • Khin Latt

    February 5, 2012 at 4:06 am

    Bookmark လုပ်ထားပြီး မှတ်ချက် ပေးဖို့ နောက်ကျ နေတဲ့ အတွက် Very Sorry ပါ စွယ်တော်ရွက်ရေ။

    နိုင်ငံကြီး တွေ မှာလဲ သူတို့ စနစ်တွေမှာ အချိန်အခါနဲ့လိုက်ပြီး ချွတ်ယွင်းချက် တွေရှိ ပါတယ်။ ဒါပေမဲ့ သူတို့ ကတော့ အဲဒီ ချွတ်ယွင်းချက် တွေ ဖြစ်လာတိုင်း အစိုးရက ဦးဆောင်ပြီး ပြန်ပြင်ဖို့ လိုလို လားလား ရှိတော့ အကောင်းမှာ ရှိနေဖို့ အခွင့်အရေး များသပေါ့။

    အရီးတို့ ဆီမှာတော့ တာဝန်ရှိသူတွေက သေသေချာချာ တာဝန်မယူ သလိုဖြစ်နေတော့ ပျက်သထက်ပျက် လာတာ မဆန်းပါဘူး။
    ခလေးတွေ ပညာရေးကောင်းဖို့ ပထမဆုံး မြင် တာက တော့ စာသင်ကြား နေတဲ့ ဆရာတွေပါဘဲ။ စာသင်ကြား နေတဲ့ ဆရာ ဆိုတာ ပညာ အရည်အချင်း မှာသာ မက စေတနာ ဝါသနာ အပြည့်ရှိရပါမယ်။ အနစ်နာကိုတော့ ထားပါ။ သူတို့ကို ကျားထိုးသလို ထိုးကျွေးပြီး အနစ်နာခံခိုင်းဖို့ တော့ မသင့်ဘူးထင်လို့ပါ။
    လက်ရှိ မြန်မာပြည် ရဲ့ ဆရာတွေ အတွက် အလေးထား စဉ်းစားပေးရမဲ့ အချက်တွေ လို့ မြင်မိတာ တွေကို မှတ်ချက်ပေးချင်ပါတယ်။

    (၁) လစာ
    ဟိုးအရင် ခေတ်တုန်းက ဆိုရင် ကိုယ်ကသာ အသုံးမကျလို့ ဖြစ်မယ်။ စာသင်ခဲ့ ဘူးတဲ့ ဆရာတွေဟာ တကဲ့ကို ပညာအပြည့်၊ စေတနာ၊ ဝါသနာ၊ အနစ်နာ အပြည့်ပါဘဲ။ အဲဒီတုန်းက ကျောင်းဆရာ လစာဟာလဲ မိသားစု အတွက် ဝင်ငွေ နဲ့ ထွက်ငွေ မျှအောင် ထိန်းထား နိုင်တော့ ကျောင်းမှာဘဲ စာကို သင်ကြပါတယ်။ အခု ခေတ်ကတော့ အပို အလုပ်မလုပ်ရင် ထွက်ငွေ ဂဏန်းက များနေတာ သေချာသမို့ လစာ ပိုရတဲ့ ဆီ မှာ အလုပ် ရဖို့ ကြိုးစားကြရင်း ဆရာလုပ်သူများဟာ ဝါသနာပါလို့ ထက် Plan B ကနေ ဝင်လာ သူတွေ များလာ နိုင်ပါတယ်။
    လေ့လာကြည့်မိသလောက် ကတော့ မြန်မာပြည်မှာ မပြောနဲ့ USA တို့၊ UK တို့ရဲ့ ကျောင်းဆရာ လစာဟာလဲ Professional အလုပ်တွေထဲမှာ အနိမ့် ဆုံးဖြစ်တယ် လို့ နားလည်ထားပါတယ်။
    အဲဒါကဘဲ ပညာရေးစနစ် တိုးတက်ဖို့ရဲ့ ပြဿနာ ဖြစ်ခဲ့သလားပါဘဲ။

    (၂) အဆင့်မြင့် သင်တန်း
    ခလေးတွေ ကို စာသင်မဲ့ ဆရာ တွေဟာ တကယ်ဘဲ အရည်အချင်းပြည့်ဝ ဖို့လိုပါတယ်။ အဲဒီ ဆရာ တွေကိုရော အရည်အချင်းပြည့်ဝအောင် လိုအပ်တဲ့ မှန်ကန်တဲ့ ပံ့ပိုးမှုတွေကို သက်ဆိုင်ရာက မပြတ်ပံ့ပိုး ပေးရပါမယ်။ ဒီနေရာမှာတော့ ဆရာ ကိုယ်ကိုယ်တိုင်ကလဲ နည်းပညာ တွေ ကို မပြတ်လေ့လာ နေသင့်ပါတယ်။ ကျောင်းသင်ခန်းစာ အတွက် အထောက်အကူ ပစ္စည်း တွေ ကို သုံးစွဲပြီး သင်နိုင်အောင် လဲ ပံ့ပိုး ရပါမယ်။
    ဆရာရဲ့ အရည်အချင်းထဲမှာ ကျောင်းသား တွေ ရဲ့ အမူအကျင့် တွေကိုပါ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့ လိုတာကြောင့် အဲဒါမျိုး နဲ့ဆိုင်တဲ့ သင်တန်းတွေ နဲ့လဲ ပံ့ပိုးပေးဖို့ လိုပါတယ်။
    ကျောင်းဆရာ တစ်ယောက် ဟာလဲ ဆရာဝန် တစ်ယောက် လိုပါဘဲ။ အလုပ်မှာ Passion (အားထက်သန် စိတ်) မရှိလို့ မဖြစ်ပါဘူး။ အဲဒီလိုမျိုး ဖြစ်ဖို့ ဇွဲကောင်းရတယ် ဆိုတာလဲ ကျောင်းဆရာကောင်း တစ်ယောက် ရဲ့ အရည်အချင်း ဖြစ်လေမလား။ ဒါကတော့ ဆရာရဲ့ ပင်ကိုယ် စိတ်ထား ပေါ်မှာ အများကြီး တည်မှာပါ။

    (၃) စာသင်ခန်း size
    ကျောင်းစာသင်ခန်း sizeကို မညွန်းပါဘူး။ စာသင်ခန်းမှာ စာသင်မဲ့ ကျောင်းသား အရေအတွက် ကို ပြောချင် တာပါ။
    ဘယ်လောက်ဘဲ စေတနာပြည့်ပြီး အရည်အချင်းရှိ တဲ့ ဆရာဖြစ်ပါစေ။ မူလတန်းမှာ ကျောင်းသား ၆ဝ ကျော်လောက်ရှိတဲ့ အတန်းကို အရည်အသွေးကောင်းရအောင် ထိန်းဖို့ လွယ်မှာ မဟုတ် ပါဘူး။ ဒီတော့ စာသင်ဖို့ တာဝန်ယူရတဲ့ ကျောင်းသား အရေအတွက် နဲ့ လိုအပ်တဲ့ ဆရာ အချိုးဟာလဲ မျှအောင် စဉ်းစားပေးခြင်း ဟာလဲ ဆရာကို မနိုင်ဝန် ထမ်းခြင်းမှ ကာကွယ်ပေးရာ ရောက်တာမို့ အဓိက ထည့်သွင်းစဉ်းစားရမဲ့ အချက် ပါဘဲ။

    (၄) သင်ရိုးညွှန်းတန်း
    ခိုင်မာတဲ့ သင်ရိုးတွေ ကို ကျောင်းတွေမှာ ပြဌာန်း ရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ကျောင်းတိုင်း မှာ အတန်းတိုင်း အတွက် တိကျတဲ့ သင်ရိုး တွေ နဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက် တွေ မရှိ သလောက်များ ဖြစ်နေသလား ပါဘဲ။ အဲဒီသင်ရိုး တွေမှာ ကျောင်းသားကို ပုံသေသင်၊ ပုံသေ စာမေးပွဲ စစ် တာမဟုတ် ဘဲ ဆရာ နဲ့ ကျောင်းသားကြား အကြောင်းအရာ တစ်ခု ကို အပြန်အလှန် ဆွေးနွေး ပြီး ရှုဒေါင့်စုံ က စဉ်းစားတတ်အောင် သင်ပေးတဲ့ ပုံစံမျိုး ချရမှာပါ။ အဲဒါဟာ ကျောင်းသားတွေ ကိုသာမက ဆရာတွေ ရဲ့ အရည်အချင်းကိုလဲ စိမ်ခေါ်ခြင်း တစ်မျိုးပါဘဲ။
    သဘောက တော့ common sense ရှိအောင် သင်ပေးနိုင်တဲ့ သင်ရိုး နဲ့ အဲဒါကို လိုက် သင်နိုင် တဲ့ ဆရာ လိုတာပါဘဲ။ common sense မရှိ တဲ့ ပညာရေးဟာ တကယ်တော့ သုံးလို့ရမှာ မဟုတ်ပါဘူး။ ဒီတော့ ဆရာကိုယ်တိုင်ကိုလဲ common sense ရှိအောင် ပံ့ပိုးပေးရပါမယ်။ ဒါကတော့ သူ့ရခဲ့တဲ့ ပညာရေး နဲ့ ပြန်နွယ်သွားပြီး မုန့်လုံးစက္ကူကပ် ပြန်ဖြစ်သွား နိုင်ပြန် ပါ တယ်။

    (၅) မိဘများ မှ ပူးပေါင်း ဆောင်ရွက်ခြင်း
    မြန်မာပြည်မှာ “မိဘ ဆရာ ပူးပေါင်း ကလေး ပညာကောင်း” လို့တော့ ဆောင်ပုဒ် ရှိပါ တယ်။ ဒါပေမဲ့ တကယ် ဘဲ ဆရာတွေ က ခလေး တွေရဲ့ အခြေအနေကို အမှန်သိပြီး မိဘတွေ ကို အသိပေးသလား။ Exam Report Card ကို မပြောပါ။
    မိဘတွေ ကိုလဲ ဆရာ နဲ့ ပူးပေါင်းပြီး ကိုယ့်ခလေး ပညာရေး ကို ပံ့ပိုးချင်စိတ် ရှိအောင်၊ ပိုက်ဆံပေးပြီး ခလေးကို ကျုရှင်ယူခိုင်းတာ မဟုတ် ဘဲ ကိုယ့်ခလေး ရဲ့ အခြေအနေကို တကယ်သိပြီး ဆရာ ကို သတင်းပေး ပံ့ပိုးနိုင်သူ ဖြစ် အောင် အသိစိတ် မွေးပေးရပါမယ်။
    တကယ်တော့ ဆရာ နဲ့ မိဘ ဆိုတာ ခလေး ရဲ့ Progrss ကို ဆွေးနွေးနေနိုင်ဖို့ အချင်းချင်း မပြတ်ထိတွေ့နေရပါမယ်။

    တကယ်တော့ ဒါတွေက အတော်များများ စွယ်တော်ရွက်ရဲ့ Post ထဲမှာကို ပါပြီးတာပါဘဲ။
    နဲနဲထပ်ပြီး လျှာရှည်တာပါ။
    ဒီတော့ ဒီလို ဆရာကောင်း တွေရအောင် ပံ့ပိုးဖို့ အတွက် အဓိကကတော့ စနစ်ကောင်း ရဖို့ …..
    အဲဒီ စနစ်ကောင်း ကို ရဖို့ကတော့ ခေါက်ရိုးကျိုး စနစ်ကို ဖယ်ပြီး စေတနာရှိရှိနဲ့ စနစ်ကောင်း ကို ပြင်ပေးမဲ့ သက်ဆိုင်ရာ လူကောင်း ကို မျှော်ရုံ / ဆုတောင်းရုံ ပါဘဲလို့ ပြောမိရင် ရဲရဲတောက် ဒို့ဗမာ ဖြစ်သွားမလားလို့။ 😉

    ခင်တဲ့
    အရီး

    • Swal Taw Ywet

      April 23, 2012 at 12:52 am

      Dear အရီး,
      Noted as-
      (၁) လစာ
      (၂) အဆင့်မြင့် သင်တန်း
      (၃) စာသင်ခန်း size
      ကျောင်းစာသင်ခန်း sizeကို မညွန်းပါဘူး။ စာသင်ခန်းမှာ စာသင်မဲ့ ကျောင်းသား အရေအတွက် ကို ပြောချင် တာပါ။
      (၄) သင်ရိုးညွှန်းတန်း
      (၅) မိဘများ မှ ပူးပေါင်း ဆောင်ရွက်ခြင်း…..
      Necessary needs to be the good education.
      But …..In Myanmar….. NOTHING in good condition….. So…
      ဒီတော့ ဒီလို ဆရာကောင်း တွေရအောင် ပံ့ပိုးဖို့ အတွက် အဓိကကတော့ စနစ်ကောင်း ရဖို့ …..
      အဲဒီ စနစ်ကောင်း ကို ရဖို့ကတော့ ခေါက်ရိုးကျိုး စနစ်ကို ဖယ်ပြီး စေတနာရှိရှိနဲ့ စနစ်ကောင်း ကို ပြင်ပေးမဲ့ သက်ဆိုင်ရာ လူကောင်း ကို မျှော်ရုံ / ဆုတောင်းရုံ ပါဘဲ…
      Many Thanks for your valuable comment.
      Any way, Let’s try our best for our mother land.
      I would like to do like that but I could not ( Far from Myanmar ).
      So now I am supporting 2000 Group whom are trying to help the needy people.

      With respect,
      Swal Taw Ywet.

Leave a Reply