နိုင်ငံခြားသား ဧည့်သည်တစ်ယောက် အလုပ်ကိစ္စနဲ့မြန်မာပြည်ရောက်တုန်း စကော့ဈေးထဲ ခြေဦးလှည့်ချင်တယ်ဆိုတာနဲ့  လိုက်ပို့ပေးဖို့ … ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာခဲ့ပါတယ် … ။ သူတည်းခိုတဲ့နေရာက ထရိတ်ဒါးဟိုတယ်မှာ ဖြစ်လို့ …. ဗိုလ်ချုပ်လမ်းအတိုင်းနောက်ပြန်လျှောက်ခဲ့ကြတ ယ် ။ တစ်ဖက်လမ်းကို ကူးဖို့ ကားရှင်းတဲ့ အချိန် ကျွန်မက မျဥ်းကြားရှာမနေတော့ပဲ အလွယ်သာ ကူးဖို့ ပြင်လိုက်ပါတယ် ။ သူ့ကိုလည်း ကူးဖို့ အသံပေးရင်း ကားအလစ်ဖြတ်ကူးမယ်အလုပ် … ကျွန်မကို လမ်းပေါ်က ဖြတ်မကူးဖို့ တားပြီး ရှေ့ဆက်လျှောက်ပါတော့တယ် …. ။ ဗိုလ်ချုပ်လမ်းလို နေရာမျိုးက ကားအသွားလာ ပြတ်တယ်လို့မရှိပါဘူး .. ကားလမ်းကူးလျှင် ကားသွားလာများတာကြောင့် …စိတ်ရှည်လက်ရှည်နဲ့ ကူးရတဲ့ လမ်းမျိုးဖြစ်တာမို့ … ကားလစ်တုန်းကူးဖို့ ပြင်ရတာပါ … ။ ထို နိုင်ငံခြားသားက ဆက်လျှောက်နေတာကြောင့် …ကျွန်မလည်း … ကားလမ်းမကူးဖြစ်ပဲ နောက်ကဆက်လျှောက်ရပါတော့တယ် …။
ဂရမ်းမီးရထားရှေ့က လူကူးမျဉ်းကြားလည်းရောက်ရော … မပြောမဆို ဖြတ်ခနဲ လမ်းကူးတာ ကျွန်မဖြင့် ကြောင်ငေးကြည့်ပြီး ဒီဘက်ပလတ်ဖောင်းပေါ်ကပဲ .. ပါးစပ်အဟောင်းသားပေါ့… သူကတော့ … ကားတိုင်း သူ့အမျိုးကားလိုများတွေးသလားမှတ်တယ် … အေးဆေးလက်ပြပြီးဖြတ်ကူးတာ ဟိုဘက်ကားလမ်းရောက်သွားပါလေရော … ။ ကားတွေကလည်း လက်တားပြီးကူးတဲ့ သူ့ကို ရပ်ပေးတဲ့ကားရှိသလို .. အနားရောက်မှ ဘရိတ်စောင့်အုတ်တဲ့ကားလည်းရှိတယ် … တချို့ လိုင်းကားတွေရဲ့ မေတ္တာပို့သံလည်း ကြားရပါသေးတယ် … ။ ကားရှင်းတဲ့အချိန် လမ်းဖြတ်ကူးရအောင်ဆိုတုန်းကတော့ … မကူးပါပဲ .. ကားတွေလာတော့မှ မကြောက်မရွံ့လက်တားကူးတာ … ဒီလူ ကြပ်ရော ပြည့်ပါ့မလားလို့ ကြံကြံဖန်ဖန်တွေးဇဝေဇ၀ါဖြစ်မိတဲ့အထိပါပဲ … ။ ကားတွေအတော်တန်ရှင်းအောင် စောင့်ပြီးမှသာ တစ်ဘက်ကားလမ်းကို ကျွန်မကူးရဲခဲ့ပါတယ် … ။ သိချင်စိတ်က ထိန်းမရတာကြောင့် … လောလောလတ်လတ်ပဲ သူ့ကို မေးကြည့်မိပါတယ် ။
သူတို့နိုင်ငံမှာ ယာဉ်တွေရော လူတွေပါ လမ်းပေါ်ရောက်နေတဲ့အချိန် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းသာ ပြုမူလုပ်ဆောင်ကြပါသတဲ့ … ။ ကားတွေဆိုလည်း လမ်းပြောင်းပြန်မောင်းတာမရှိသလို ၊ ဖြူနီကြားမရပ်တာမျိုး ၊ ဂငယ်ကွေ့မကွေ့ရဆိုတဲ့နေရာမကွေ့တာမျိုး (မြင်ကွယ်ကွယ် ၊ မမြင်ကွယ်ကွယ်မလုပ်ကြဘူးတဲ့လေ ) ။ ဒီလိုပါပဲ … လမ်းလျှောက်သူများအနေနဲ့ကလည်း သတ်မှတ်ထားတဲ့ လမ်းလျှောက်တဲ့ ဧရိယာကသာ လျှောက်ကြပြီး လူကူးမျဉ်းကြားက ဘယ်လောက်ပဲ ဝေးဝေး … အဲ့ဒီက သွားကူးပါတယ်တဲ့ … ။ အရင်က ကျွန်မမကြားဖူးတဲ့ စကားကတော့ … သူတို့နိုင်ငံမှာ လူကူးမျဉ်းကြားက ကူးတဲ့လူကို တိုက်လျှင် အတော်အပြစ်ကြီးတယ်ဆိုပဲ …. ။ လူကူးမျဉ်းကြားမျာ လူရှိတာနဲ့ … ကားတွေ အရှိန်လျှော့ရပ်ပေးကြပြီး ဖြတ်သန်းမှု ပြီးမှသာ ဆက်လက်ထွက်ခွာ မောင်းနှင်ကြပါတယ်တဲ့ … ။ ဘယ်လောက်ပဲ အရေးကြီးကြီး မျဉ်းကြားကလမ်းဖြတ်ကူးသူကို ဦးစားပေးပြီး ရပ်တန့်ပေးကြပါသတဲ့ … ။ ဒါကြောင့်လည်း သူက သူ့အတွေးနဲ့သူ လက်ပြပြီးကားလမ်းကူးရဲတာကိုးလို့ ပြုံးမိပြန်တယ် …။
##############
လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က အဖြစ်ပျက်လေး သတိရမိပြန်တယ် … ။ ကျွန်မတစ်ယောက်တည်း မြေနီကုန်းဂမုန်းပွင့်သွားပြီး ခဏပြန်အလာ မြေနီကုန်းပန်းခြံရှေ့ကနေ ပြည်လမ်းမပေါ်ကို ကားလမ်းကူးမျဉ်းကြားက မကူးပဲ ကြုံသလို ကူးတုန်း .. လမ်းလည်ခေါင်ရောက်မှ ပလိတ်ဖမ်းခံရပါလေရော … ။ ကားတွေက များလို့ ဖြတ်ပြေးလို့ကလည်းမရတာနဲ့ ..ယောင်လည်လည်နဲ့  ယာဉ်စည်းကမ်းထိန်းသိမ်းရေးကားကြီးပေါ်ပါသွားပါတယ် … ဒိုင်နာကားလိုမျိုး14ပေကားကြီးမှာ ဗီနိုင်းတွေနဲ့ယာဉ်စည်းကမ်းထိန်းသိမ်းရေးလို့လည်းရေးထားသေးတယ် … ။ အဲ့ဒီကားပေါ်မှာ ကျွန်မလို ဘ၀တူတွေ .. ပုပုကွကွနုနုရွရွ အရွယ်ကိုစုံလို့ပေါ့ … ။ အားလုံးကတော့ မျက်နှာသေလေးတွေနဲ့ …. ရှုံ့မဲ့မဲ့ပေါ့ … ။ ကားကလည်း လူမပြည့်လျှင် မထွက်တဲ့ လိုင်းကားတွေလိုပါပဲ .. စောင့်ပြီးဖမ်းနေတုန်း…ကားပေါ်က လူတွေကို အထူးဆန်းသတ္တ၀ါလေးတွေလို ပြူးပြဲကြည့်တဲ့ လမ်းသွားလမ်းလာတွေကြောင့် .. ခေါင်းလေးတောင် ခဏဖြုတ်ပြီး ဖွက်ထားမိချင်ပါရဲ့ … ။ ထိုင်စရာနေရာလည်းမရှိတော့မှ … ကျွန်မတို့ကို လှည်းတန်းက ရုံးကိုခေါ်ပြီး ဒဏ်ကြေးတပ်ကာ စည်းကမ်း အကြောင်း လက်ချာရိုက်ပြီး ပြန်လွှတ်လိုက်ပါတယ် .. အဲ့ဒီတုန်းက ပေးလိုက်ရတဲ့ ဒဏ်ကြေးက နှစ်ထောင်နှစ်ရာလောက်သာဖြစ်ပေမယ့် .. ဒဏ်ကြေးထက်ပိုတဲ့ အသိဥာဏ်တော့ရလိုက်ပါတယ် … ။ အသိဥာဏ်ဆိုတာမျိုးကလည်း ရတာသာရှိတာ ကိုယ်တိုင် လိုက်နာ မကျင့်သုံးဖြစ်လျှင်တော့ .. စွဲမြဲတဲ့ အကျင့် မဖြစ်နိုင်ဘူးပေါ့လေ … ။ ဒါကြောင့်လည်း .. ဗိုလ်ချုပ်လမ်းပေါ်မှာ တွေ့ကရာနေရာက ကားရှင်းတာနဲ့ ဖြတ်ကူးဖို့ ကြံခဲ့မိတာလေ … ။
နိုင်ငံခြားသားပြောပြတဲ့  အကြောင်းလေးသိရတော့မှ … လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်က အဖြစ်ပျက်လေး ခေါင်းထဲ ပြန်ပေါ်လာပြီး ဒီလိုအသေးဖွဲကစလို့ .. ကိုယ့်စိတ်ဓါတ်ကိုပြင်ရမယ်ဆိုတဲ့ အသိဖြစ်မိပါတယ် … ။ မိမိအဆင်ပြေဖို့အတွက် အတ္တတစ်ခုတည်းရှေ့တန်းတင် မမြင်ကွယ်ရာလုပ်တတ်တဲ့ အကျင့်လေး သံမှိုစွဲနေတာ .. နှုတ်ရခက်လှပါတယ် … ။ ကိုယ်တွေ ဒီလိုလုပ်လို့ …နောက်လူလည်း ထပ်ကူးမယ် … ဆိုလျှင်ဖြင့် … ခေတ်တွေ ၊ စနစ်တွေ ၊ နှစ်တွေသာပြောင်းသွားမယ် … သတ်သတ်မှတ်မှတ် လူကူးမျဉ်းကြားကို သွားကူးတဲ့ အကျင့်ဖြစ်လာကြမှာ မဟုတ်ပါဘူး … ဘယ်သူဘယ်ဝါကလုပ်သည်ဖြစ်စေ .. မလုပ်သည်ဖြစ်စေ .. မိမိကိုယ်တွင်းရှိတဲ့ စိတ်ကလေးကနေစတင်ပြီး ပြုပြင်ယူလျှင် … အတုမြင်အတတ်သင်တတ်တဲ့ လူသားတွေဆီပါ .. အကျင့်ကောင်းလေးတွေ ကူးစက်လာမယ်လို့ ထင်မိပါတယ် … ။
အားလုံးပဲ … မျဉ်းကြားကလမ်းမကူးလို့ ဒဏ်ရိုက်ခံခြင်းမှ ကင်းဝေးပါစေလို့ ဆန္ဒပြုလိုက်ပါတယ် … ။  :)
p.s //  ( ဒီရက်ပိုင်းအတွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက … မျဉ်းကြားက မကူးတဲ့လူတွေကို ပြန်ဖမ်းနေတာမြင်တာကြောင့် … ရေးဖြစ်ခဲ့ပါတယ် … ။ မီဒီယာတွေကနေလည်း .. ထိရောက်စွာ အရေးယူမယ်လို့ ကြေငြာထားတာတွေ့ရပါတယ် … ။ ဒဏ်ကြေးဘယ်လောက်ဖြစ်သွားပြီလဲ မသိဘူး … ဈေးဦးပေါက်ဖူးတဲ့ သူများရှိလျှင် အတွေ့ကြုံလေးတွေ ပေးကြပါဦးနော့် )

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!