စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားခြင်း

kanjosanJanuary 31, 20121min962

မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။

ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျနော် ပြောချင်ပါတယ်။

ကျနော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျနော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆုိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။

အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျနော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။

ဒီအောက်က စာကြောင်းတွေကို စဉ်းစားကြည့်ပါဦး။

” ငါဟာ တက္ကသိုလ်တက်ရလောက်အောင် စာမတော်ဘူး ”
” ငါဟာ လူကြားသူကြားမှာ စကားပြောဖို့ သတ္တိမရှိဘူး ”
” ငါဟာ အဲဒီအားကစားကို ကစားဖို့ အရည်အချင်းမရှိဘူး ”
” ငါဟာ စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်နိုင်ဘူး ”
” ငါ ဘယ်တော့မှ အဲဒီ ငွေကြေးအခြေအနေကို ရောက်မှာမဟုတ်ဘူး ”
” ငါ သူ့လို မအောင်မြင်နိုင်ဘူး ”
” ငါ့ရည်မှန်းချက်ဟာ ငါနဲ့ အလှမ်းဝေးနေတယ် ”

ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေပါပဲ။ အဲဒါတွေဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်လည်း မရှိပါဘူး။ သင့်မှာ အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ နောက်ထပ် ရှိချင်ရှိနေမှာပါ။ လေးမိနစ် တစ်မိုင် အတားအဆီး အကြောင်းကို စဉ်းစားကြည့်ရအောင်။ ၁၉၄ဝ ပြည့်နှစ်တွေတုန်းက လူတစ်ယောက်ဟာ လေးမိနစ်အတွင်းမှာ တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ အပြေးသမားအများစုကော၊ လူထုကပါ အဲဒီလို ယုံကြည်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာဝေးအပြေးသမားတွေကိုယ်တိုင်က လေးမိနစ်အတွင်း တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြလို့ပါပဲ။ အဲဒီယုံကြည်မှုဟာ ၁၉၅၄ ခုနှစ် မေလအထိပဲ ခံပါတယ်။
ရိုဂျာ ဘန်နီစတာ (Roger Bannister) က ၃မိနစ်နဲ့ ၅၉စက္ကန့်အတွင်းမှာ ပြေးပြနိုင်ခဲ့တယ်။

စိတ်ဝင်စားစရာ ကောင်းတာကတော့၊ နောက်ထပ် ရက်သတ္တပတ် ၆ ပတ်အကြာမှာ ဘန်နီစတာရဲ့ စံချိန်ဟာ ကျိုးသွားခဲ့တယ်လေ။ အဲဒီနောက်တော့ လေးမိနစ် တစ်မိုင်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။

သင်ဟာ သင့်ရဲ့ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက သင့်ကို သင်လိုချင်တာမရအောင် နောက်ပြန်ဆွဲနေလို့ပါပဲ။

၁။ သေသေချာချာ သတ်မှတ်ပါ

သင့်ကို နောက်ပြန်ဆွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချရေးပါ။ အဲဒါရဲ့အောက်မှာ ဒီယုံကြည်မှုကြောင့် သင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ချရေးပါ။

ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”

ငါ စီးပွားရေးမှာ အောင်မြင်နိုင်မယ့်၊ အကျိုးအမြတ်ရနိုင်မယ့် စိတ်ကူးတချို့ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ သူများဆီမှာ အလုပ်လုပ်နေမိတုန်းပဲ။

၂။ သင့်ကိုယ်သင် အားပေးပါ

တခြား စာရွက်မှာလည်း အဲဒီ အတားအဆီးကို ချရေးပါ။ ပြီးတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကိုလည်း ချရေးပါ။ နောက်ဆုံးအနေနဲ့ (အဲဒါအရေးကြီးပါတယ်) အဲဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ခြစ်ပစ်လိုက်ပါ။

ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
“ငါဟာ စီးပွားရေးမှာ သိပ်ကိုအောင်မြင်မှာ သေချာတယ် ”

၃။ သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပါ

သင့်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကို မြင်သာတဲ့ နေရာတစ်ခုခုမှာ ရေးထားလိုက်ပါ။ ပြီးတော့ နေ့စဉ်နေ့တိုင်း အဲဒီစာကြောင်းကို စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ အသံကျယ်ကျယ် ဖတ်ပါ။ ကျနော် ဒီနည်းကို သုံးကြည့်ပြီးပါပြီ။ တကယ် အလုပ်ဖြစ်ပါတယ်။

တကယ်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ ဆင်တစ်ကောင်မှာ ခတ်ထားတဲ့ သံခြေကျင်းနဲ့ တူပါတယ်။ မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ပါပဲ။

အဲဒီဆင်ကြီးကို ငယ်စဉ်က အဲဒီလို သံခြေကျင်းခတ်ထားတယ်။ သူက ရုန်းတယ်။ ငယ်ငယ်လေးဆိုတော့ မရုန်းနိုင်ဘူးပေါ့။ သူ ရုန်းလေ၊ သံခြေကျင်းက သူ့ခြေထောက်ထဲကို နစ်ဝင်ပြီး နာကျင်လေ။ အဲဒီနောက်တော့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူရုန်းနေတာကို ရပ်လိုက်တော့တယ်။ ပြီးတော့ သူဟာ သံခြေကျင်းကို ပြုတ်ထွက်အောင် မရုန်းနိုင်ဘူး။ ရုန်းလိုက်ရင် နာမှာပဲဆိုတဲ့ အသိကလည်း သူ့စိတ်ထဲမှာ စွဲနစ်သွားတော့တယ်။

ဒီလိုနဲ့ သူဟာ ဆင်ကြီးတစ်ကောင်ဖြစ်လာတယ်။ အင်အားအပြည့်၊ ခွန်အားအပြည့်နဲ့ပေါ့။ ဒါပေမဲ့ သူ့မှာ ငယ်ငယ်ကတည်းက စွဲလာတဲ့ ” သံခြေကျင်းကို ပြုတ်အောင် မရုန်းနိုင်ဘူး၊ ရုန်းရင် နာလိမ့်မယ် ” ဆိုတဲ့ အသိက မပျောက်တော့ဘူး။ ဒီတော့ သူမရုန်းဘူး။ သူ့ရဲ့ ခွန်အားနဲ့ ရုန်းလိုက်ရင် အသာလေးပြုတ်ထွက်မယ့် သံခြေကျင်းကို သူမရုန်းဘဲ နေတော့တယ်။

သင့်မှာလည်း အဲဒီဆင်ကြီးလိုပဲ ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ရှိချင်ရှိလိမ့်မယ်။ အဲဒါကို ဆုပ်ကိုင်မထားပါနဲ့။ အခု သင်ဟာ ခွန်အားအပြည့်နဲ့ ဆင်ကြီးတစ်ကောင်ဖြစ်နေပြီ။ သင့်ရဲ့ ခွန်အားတွေနဲ့ စွမ်းအင်တွေနဲ့ ရုန်းလိုက်စမ်းပါ။ အဲဒီ သံခြေကျင်းကို ပြုတ်ထွက်သွားအောင် ရုန်းပစ်လိုက်စမ်းပါ။ သင် လုပ်နိုင်ပါတယ်။

Ref: Lifestyle Tip #14: Mental Barriers by Oli Hille , Assumed Constraints by MorningCoach

Forward Email ကရတာပါ… အရမ်းကောင်းလို့ ရွာသားတွေသိအောင် Share လိုက်တာပါ…

2 comments

  • water-melon

    January 31, 2012 at 6:07 pm

    အင်း ဟုတ်ပါ့ဗျာ
    လူတစ်ဦးတိုးတက်အောင်မြင်ဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာက အရေးကြီးတယ်
    အမြင့်ရောက်လေ လေတိုက်လေ ဆိုတဲ့စကားပုံလိုပေါ့ဗျာ
    ကိုယ်က အောင်မြင်ချင်တယ်ဆိုရင် ဘေးကကိုယ့်ကို ပုတ်ခတ်တာတွေကို ကျော်နိုင်ရမယ်
    စိတ်ပိုင်းဆိုင်ရာ မခံနိုင်ရင်တော့ သွားပြီဂျောင်းဘဲ။ 😛

  • windtalker

    January 31, 2012 at 9:43 pm

    ကောင်းမွန်သော အဆိုများပါတကား
    ၁ ငါသည် စွမ်းဆောင်ရည် အင်အားအပြည့်ရှိသော ယောက်ျားတစ်ယောက်ဖြစ်သည် ။
    ၂ ငါ သည် ကြီးပွားတိုးတက်ရာ တိုုးတက်ကြောင်း ကို အမြန်ဆုံး ရှာဖွေကြံစည်လုပ်ကိုင်နိုင်သည် ။
    ၃ ငါ သည် မိဘ ဆွေမျိုး သားချင်း အမျိုးဘာသာ သာသနာ အတွက် ထောက်ပံ့စောင့်ရှောက် နိုင်စွမ်းသော အမျိုးကောင်းသား ဖြစ်သည် ။

Leave a Reply