ဟာသလေးတွေပါ

wunnakokoJune 2, 20101min651

ဘဝအမောတွေ ခဏပြေစေဖို့အတွက်  ဟာသလေးတွေ ဖတ်ကြတာပေါ့။

ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ဝက်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ”
” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ”
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ”
” အားပါး၊ အံ့ဩစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် ”
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
” ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား ”
” တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် ” @hp

စည်းကမ်းရှိသူ

” လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး ”
” ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ ”

မှားယွင်းမှု၏ရလဒ်

” မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ ”
” ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး ”
” ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ “  @hp

သိနားလည်မှု

” မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ “

” ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် “

” ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ “  @hp

သူ့လက်ရာ

” ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် “

” ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ “

” မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် “  @hp

ထီးတစ်လက်၏သံသရာ

” အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ “

” ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။

အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ “

” အရေးကြီးပါသော်ကောဗျာ။  ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး

ခဏငှားလာတာတဲ့ “

စိတ်ချစမ်းပါ

” ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် “

” စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး “  @hp

ယုံပါတယ်

” တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ “

” ဟေ့ကောင် ငါကအယ်ဒီတာကွ “

” ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် “  @hp

မေမေ့စကား

” လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား “

” ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ “  @hp

ဘယ်သူ့လက်ချက်လဲ

” ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့ဩတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား “

” ဟင်း ….. ဟင်း ….. ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ “  @hp

တစ်ယောက်တစ်လှည့်

” ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ “

” အင်း ….. ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြဝန်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ ” @hp

သူ့နေရာသူပြန်သွား

” ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ “

” ဪ ….. အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ ”

” ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် “  @hp

မေးမှသိတယ်

” မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ဝမ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ “

” ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ “  @hp

ပြောချင်တာကဒီလိုပါ

” မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ….. ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ “

” ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ “  @hp

ဘယ်သူမှမပြောနဲ့နော်

” ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး “

” ဟိုး ….. တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ “

” ဟင် ….. ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို “

” ရှူး ….. ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ ” @hp

စနစ်တကျအသုံးပြုနည်း

” မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ “
” အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား ” @hp

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား “
” ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ ”
” ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် ” @hp

ဟိုတစ်မျိုး ဒီတစ်မျိုး

” မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ “
” ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် ” @hp

မေမေ့တာဝန်ထားလိုက်

” ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ “
” လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ ” @hp

အမွေဆက်ခံမိလို့

” ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး “
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား “
” ဟင့်အင်း ….. ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ ” @hp

မမြောက်ပါနဲ့ဗျာ

” မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  “
” ဟာ ….. တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ ” @hp

အထင်နဲ့အမြင်

” ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား “
” ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး “
” ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ” @hp

ထင်တာကတခြား

” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား “
” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း “
” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ “
” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် ” @hp

သိချင်လို့

” ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ “
” မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ “
” ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ “
” ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ဝယ်လာတာလေ ” @hp

ပြင်ပအစားအစာ

” ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် “
” ဟင်း ….. တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် ” @hp

သမ်းပြတာမဟုတ်ပါ

” ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ “
” အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မဝင်အောင် ပြောနေတာကိုးဗျ ” @hp

ယောက်ျားဆိုတာ
” ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် “
” ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ ” @hp

တလွဲမထင်ပါနဲ့

” ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် “
” ဘာဖြစ်လို့လဲဗျ “
” ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ “
” ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ ” @hp

ဆရာ့ညွှန်ကြားချက်

” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ “
” ဟုတ်ကဲ့ဆရာ “
” ဘယ်လိုနေလဲကွ “
” ဘယ်လိုမှ မနေဘူးဆရာ “
” အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် ” @hp

လိုချင်ရင်ပြောပါ

” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ “
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား ”

One comment

  • thihayarzar

    June 2, 2010 at 2:44 pm

    ကျေးဇူးပါပဲ … တကယ်လည်း ရယ်ရပါတယ် …. ဟာသဆိုတာ ညစ်နေတဲ့စိတ်တွေကို ရွှင်လန်းနေစေတယ်တဲ့ …..

Leave a Reply