သာသနာဆိုတာ လူသားအတွက်လား၊ လူသားသည် သာသနာ အတွက်လား

uzinJanuary 30, 20121min1678

ဤခေါင်းစဉ်သည် သာသနာကို ချစ်သောစိတ်ဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ သာသနာ ဆိုတာ အဆုံးအမလို့ သိရပါတယ်။ အဆုံးအမဆိုတာ လိုက်နာရန်၊ ရှောင်ရန်တို့ကို ပြောဆိုခြင်းဖြစ်ပြီး ထို လိုက်နာရန်နှင့် ရှောင်ရန်တို့သည် လူသားအဖြစ် ရှိနေဆဲကာလအဖို့အပြင် မည်သည့်ကာလအထိ အကျိုးဆက်လက် ခံစားစေလိုသနည်း။ ယခု လိုက်နာ ယခုအကျိုးရ၊ ယခုရှောင် ယခုအေးငြိမ်း အလွန်ကောင်းပြီပေါ့။

သာသနာဆိုတာ ဆည်းကပ်သူလူတွေကို ငြိမ်းချမ်းစေတဲ့အရာ၊ ဗဟုဇနဟိတာယ လူတွေအကျိုး စီးပွားများဖို့ သာသနာဆိုတာ ရှိရတာလို့ ခံစားမိပါတယ်။ သာသနာအတွက် လူတွေရှိနေရတာ မဟုတ်၊ လူတွေအတွက် သာသနာရှိနေရတာလို့ နားလည် မိပါတယ်။ သာသနာကို ဆည်းကပ်သူတွေကို လွန်စွာမှလည်း ကြီးပွားတိုးတက်စေချင်ပါတယ်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်း စေလိုပါတယ်။

သည်းခံပြီး ဖတ်ပေးစေလိုပါတယ်။ လှူရင်ချမ်းသာရမယ်ဆိုပြီး အလှူအတန်းအများဆုံး ဦးဇင်းတို့ နိုင်ငံ ဘာကြောင့်မွဲနေတာလဲ၊ အဖြေကတော့ သာသနာအဆုံးအမ အစစ်နဲ့ လွှဲနေလို့လား၊ သာသနာ့အဆုံးအမနဲ့ မကျင့်သုံးမနေထိုင်လို့လား။ သီလရှိရင် ချမ်းသာရမယ်ဆိုပြီး ဥပုတ်တိုင်း သီလတွေယူနေကြသူတွေ ဘာကြောင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာမြန်မာကွလို့ မကြွေးကျော်နိုင်တာလဲ၊ နေ့စဉ်ညစဉ် ဟောပြောပို့ချနေတဲ့ ဦးဇင်းတို့ သာသနာကို ဆည်းကပ်ကြတဲ့ ဦးဇင်းတို့ နိုင်ငံက ပြည်သူ/သားတွေ ရဲ့စိတ်တွေ ဘာကြောင့်နိမ့်ကျနေရတာလဲ၊ ဓမ္မကထိက ဟောပြောချက်နဲ့၊ စာရေးဆရာတစ်ယောက် ဟောပြောချက် ဘယ်ဟာက လက်တွေ့ကျပြီး လိုက်နာလို့ရသလဲ ဆိုတာ နာသူရော၊ ဟောသူပါ သိဖို့ လိုအပ်လှပါတယ်။ဗုဒ္ဓဘာသာ  မြန်မာနိုင်ငံက ထောင်တွေအချုပ်တွေလဲ ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံက ထောင်တွေအချုပ်တွေလိုပဲ ခိုး၊ ဆိုး၊ နှိုက်၊ သတ်၊ မဒိန်းကောင်တွေ ပြည့်လို့ပါပဲ၊

ဦးဇင်းတို့ ရဲ့ သံဃာထုအတွင်းမှာလည်း လူသားငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ပြောဆိုတာတွေကို ကိုယ့်အယူအဆနဲ့ မတူတာတွေရင် အဓမ္မလို့ပြောဖို့ သံဃာထုစုပြီး အကြီးအကဲအဖွဲ့ကို တင်ပြီး အလုပ်ပေးတော့တာပဲ၊ ဒါလဲ အလွန်မကောင်းတဲ့ လုပ်ရပ်ပါ။

နိုင်ငံတိုးတက်တယ်ဆိုတာ ၊ နိုင်ငံတွင်းရှိ လူတစ်ဦးချင်း အရည်အသွေးနဲ့ စိတ်ဓာတ်အသိ ယဉ်ကျေးဖို့ လိုအပ်ပါတယ်။ ဒါတွေ ဖြစ်ဖို့ဆိုရင် ထောက်ပြဝေဖန်မှု၊ လေ့လာဆန်းစစ်မှု၊ အထူးလိုအပ်ပါတယ်။

ထောက်ပြဝေဖန်မှုနဲ့ အပြစ်တင်ရှုတ်ချမှုကို ခွဲခြားတတ်ဖို့နဲ့ ကွဲပြားအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လူကိုပြောပြီး၊ လူကို ပြစ်ဒဏ်ပေးတာ နဲ့ လူရဲ့ မူကို ပြောပြီး၊ မူကို ပြင်တာမှာ ဒုတိယအချက်ကို များစွာလုပ်ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

စာရှုသည် ပရိတ်သတ် သို့ အထူးမေတ္တာရပ်ခံပါတယ်။ အထက်ပါစာပိုဒ်ထဲမှာ လက္ခံနိုင်သည်ကို ကျင့်သုံးပြီး လက်မခံနိုင်သည်ကို တွေ့ပါက ကရုဏာစိတ်ဖြင့် မှတ်ချက်ပေးနိုင်ပါတယ်။ ဒေါသအနိုင်လိုစိတ်ဖြင့် ပြောမည်ဆိုက သင့်ကို အနိုင်ပေးပါမည်ဟု ကြိုတင်အသိပေးစေ လိုပါတယ်။ ဒေါသအနိုင်လိုစိတ်ဖြင့် ရေးသားမည့် သင်၏ မှတ်ချက်ကိုလည်း မဖတ်လိုပါ။

 

8 comments

  • ကိုသစ္စာ

    January 30, 2012 at 2:26 pm

    (သာသနာဆိုတာ လူသားအတွက်လား၊ လူသားသည် သာသနာ အတွက်လား)ဆိုတာနှင့် ပတ်သက်လို့
    http://www.ariyathitsa.org/html/mp-3_2.html ရှိ 15 – 2 – 2005 နေ့တွင် ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် ” ကိုယ်ကယူထားတဲ့ ဗုဒ္ဓဘာသာဖြစ်မှသာ ” http://www.mediafire.com/?q4nxua5gmwv4xmt#1 ဆိုသည့်တရားဖြစ်ပါသည်။

  • True Answer

    January 30, 2012 at 4:29 pm

    သာသနာသည် ဘာသာလူမျိုးမရွေး အတွက်ဖြစ်သည်။ တနည်းအားဖြင့် လူသားတစ်မျိုးအတွက်သာမဟုတ် သတ္တဝါ အနန္တအတွက်ဖြစ်သည်။

    လူမှလူ၊ ကောင်းကောင်းနေ ကောင်းကောင်းစားနေလိုသည့် ကျဉ်းမြောင်းလှသော ရှုထောင့်ကို စွန့်လွှတ်နိုင်မှသာ မြင်နိုင်ပေသည်။

    • mggwa

      January 31, 2012 at 2:16 pm

      လူဟာ လူစကားပဲပြောပါ၏။
      သင်သည် လူဖြစ်သည်ဆိုလျှင် – – – – – ။
      သို့မဟုတ် သင်နေမကောင်းပါဖြစ်ပါက ဆေးထိ်ုး၊ ဆေးသောက် လုပ်၊ မလုပ်၊
      သနားစရာ ပိုးမွှားတွေမှာ – – – – – – – ။
      ဒါကတော့ ပိုး စကားပြောကြည့်လိုက်တာပေါ့။
      အပြောနဲ့ အလုပ် ညီဖို့တော့ လိုတယ်ပေါ့ဗျာ။
      လူကြားကောင်းအောင်မေတ္တာတွေ ပို့မနေနဲ့ ၊
      ကိုယ်နိုင်တာပဲ ပြော၊ လုပ်။ အပိုတွေ – – – ။
      ဟူး ပြောရတာ လက်ပေါက်ကပ်လိုက်တာ True Answer ရာ။
      ငါက မနေနိုင်တော့ နင့်ချည်းပဲပြောနေရတယ်။
      အဲဒီလောက်တော့ မပိန်းသင့်တော့ဘူး။

  • ကိုပါကြီး

    January 30, 2012 at 5:34 pm

    ဘာသာတရားတွေဆိုတာ လူ့အသိဉာဏ်ကို မြေဆီမြေဩဇာလို ပံ့ပိုးပေးတဲ့ အာဟာရတွေပဲဖြစ်သင့်သည်။
    လူတွေရဲ့ အသိဉာဏ်ကို လောင်းရိပ်လို မိုးထားသော စိုးမိုးမှုမျိုးတော့ မဖြစ်သင့်ပေ။
    ဒါဆို ယနေ့ဘာသာရေးကျင့်သုံးမှုတွေရဲ့ အခြေအနေက မြေဩဇာလို ကျင့်သုံးနေလား၊ လောင်းရိပ်လို ကျင့်သုံးနေကြလားဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်။
    ဘာသာသာသနာတွေက ဘာပဲပြောပြော ယုံရမှာပေါ့ဆိုတဲ့ သူတွေက လောင်းရိပ်အောက်ကို အတင်းဝင်နေကြတာ။ ဒါ့ကြောင့် ထိုသူတို့ရဲ့ အသိတွေက လောင်ရိပ်ကြောင့် မဖွံ့ဖြိုးတော့ပဲ ကျဉ်းမြောင်းကြကုန်တော့၏။
    တကယ်ကတော့ ဘာသာသာသနာဆိုတာ လူ့အသိဉာဏ်ကို ဘေးကပံ့ပိုးပေးသော မြေဩဇာလိုသာ သုံးသင့်တာပါ။

  • naywoonni

    January 30, 2012 at 7:22 pm

    ဟင့်အင်း…. မပြောရဲပါဘူးနော်…။ 😛

    • mggwa

      January 31, 2012 at 2:08 pm

      မကြောက်ပါနဲ့ naywoonni ရ။ ပြောစမ်းပါ။
      မှန်ပါ့ ဘုရား၊ တင်ပါ့ ဘုရားနဲ့ လက်ညှိုးထောင်ခေါင်းညှိတ်တဲ့ ခေတ်မရှိတော့ပါဘူးကွ။ လူတွေအသိကျယ်လာပါပြီ။
      ဗဟုသုတများ အသိအမြင်ကျယ်ခြင်းသည် မင်္ဂလာတဲ့။
      မင်္ဂလာခေတ်ကို ရောက်တော့မှာပါ။
      သူတို့ ဟောတာ ပြောတာ ဖွင့်ဆိုတာပဲယုံဆိုတဲ့ လက်ညှိုးထောင်ခေါင်းညှိတ်တဲ့ “အမင်္ဂလာ”ခေတ်က ကုန်တော့မှာပါ။
      ရဲရဲကြီးပြော၊ သဘာဝမကျရင်။

  • ကြက်ဖင် ( အကယ်ဒမီ )

    January 30, 2012 at 9:20 pm

    ဒါလား
    ဘာခက်တာမှတ်လို့
    ခင်ဗျားထမင်းစားတာ အသက်ရှင်ဘို့လား အသက်ရှင်တယ်ဆိုတာ ထမင်းစားဘို့လား ?????

  • ဇွဲမာန်(အင်းဝ)

    February 3, 2012 at 10:51 pm

    သာသနာဆိုတာ လူသားအတွက်ပါ..။

Leave a Reply