စူပါတွေပြိုင်ကြတဲ့ပွဲ

yannaingechJune 2, 20101min560

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာတွေကို စောင့်ကြည်တဲ့ Top500.org ရဲ့ ၂၀၁ဝ ဇွန်လစာရင်းအရ တရုတ်ဟာ ကမ္ဘာ့ဒုတိယအမြန်ဆုံး စူပါကွန်ပြူတာကို ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာပါပြီ။ ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပြူတာ Jaguar ကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်ပြီး သူ့ရဲ့ အမြန်နှုန်းက 1.75 petaflop/s ဖြစ်ပါတယ်။ တရုတ်ရဲ့ Nebulae ကတော့ 1.271 petaflop/s နဲ့ဒုတိယလိုက်ပါတယ်။ ယခင်က ဒုတိယအမြန်ဆုံး စူပါကွန်ပြူတာဖြစ်တဲ့ အမေရိကရဲ့ Roadrunner ကတော့ 1.04 petaflop/s နဲ့ တရုတ်ရဲ့နောက်ကို ရောက်သွားပါပြီ။ ဥရောပ တစ်တိုက်လုံးမှာ အမြန်ဆုံး စူပါကွန်ပြူတာဟာ 825.5 teraflop/s ပဲမြန်ပြီး ဂျာမနီမှာ ရှိပါတယ်။

အရေအတွက်အားဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ ၅၀ဝ စာရင်းမှာ တရုတ်က ၂၄ လုံးအထိပါလာပြီး အဲဒီအရေအတွက်ဟာ ဥရောပအင်အားကြီး ဂျာမနီရဲ့ အရေအတွက်နဲ့ တူညီပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ၂၈၂ လုံးနဲ့ ပြိုင်ဘက်မရှိထိပ်ဆုံးမှာ ရှိနေပါတယ်။ အာရှမှာဆိုရင်တော့ တရုတ်အပြင် ဂျပန်က ၁၈ လုံးနဲ့ အိန္ဒိယက ၅ လုံး စာရင်းပေါက်ပါတယ်။

အင်အားကြီးနိုင်ငံတွေ အပြိုင်ကြဲကြရာမှာ အမြတ်ထွက်သူကတော့ Intel ပါ။ Top 500 မှာ ၄၀၈ လုံး (၈၁.၆%)က Intel Processor တွေကို သုံးထားကြပါတယ်။