မိတ်ဆွေများနှင့် ပျော်ရွှင်မှု

manawphyulayJune 2, 20101min730

လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီးဝန်းကျင်မှ လူတွေလား။
ပျော်ပျော်နေတတ်သော မိတ်ဆွေများရှိခြင်းကြောင့် ကိုယ်တိုင်ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှုအသစ်တွင် တွေ့ရှိရပါတယ်။ အနေအနီးအဝေးပေါ်မူတည်ပြီး မိတ်ဆွေများအကြား အပျော်သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေ တစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂ဝ ရာခိုင်နှုန်းရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက်ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ဆိုပါတယ်။ ထိုမိတ်ဆွေများကြောင့် ရရှိသော ပျော်ရွှင်မှုသည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှုပေးနိုင်သော/ပေးနေသော မိတ်ဆွေသူငယ်ချင်းများကို အမြဲသတိရ/အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။
လူတိုင်း ဝန်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများကို ပျော်ရွှင်မှုဝေမျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုများနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မည်။ သင်လည်း ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ရွှင်မှုကို ခုချက်ချင်းပဲ ဝေမျှခံစားကြည့်ပါ။ သင့်ရဲ့ ပျော်ရွှင်မှုသည် မိတ်ဆွေများထံမှတစ်ဆင့် မိသားစု၊ အိမ်နီးချင်းထိ ကူးစက် ပျံ့နှံ့နေပါလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါ။ နိုင်ငံတကာ သုတေသီတို့က ပျော်ရွှင်မှုသည် ကူးစက်တတ်သည်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ ဝမ်းနည်းမှုသည်လည်း ကူးစက်တတ်သည်ဆိုသော်လည်း ပျော်ရွှင်မှုလောက် မဟုတ်ပေ။ ပျော်ရွှင်မှုသည် တစ်ဆင့်ပြီး တစ်ဆင့် သုံးဒီဂရီခန့်ရောက်သွားသည့်တိုင် အပျော်က သက်ရောက်တုန်းပင် ဖြစ်ပါတယ်။ သုံးဒီဂရီဆိုသည်မှာ မိတ်ဆွေ၏ မိတ်ဆွေမှတစ်ဆင့် အခြားမိတ်ဆွေတစ်ဦထံ ရောက်သွားခြင်း ကို ဆိုလိုတာပါ။
ငွေပိုငွေလျှံ သိန်းရာနဲ့ချီရှိခြင်းကလည်း လူတစ်ယောက်ကို ၂ ရာခိုင်နှုန်းလောက် ပျော်နိုင် သည်ဟု လေ့လာတွေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအပျော်ကျတော့ သုံးဒီဂရီမိတ်ဆွေထံမှ ရသည့် ပျော်ရွှင်မှုထက် မပိုကြောင်း သုတေသီတို့က ဆိုထားကြပြန်ပါတယ်။ စကားပုံတစ်ခု သတိရမိပြန်ပါတယ်။ အဲ ဘာတဲ့ သင်ရယ်လျှင် အားလုံး လိုက်ရယ်လိမ့်မည်။ သင် ငိုလျှင်တော့ သင်တစ်ယောက်ထဲငိုပေတော့တဲ့။ ဟုတ်လားတော့မသိဘူး။ ဒီတော့ စိတ်ချမ်းသာမှု ပေးတာသည်လည်း မိတ်ဆွေများထံမှလို့ သင် ယူဆလို့ရပြီလား။ သင့်ဝန်းကျင်ကို အပျော်များနဲ့ ဖန်တီးချင်ရင်တော့ သင့်ထံမှ ပျော်ရွှင်မှုများကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကို ခုချက်ချင်းပဲ ဝေမျှပေးလိုက်ပါလို့ ပြောချင်ပါတယ်။ ပျော်ရွှင်မှုရှိသောသူသည် အောင်မြင်မှုကို အလွယ်တကူ ဖမ်းဆုပ်ယူနိုင်တဲ့ လူသာ ဖြစ်ပါကြောင်း သင့်အား ကျွန်မရဲ့ ပျော်ရွှင်မှုများ ပြန်လည်ဝေမျှလိုက်ပါတယ်။ သင်လည်း ပျော်ရွှင်မှုများနဲ့အတူ မိတ်ဆွေများလည်း တိုးပွားပြီး အောင်မြင်တဲ့လူသားတစ်ယောက်အဖြစ် ရပ်တည်နေမယ်လို့ ကျွန်မ မြင်ယောင်နေမိပါ တော့တယ်။