အနံ့ပြင်းသလို … အစွမ်းလည်းပြင်းတဲ့ ကြက်သွန်ဖြူ

etoneJanuary 31, 20121min1148


ကြက်သွန်ဖြူကို လူအများစုက ကြိုက်ကြပေမယ့် … သူ့ရဲ့ ပြင်းလှတဲ့ အနံ့ကြောင့် အများနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်ခွင်တွင်းနဲ့ ပါ့ဘလစ်နေရာမျိုးကို ရှောင်ပြီး အိမ်မှာသာစားကြတာများပါတယ် ။တစ်ချို့ကလည်း ကြက်သွန်ဖြူကို ဟင်းခတ်အမွေးကြိုင်နေဖြင့် ဆီသတ်စားကြသလို ၊ တစ်ချို့ကလည်း အသုတ်လိုမျိုး ၊ ဘိတ်ချဉ်လိုမျိုး ထည့်သုံးကြတယ် ။ ဒါ့ပြင် ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး အသီးရွက်တွေနဲ့ အသုတ်လုပ်ရာတွင်လည်းကောင်း ၊ လ္ဘက်နဲ့ တွဲဖက်ပြီးတော့လည်းကောင်းစားကြတယ် … ။ ကျွန်မလည်း ကြက်သွန်ဖြူကြိုက်ပေမယ့် ….. အများနဲ့ ဆက်ဆံနေရတဲ့ လုပ်ငန်းခွင်အလုပ်ချိန်တွင်းမှာတော့ မစားဖြစ်ပါဘူး … ။ ကြက်သွန်ဖြူက အနံ ့ပြင်းသလို သူ့ရဲ့ ဆေးဖက်ဝင်မှုကလည်း ပြင်းပြင်းပျပျ ရှိလှပါတယ် … ။

ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုလက်စထရော(အဆီဓါတ်) ကိုလျော့ကျစေခြင်း ၊ သွေးကြောတွင်းသွေးခဲမှုကို ဟန့်တားပေးခြင်း ၊ သွေးဥမွှားများ စုခဲခြင်းတို့ကို ထိန်းချုပ်ပေးခြင်း ၊ နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ချပေးခြင်း ၊ သွေးပျစ်ခဲမှုကို ကျဲစေခြင်း ၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း ၊ အဆစ်မြစ်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေခြင်း ၊ ပန်းနာရောဂါထမှုကို ကာကွယ်ပေးခြင်း ၊ ဆီးလမ်းကြောင်းရောဂါဖြစ်ပွားမှုကို လျှော့နည်းစေခြင်း ၊ ဗိုက်ကယ်ခြင်း၊ လိပ်ခေါင်းသွေးယိုခြင်းနဲ့ အူတွင်းရောဂါ စတဲ့ … အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို လျော့နည်း စေပါတယ် … ။

 

 

ကြက်သွန်ဖြူမှာ ပါတဲ့ ajoene ဓါတ်က သွေးခဲမှုကို ဟန့်တား တားဆီးပေးပြီး ၊ အာရီနယ်လင်ဟိုမုန်း၊ ပရိုစတာဂလင်အေနဲ့ အီးဟိုမုန်းတို့ပါလို့ သွေးတိုးရောဂါအတွက်များစွာ အထောက်ကူပြုပါတယ် ။ ကြက်သွန်ဖြူမှာ အင်တီအောက်ဆီးဒင့် ဓါတ်တိုးပစ္စည်း ပယ်ဖျက်ဓါတ် ၁၅မျိုးလောက်ပါတာကြောင့် နှလုံးရောဂါကာကွယ်မှုကိုလည်း အထောက်ကူပြုပါတယ် ။ ကိုလက်စထရော ၁၀%ကနေ ၁၅ %ထိ နည်းပါးလျော့ကျစေဖို့ … တစ်နေ့ကို ကြက်သွန်ဖြူ သုံးမွှာလောက်စားပေးသင့်ပါတယ် ။ ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်လှပြီး တစ်နေ့ နှစ်မွှာလောက်စားရုံနဲ့ သွေးကြောတွင်းသွေးခဲမှုကို တားဆီနိုင်ပါသတဲ့ … ။ ကြက်သွန်ဖြူစားပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးပျစ်ခဲခြင်းမှ သွေးကျဲခြင်းအတွက်ကိုလည်း အထောက်ပံ့ဖြစ်စေပါတယ် ။ ဒါ့ပြင် သွေးလည်ပတ်မှုကောင်းစေခြင်းကြောင့်လည်း  သွေးချို ၊ ဆီးချိုရောဂါတွေကို သက်သာစေနိုင်စွမ်းရှိပါတယ် ။ ပန်းနာရင်ကြပ်အခံရှိသူများအနေဖြင့်လည်း ရောဂါပြန်မထအောင် ကာကွယ်ပေးနိုင်ပါသေးတယ် ။ အစာအိမ် အူလမ်းကြောင်း ၊ လိပ်ခေါင်းသွေးယို ၊ ဆီးလမ်းကြောင်းရောဂါတွေကိုပါ လျော့နည်းစေတဲ့ ကြက်သွန်ဇြူကို တတ်နိုင်သလောက်စားပေးသင့်ပါတယ် … ။

 

 

ကြက်သွန်ဖြူကို နည်းအမျိုးမျိုးဖြင့် စားသောက်ရမှ … စွမ်းရည်အမြင့်ဆုံးကိုရရှိဖို့ဆိုလျှင် ကြက်သွန်ဖြူကို ခွာပြီး ဆယ့်ငါးမိနစ်ခန့် လေသလပ်ခံပြီးမှသာ ချက်ပြုတ်ကြော်လှော် ၊ အစိမ်းစားသင့်ပါတယ် ။ ၁၅ မိနစ်လေသလပ်ခံနေတဲ့ အချိန်တွင်း အောက်ဆီဂျင်နဲ့ ဓါတ်ပြုမှုမှ အမြင့်ဆုံးစွမ်းရည်တွေ ရှိလာတာကြောင့်ပါလို့ မှတ်သားရပါတယ် ။ ကြက်သွန်ဖြူကိုချက်ရာတွင်လည်း … ချဉ်သောအသီး၊ အချဉ်ဓါတ်ရှိသော ဟင်းသီးဟင်းရွက်များနှင့် ရွေးချက်လျှင်လည်း သင့်တော်ပါတယ် … ။ ကြက်သွန်ဖြူရဲ့ ajoene ဓါတ်ကို အချဉ်ဓါတ်က အလေလွင့်မဖြစ်အောင် ထိန်းချုပ်ထားနိုင်လို့ပါပဲ … ။

 

 

အနံ့ပြင်းလို့ ကြက်သွန်ဖြူမစားရဲတဲ့ လူတွေအတွက်လည်း ကြက်သွန်ဖြူကနေ ထုတ်လုပ်ထားတဲ့ ဆေးတွေ … ဈေးကွက်တွင်းအများကြီးပေါ်ထွက်လာကြပါပြီ ။ အစာလည်းဆေး ၊ ဆေးလည်း အစာဆိုတဲ့ စကားရှိတာမို့ … အိမ်သုံးဟင်းခတ်အမွှေးကြိုင်ကြက်သွန်ဖြူစားရင်း … အသက်ရှည်၍ အနာမဲ့ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်နော် ။

 

 

 

8 comments

  • Thel Nu Aye

    January 31, 2012 at 5:24 pm

    ကျေးဇူးပါ။ မှတ်သားထားလိုက်ပါတယ်။ ကြက်သွန်ဖြူကိုစားတော့စားတယ်။ အရမ်းလဲမစားရဲဘူ။ ပြသနာကချွေးထွက်ရင်နံတာပဲ။ ပါးစပ်ကသွားတိုက်လို့ရပေမဲ့ချွေးကျတော့ထွက်တိုင်းနံတာ။

  • ba gyi

    January 31, 2012 at 6:14 pm

    တန်ဘိုးရှိသောဆေးပညာဗဟုသုတလေးပါပဲ၊ကျနော်ကတော့၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်းပါးပါးလှီး၊ငရုပ်
    သီးစိမ်းနေ့စဉ်တို့စားပါတယ်၊ သွေးနဲ့ပါတ်သက်သောရောဂါ၊အဆီနဲ့ပါတ်သက်သောရောဂါများအပြင်၊(အင်တီ
    အောက်စိဒင့်) ဖြစ်စေလို့ ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်၊လျှော့ချစေပါတယ်လို့ ဖတ်ဘူးပါကြောင်း။
    အများအတွက်အကျိုးရှိသောပို့စ်လေးဖြစ်ပါကြောင်း။

  • nature

    January 31, 2012 at 6:52 pm

    ကျနော်သိသလောက်ကတော့ လေသလပ်ခံတယ်ဆိုတာ ဓါးပြားရိုက် ဒါမှမဟုတ် ဓါးနဲ့လှီးပြီး ထွက်လာတဲ့အစေးတွေကိုလေနဲ့ဓါက်ပြုစေပြီး ၅-၁ဝ မိနစ်လောက်ကြာမှစားရင်ပိုပြီး အကျိုးရှိတယ်လို့ ဒေါက်တာခင်မောင်လွင် ပြောတာ ကြားခဲ့ဘူးပါတယ်။

  • htet way

    January 31, 2012 at 6:54 pm

    ဆရာမရေ ကျေးဇူးတင်တယ်ဗျာ။
    ကြက်သွန်ဖြူက တကယ်ကိုဆေးဖက်ဝင်တာကလား။
    သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို ပုံမှန်စားပေးရင်လည်း နှလုံးသွေးကြောကျည်းရောဂါ
    အတွက်အားကိုးရပါတယ်။
    ဒီလို သေသေချာချာလေ့လာပြီးဖေါ်ပြပေးတဲ့ ဆရာမကို လေးစားပါတယ်။

  • windtalker

    January 31, 2012 at 8:03 pm

    ကျုပ်လဲ ကြက်သွန်ဖြူ ကို စွဲစွဲမြဲမြဲစားသူ တစ်ယောက် ရယ်ပါလေ
    တစ်ခုရှိတယ် ၊ သမီးရည်းစားတွေ ချိန်းတွေ ့မယ့်နေ ့မျိုးမှာ မစားသင့်ဘူး ။
    အိမ်ထောင်ရှင်တွေ ညစာ စားချိန်မှာ မစားသင့်ဘူး ။ အဲဒါတော့ ကျုပ် အမြင်ပေါ့နော်….
    လက်တွေ ့ကြမှု အဖြေ ကိုတော့ ပို ့စ်ပိုင်ရှင် ဒေါ်အတုံ က ဆက်လက်ဖြေကြားပါလိမ့်မယ် ။

  • etone

    February 1, 2012 at 11:21 am

    အစ်မ သဲနုအေးရေ … ကြက်သွန်ဖြူကို ကျွန်မလည်း အရမ်းကြိုက်တယ် အစိမ်းသော်လည်းကောင်း ၊ ကြော်ပြီးတော့သော်လည်းကောင်း အရမ်းစားတယ် … ကြက်သွန်ကြော်ကို ပဲကြီးလှော်ဝါးသလိုကို စားနေတာ … ချွေးနံ့တော့ နံ့လား သတိမထားမိဘူး ရယ် …. ။ ချိုင်းကထွက်တဲ့ ချွေးနံ့မနံအောင်သတိထားပြီး တကိုယ်ရည် သန့်ရှင်းရေး လုပ်နေတာနဲ့ .. တခြားချွေးတွေက နံမနံသတိမထားမိဘူးရယ် ဟီး :mrgreen:

    ဘကြီးရေ .. ကျွန်မလည်း ကြက်သွန်ဖြူအပြင် ဂျင်းနဲ့ ငရုတ်သီးစိမ်းကို ကြိုက်ပါတယ် ။ ဘိတ်ချဉ်လိုမျိုးကိုတော့ အမြဲလိုလိုစားဖြစ်တယ် ဒါပေမယ့် ငရုတ်သီးနဲ့ ဂျင်းက အပူစာဖြစ်လို့ အရမ်းစားမိလျှင် မျက်စိစွန်လာတာမျိုး လည်ချောင်းနာလာတာမျိုး ကြုံရတာ ကိုယ်တွေ့ပါ ။

    အန်ကယ်နေချားရေ … ဟုတ်ပါတယ် …ကျွန်မအဲ့ဒီအချက်ထည့်ရေးဖို့ လိုသွားပါတယ် .. ဖြည့်စွက်ပေးတာ ကျေးဇူးပါ … ။ ကြက်သွန်ဖြူကို ဒီတိုင်းလေသလပ်ခံတာမျိုးမဟုတ်ပဲ … ဓါးပြားရိုက်၍သော်လည်းကောင်း ၊ မကြေတကြေထုထောင်း၍သော်လည်းကောင်း ၊ ပါးပါးလှီး၍သော်လည်းကောင်း ထားပြီး လေသလပ်ခံမှသာ .. သူကထွက်တဲ့အစေးရည်နဲ့ အောက်ဆီဂျင်ဓါတ်ပြုတာပါတဲ့ … အဲ့ဒါလေ … မထည့်မိလိုက်ဘူး … ။

    ဆရာထက်ဝေးရေ … အဲ့ဒီ ချာမ ဆိုတာဂျီး မခေါ်ပါနဲ့ လို့ … ဂျီတော့ကနေrequest လုပ်ဖူးပါတယ် … စာရေးတဲ့ လူတိုင်းကို ချာမလို့ခေါ်ပါတယ်လို့ ….ကျွန်မကိုပြောဖူးတယ်နော် … ဟင့် … စာရေးတာတော့ဟုတ်ပါတယ် … အဲ့ဒီချာမဆိုတာဂျီး ကြားလျှင် ငိုချင်သလိုလို ၊ ရယ်ချင်သလိုလို ၊ မအီမလည်ကြီး ဖြစ်လွန်းလို့ပါ …

    ကိုပေရေ .. စားတာတော့စားတာပေါ့နော် … .သူများနဲ့စကားများများပြောရမယ့် အချိန်နဲ့အလုပ်ခွင်လောက်တော့ ရှောင်ပါတယ် .. ကျန်တာတော့ သိဘူး ..ဟီး 😀

  • နွယ်ပင်

    February 1, 2012 at 11:22 am

    etone ရေ အကျိုးရှိစေတဲ့ အကြောင်းအရာလေးပါပဲ
    နွယ်ပင်ကတော့ ကြက်သွန်ဖြူကို အစကတည်းက မကြိုက်လို့ ဟင်းချက်ရင်သာ
    ထည့်သုံးဖြစ်ပင်မယ့် သူချည်းဒီအတိုင်းတော့ မစားတက်ဘူးလေ
    နောက် သူများတွေလို အသုပ်တွေဘာတွေစားရင်လဲ မစားတက်တော့ ပိုဆိုးတာပေါ့
    အခုနောက်ပိုင်းတော့ နည်းနည်းစားကြည့်ပင်မယ့် စားနေကျမဟုတ်တော့ သိပ်ပြီးအဆင်မပြေလှဘူး
    အခုလတ်တလောကတော့ ကြက်သွန်ဖြူနဲ့ ပတ်သက်ရင် ရှမ်းချဉ် (ကြက်သွန်ဖြူချဉ်) တော့ စားဖြစ်နေတယ်

  • snow white

    July 8, 2012 at 8:06 pm

    စနိုးတကယ်ကို ဒီနေ့ထိ ကြက်သွန်ဖြူကို လက်ချိုးရေလို့ရတယ် သိပ်မစားဖြစ်ဘူ အနံ့ဆိုးလို့လေ မမပြောသလိုမျိုးဆိုရင် တော့နည်းနည်းပါးပါးစားမှဖြစ်မယ်နော်။။။

Leave a Reply