မဟာမိတ် ညီအကို

phone_kyawJanuary 31, 20121min647

မဟာမိတ် ညီအကို

ကျနော်တို ့တွေ တစ်ရုံးတက် တစ်ရုံဆင်း ထမင်းစားလာတာ အတော်လေးကိုကြာနေပြီ။ ဒါ့ကြောင့် ရုံးတိုင်းရဲ ့အခြေအနေကို ကျနော်သိတယ်။ ဘယ်သူ ့ရုံးပဲဖြစ်ဖြစ် ဟင်းကောင်းတယ်ဆိုရင် ဘယ်သူ ့မှပြောစရာမလိုပဲ ဝင်းတီးတာပဲ။ မင်းကအတော် အစားကြီးတယ်။ မင်းက ဟင်းပဲစားတယ်ဆိုတဲ့ အပြစ်တင်သံလည်း ဘယ်သူ ့မှမပြောဘူး။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ ့ပဲ တစ်ယောကိုတစ်ယောက်နောက်ပြီး ထမင်းစားကြတယ်။ တစ်ခါတလေ သူတို ့ရုံးမှာ အကူအညီလိုရင် ကျနော်တို ့လည်း ဝိုင်းပြီးကူလုပ်တယ်။ မြက်ပေါက်တာကအစ အခမ်းအနားတွေမှာ မုန် ့ဟင်းခါးချက်တာအဆုံး ကျနော် အားတက်သရော ပါဝင်လုပ်ပေးခဲ့ဘူးတယ်။

စံခလပူရီ (ဘုရားသုံးဆူနယ်စပ်) မြို ့လေးမှာ အဲဒိအချိန်တုန်းက အဖွဲ ့အစည်းရုံးပေါင်း လေးငါးရုံးလောက်ရှိတယ်။ ၂၀၀၁-၂ နှစ်လောက်မှာပါ။ ကျနော်နဲ ့ရင်းနှီးတဲ့ ရုံးတွေကတော့ ABSDF ၊ PDF ၊ NLD-LA ၊ MDUF၊ FTUB တို ့ဖြစ်တယ်။

အဖွဲ ့အစည်းတွေအတော်များများက ထိုင်းနိုင်ငံသားတွေပိုင်တဲ့ အိမ်တွေကို ငှားပြီး ရုံးဖွင့်ထားပါတယ်။ ဘယ်ကငွေနဲ ့လည်းဆိုရင်တော့ အန်ဂျီအိုကပေးတဲ့ငွေနဲ ့လို ့ဖြေချင်ပါတယ်။

ပြောရရင်တော့ ကျနော်တို ့လူ ့ဘောင်သစ်ရုံးကတော့ ဟင်းအတော်ကောင်းတဲ့ ရုံးလို ့ပြောလို ့ရတယ်။ မိုးလင်းတာနဲ ့တာဝန်ကျတဲ့ ရဲဘော်က စံခဈေးထဲကို သွားပြီး ဈေးဝယ်တယ်။ ဟင်းချက်တယ်။ ပြီးရင်စားတယ်။ ကျနော်တို ့ရုံးလိုပဲ အခြားရုံးတွေလည်း တာဝန်ကျတဲ့ လူကဈေးဝယ် ဟင်းချက်ပါတယ်။

လူ ့ဘောင်သစ်ရုံးမှာက လူခုနှစ်ယောက်လောက်ရှိတယ်။ ABSDF ရုံးမှာလည်း ဒီလူအရေအတွက်လောက်ပဲ။ သူတို ့အပြင်တခြားရုံးတွေလည်း အတူတူပဲ။ ရုံးလို ့သာခေါ်တာ သူများတွေလို ရုံးနဲ ့အိမ်ကို ခွဲခြားပြီးလုပ်ထားတာမဟုတ်ပါဘူး။ ရုံးလည်း အိမ်၊ အိမ်လည်းရုံးဆိုတော့ တရုံးရုံးလို ့ခေါ်လို ့ရတယ်။ အကုန်လုံးနီးပါးက လူပျိုလူလွတ်တွေပဲ။ ထားဝယ်ရုံး (MDUF) ရုံးမှာတော့ ထားဝယ်မအပျိုလေးတွေ ရှိတယ်။ ဒါပေမဲ့ မချောဘူး။ မချောလည်း ငန်းပါတယ်။ ရှားတယ်ဆိုတော့။

ABSDF ရုံး ၊ PDF ရုံး ၊ NLD-LA ရုံးတွေမှာ မိန်းမဆိုရင် မှုးလို ့ရှုစရာတောင်မရှိဘူး။ အကုန်လုံးက အလုံးတွေချည်းပဲ။

ရုံးတိုင်းမှာ ကွန်ပြူတာရှိတယ်။ ချက်ပြုတ်စရာ အိုးခွက် ပန်းကန်ရှိတယ်။ ရေခဲသေတ္တာရှိတယ်။ အဝတ်အစားဆိုရင် တစ်ယောက်ကို သုံးလေးစုံထက်ပိုမရှိဘူး။ တစ်ယောက်ဟာကို တစ်ယောက် ယူပြီးဝတ်ရတယ်။ ရှေ ့တန်းထွက်ရင် အဲဒိကနေထွက်တယ်။ ရှေ ့တန်းကပြန်လာရင် အဲဒိမှာနားတယ်။ ပြန်လာရင် အရက်သောက်တယ်။

ဘယ်ကငွေနဲ ့ချ လဲလို ့ရင်မေးရင်၊ နိုင်ငံတကာရောက် ရော်ဘဲကြီးတွေဆီကို ဖုန်းဆက်လိုက်ရင် သူတို ့ပေးတယ်။ ဒါပေမဲ့ အကြောင်းပြချက်ကောင်းရမယ်။ အခုမှရှေ ့တန်းကပြန်ရောက်တာ၊ ငါ့အဘွားဆုံးလို ့၊ ငါရည်းစား လင်နောက်လို ့ …စိတ်ထိခိုက်နေတယ်…မင်းတို ့က နိုင်ငံခြားမှာနေပြီး ငါတို ့ကို မေ့ပြီပေါ့…..စသဖြင့် သူတို ့ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံပေးရင် နိုင်ငံခြားက သူငယ်ချင်းတွေက မနေနိုင်ဘူး။ တကယ့်လက်တွေ ့ကတော့ အရက်သောက်ဖို ့။ ဟိုဟာလုပ်ဖို ့အတွက်။ ဘယ်ဟာလုပ်ဖို ့လဲလို ့မေးရင် ဟိုဟာလုပ်ဖို ့လို ့မှတ်ပါ။

လူတိုင်းက ရတဲ့ငွေကို စုတယ်လို မရှိဘူး။ ရှိရင် ချတယ်။ သောက်တယ်။ မရှိရင် အစိုးရ (အဖွဲ ့အစည်း) က ကျွေးမယ်ဆိုတာကို သိတယ်။ ပူပင်သောကမရှိ။ ရည်စားမရှိ။ ပြိုင်တာဆိုင်တာ မရှိ။ သို ့သော် တစ်ခုတော့ရှိတယ်။ ဒါက တစ်ယောက်နဲ ့တစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့စိတ်။ နိုင်ငံရေး၊ တော်လှန်ရေး။ ငွေမရှိပေမဲ့ လေ တော့ရှိတယ်။ ဆန်မရှိပေမဲ့ အစားတော့ကြီးတယ်။ ဒါမျိုး။

အတင်းပြောစရာလည်း ဒီရုံးတွေနဲ ့ဒီလူတွေပဲ။ ကြွားစရာလည်း ဒီလူနဲ ့ဒီရုံး။ ပွားစရာလည်း ဒါပဲ။

ထားဝယ်ရုံးဆိုတာက ထားဝယ်ဟင်းနဲ ့ငပိထောင်းကအတော်ကောင်းတယ်။ ဟင်းသီးဟင်းရွက်ပုပ်ခါနီးတွေကို ထားဝယ်သူအဖွားကြီး ဒေါ်အန်ကျူက ထိုင်းဘတ်ငွေငါးဘတ်နဲ ့ဝယ်တယ်။ ဒေသခံတွေတောင်မစားတဲ့ ငါးဘတ်တန် ဟင်းသီးဟင်းရွက်အထုပ်။ အထုပ်တထုပ်ကလည်းအကြီးကြီးပဲ။ ဟင်းသီးဟင်းရွက်အထုပ်တွေထဲမှာ ပဲသီး၊ သခွားသီး၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်စတဲ့ အသီးအရွက်ပေါင်းသောင်းခြောက်ထောင်လောက်ရှိတယ်။ ပုပ်ခါနီးဆိုတော့ ဆိုင်ရှင် လောရှမ်း(မြန်မာ)က ဈေးပေါပေါနဲ ့ရောင်းတယ်။ ဒါကို ထားဝယ်သူအဘွားကြီးက ဝယ်တယ်။ ပြုတ်တယ်။ ချက်တယ်။ ငပိထောင်းတယ်။ ကြိုက်တဲ့သူ သူ ့ရုံးမှာလာစား။ လူတိုင်းက ထမင်းမိန်တယ်။

အဖွဲ ့အစည်းပေါင်းစုံကခေါင်းဆောင်ဟုခေါ်သော ခေါင်းဆောင်တိုင်း သူ ့လက်ရာကို မြည်းစမ်းဘူးတယ်။ အထူးသဖြင့် ငပိထောင်းနဲ ့ငပိဖျော်။ အရမ်းကောင်းတော့ နာမည်အတော်ကြီးတယ်။ ဒေါ်အန်ကြူက ဗမာပြည်ကွန်မြူနစ်ပါတီမှာ တာဝန်ထမ်းလာတာ နှစ်ပေါင်းငါးဆယ်လောက်တောင် ရှိပြီလားမသိဘူး။ သူလည်း ခေသူမဟုတ်။ သူတို ့ရုံးရဲ ့မီးဖိုချောင်ကို သူပဲ အဓိကစီမံတယ်။ အမြဲတမ်းငါးဘတ်တန်နဲ ့ဆိုတော့ ကျနော်က သူတို ့ရုံးကို ငါးဘတ်တန်ရုံးလို ့နာမည်ပေးပါတယ်။

တခြားရုံးအကြောင်းပြောအုံးမယ်။ လူ ့ဘောင်သစ်ရုံးကတော့ အချမ်းသာဆုံးရုံးလို ့ပြောလို ့ရတယ်။ အန်ဂျီအိုလည်း ဒုတိယအင်အားကြီးဆုံးဆိုတဲ့ နာမည်ကြောင့်လား မသိဘူး။ အတော်ပေးရှာတယ်။ ဘယ်သူ ့မှတော့ လစာမရဘူး။ မုန်းဖိုး သုံးလေးရာတော့ ရတယ်။ တနှစ်တခါ အဝတ်အစားဝယ်ဖို ့အတွက် တစ်ထောင်လောက်တော့ ရတယ်။ ပင်စင်မရှိဘူး။ စုဆောင်းငွေမရပါ။ ဒါပေမဲ့ ရုံးစရိတ်နဲ ့လုပ်ငန်းသုံးကတော့ အတော်များများရတယ်ထင်တယ်။ ဒီငွေကို ဒေသတာဝန်ခံက ကိုင်တယ်။ သူကပဲ စီမံခန် ့ခွဲတယ်။ အဖွဲ ့အစည်းတိုင်းရဲ ့ထုံးစံတစ်ခုပေါ့။ မဆိုးပါဘူး။ ငွေတော့ စုမိတယ်လို ့တစ်ခါမှ မကြားမိဘူး။ ထားတော့။ လိုရင်းကိုပြောအုံးမယ်။

ကျနော်တို ့ရုံးမှာ ဟင်းအမြဲတမ်းကောင်းတယ်။ စားစရာအတော်စုံတယ်။ အဝတ်အစားလည်း သူများနဲ ့မတူ ဝတ်နိုင်တယ်။ အရက်လည်းသောက်နိုင်တယ်။ ဒါ့ကြောင့်သူများရုံးတွေက လူ ့ဘောင်သစ်က ချမ်းသာတယ်လို ့မှတ်ချက်ပေးတယ်။ သူတို ့က ကိုယ့်ထက်မွဲတာကိုး။ အနည်းဆုံးထမင်းဝိုင်းမှာ ဟင်းသုံးလေးခွက်တော့ရှိတယ်။ အသားတစ်ခွက်၊ အသီးအရွက်တစ်ခွက်။ အရည်သောက်တစ်ခွက်။ ဒါက နေ ့စဉ်လိုလိုပဲ။ တစ်ယောက်တစ်လှည့်ချက်တော့ ဟင်မျိူးစုံ၊ လက်ယာမျိူးစုံကို စားရတယ်။ အချက်မတော်တဲ့ကောင်ကို ဆဲ လို ့ရတယ်။ ထူခြားတာက ဒေသတာဝန်ခံကလွဲလို ့ကျန်တဲ့လူတွေအားလုံး ထမင်းချက်တော်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တာဝန်ခံ ခေါင်းဆောင်လုပ်တဲ့သူက ထမင်းချက်စရာမလိုဘူး။ နအဖစစ်တပ်လို တပ်မှုးက လက်မပါတော့ ထမင်းချက်စရာမလိုတဲ့ထုံးစံပေါ့။

ABSDF ရုံးကို သွားကြည့်ရင် ဗြဲလရမ်း။ ဖြစ်သလိုနေဖြစ်သလိုစားတယ်။ သူတို ့ထမင်းဝိုင်းကိုလှန်ကြည့်ရင် ငပိရည်အဖြူသည်တွေကို ဇလုံကြီးနဲ ့ထည့်ထားတယ်။ ဘေးနားမှာ ငရုတ်သီးမှုန် ့နဲ ့အချိူမှုန် ့ကလည်း နဲတာမဟုတ်ဘူး။ အသီးအရွက်ပြုတ်တို ့စရာကလည်း ကောက်ရိုးပုံလို။ တစ်ပုံကြီး။ တစ်ခါတလေတော့ သူတိုု ့လည်း ငါးလေးဘာလေးတော့ ပါတက်တယ်။ ဒါပေမဲ့ ရှားတယ်။ ဒီလိုအခြေအနေကို ဘယ်သူမှ အပြစ်မတင်ဘူး။ ရဲဘော်တွေစုပြီး စားနေလိုက်တာ အတော်အားရစရာကောင်းတယ်။ ရှုးရှဲ ရှုးရှဲ နဲ ့ ။ ငရုပ်သီးစပ်လို ့ချွေးတွေတရွှဲတရွှဲ နဲ ့။ ရဲဘော်တိုင်းမှာ ဆံပင်တွေက ခါးလောက်ရှိတယ်။ သူတို ့ကိုယ်သူတို ့မင်းသားကြနေတာပဲ။ တစ်ပတ်လောက်သူတို ့ရုံးမှာနေ၊ ပြီးရင် ရှေ ့တန်းက စခန်းကို ပြန်။ ရှေ ့တန်းကပြန်လာလည်း ဟင်းကောင်းကောင်းစားရတယ်ထင်လား။ တစ်ခါတလေပဲ စားရပါတယ်။ ဒီအခြအနေကြောင့် ဘယ်သူမှ စိတ်ဓာတ်ကျတယ်လို ့မရှိဘူး။

PDF ရုံးကတော့ မဆိုးဘူးလို ့ပြောလို ့ရတယ်။ သူတို ့လည်း ဟင်းကောင်းကောင်းစားရတယ်။ ကျနော်တို ့နဲ ့နင်လားငါလားပဲ။ ကျနော်တော့ သူတို ့ရုံးမှာ ထမင်းစားရတာကို ပိုပြီးသဘောကြတယ်။ ငပိ၊ တို ့စရာ၊ အမဲနှပ်နဲ ့ဆိုတော့။ ပြီးတော့ရဲဘော်တွေအတော်များများက ကျနော်နဲ ့မတိမ်းမယိမ်းလေ။ သူတို ့လည်း အဆင်ပြေပါတယ်။ ရှေ ့တန်းစခန်းကတော့ တောထဲမှာပေါ့။ ဒါက သူတို ့ဌာနချုပ်။

NLD-LA ရုံးလည်း ABSDF နဲ ့ထားဝယ်ရုံးလိုပဲ။ အရပ်စကားနဲ ့ဆိုရင် အတော်ဆင်းရဲတယ်။ သူတို ့စခန်းလည်း ရှေ ့တန်းမှာရှိတယ်။ အင်အားအတော်ကောင်းတယ်။ တပ်မှုးကတော့ ဗိုလ်ချုပ်ကြီး ကိုစိုးဟန်လို ့ခေါ်တယ်။ အခုတော့ မဲ့ဆောက်မှာ စာပဲရေးစားနေတယ်ထင်တယ်။

အချမ်းသားဆုံးရုံးက FTUB လို ့ခေါ်တယ်။ နာမည်ကတော့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ ့ချုပ်ပေါ့။ အလုပ်သမားမပြောနဲ ့ရုံးအဖွဲ ့ဝင်တောင် သုံးလေးယောက်ပဲတွေ ့တယ်။ သူကို စံခလပူရီမှာရှိတဲ့ ရုံးတွေထဲမှာ အချမ်းသာဆုံးဆိုတော့ သူတို ့ကို ဘီလ်ဂိတ်ရုံးလို ့ကျနော်က နာမည်ပေးတယ်။

တစ်ခုခုလုပ်ရင် ဒီလူတွေပဲဆိုတော့ ညီညွတ်တယ်။ တစ်ခုခုဖြစ်ရင် အရေးကြီးရင် ဒီလူတွေပဲဆိုတော့ စည်းလုံးတယ်။ ဘယ်သူမှ မနာလိုတာ ပြိုင်တာဆိုင်တာမရှိဘူး။ ဒါက ထူးခြားတယ်လို ့ခေါ်တယ်။

ဘယ်လောက်ထိ စည်းလုံးလဲဆိုတာကို ပြောပြမယ်။

တစ်ခါတုန်းက တန်ဆောင်တိုင်ပွဲ(လွိုင်ကထုံ) အကြောင်းကို နဲနဲလောက်ပြေပြချင်တယ်။ ကျနော်တို ့မြို ့မှာ တစ်နှစ်တစ်ခါ လွိုင်ကထုံပွဲလုပ်တယ်။ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲပေါ့။ မြို ့ကနေ ထိုင်းမတွေလေးတွေလည်း ဒီပွဲတော်ကိုလာပြီး ဘစ်ကနီလေးတွေနဲ ့က,လေ့ရှိတယ်။ သူတို ့နဲ ့ကချင်ရင် ထိုင်းဘတ်ငွေ ဆယ်ဘတ်ပေးရတယ်။ ပေးရင် ကြိုက်တဲ့သူနဲ ့တွဲပြီးက,လို ့ရတယ်။ ဒီအချိန်မှာ ငွေလည်းမရှိဘူး။ ဒါပေမဲ့ လူ ့ဘောင်သစ်ကရဲဘော်ကို PDF ကခေါင်းဆောင်ကပေးတယ်။ လူ ့ဘောင်သစ် ခေါင်းဆောင်က NLD-LA နဲ ့ PDF က ရဲဘော်တွေကိုပေးတယ်။ ဘယ်လောက်စည်းလုံးတယ်ဆိုတာကိုကြည့်။

အပေါစားလောက်ခေါင်အရက်ကိုသောက်ပြီး၊ ထိုင်းမလေးလေးတွေနဲ ့တွဲပြီး က ခုန် ရတာ အရသာအရမ်းရှိတယ်။ ရင်ထဲမှာ တဒိမ်းဒိမ်းနဲ ့။ က,ရင်း…က, ရင်းနဲ ့ အချိန် နှောင်းသွားပြီ။ ကျနော်နဲ ့ NLD-LA က ကျော်မိုး (အမေရိက) က လုံးဝလမ်းမယူဘူး။ ဖြစ်ချစ်သလိုဖြစ်။ ပျော်ဖို ့အရေးကြီးတယ်။ သူများတွေအကုန်လုံး အိမ်ပြန်ကုန်ပြီ။ ကျနော်တို ့မှာပြန်စရာ ကားလည်းမရှိဘူး။ ဆိုင်ကယ်လည်း မရှိဘူး။ ရုံးနဲ ့ပွဲရှိတဲ့နေရာက အဝေးကြီး။ ဒါပေမဲ့ ပူစရာမလိုဘူး။ အင်းရှိတယ်။ အင်းထဲမှာ လှေတွေရှိတယ်။ ဒေသခံရွာသားတွေပိုင်တဲ့လှေ။ လူလစ်တာနဲ ့တွေ ့တဲ့လှေကို ခိုးပြီး လှော်ထွက်တယ်။ ကျနော်တော့ မလှော်တက်ဘူး။ ကျော်မိုးက အတော်ကျွမ်းတယ်။ လှော်တဲ့ လှော်တက်ကို ပိုင်ရှင်က ယူသွားတယ်။ သူ ့လှေအခိုးမခံရအောင်လို ့။ ဒါပေမဲ့ ကျနော်တို ့မပူပါဘူး။ ဘေးနားမှာ ဝါးဘိုးဝါးတွေ ခွဲ ထားတာရှိတယ်။ တွေ ့တဲ့ဝါးပြားနဲ ့လှော်ကို အားရပါးရ ကျော်မိုးကလှော်တယ်။ ကျနော်က အနောက်ကနေ သူ ့ကိုမျှောက်ပေးတယ်။ ကျော်မိုးရေ…လှော်ထားကွ…လှော်ထား..။ ချွေးတွေတရွှဲရွှနဲ ့ ကျော်မိုးလှော်ပါတယ်။ ကျနော်လည်း လက်ဝါးနဲ ့ဝိုင်းပြီး ကူပေါ့။

ဒီအချိန်မှာ လှေပိုင်ရှင် မွန်တွေကလည်း သူတို ့မိသားစုနဲ ့ပွဲတော်ကပြန်လာပြီ။ ကျနော်တို ့သူ ့လှေခိုးသွားတာကို မြင်သွားပြီ။ အနောက်ကနေ မွန်စကားနဲ ့ ငါ့လှေကို ခိုးသွားပြီး၊ ခိုးသွားပြီလို ့အော်နေလားမသိဘူး။

ခဏကြာတော့ စက်လှေနဲ ့အနောက်ကလိုက်ပါလေရော။ ဘာရမလဲ အပေါစားလောက်ခေါင်သောက်ထားတဲ့အမှုးတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ ကျော်မိုးနဲ ့ကျနော် အသားကုန်လှော်ရတာ အသက်မထွက်ယုံပဲ။ သူတို ့မှီခါနီးမှာ၊ ကျနော်တို ့ကမ်းကိုအရောက်။ ပြီးတော့ ရုံးအထိထွက်ပြေးပေါ့ဗျာ။ ညအမှောင်ထဲမှာ မဟာမိတ်သူငယ်ချင်းနှစ်ယောက် ပြေးတာများလှစ်ကနဲပဲ။ ကျော်မိုးက NLD-LA လို ့ခေါ်တဲ့ သူ ့ရုံးကို သူပြန်တယ်။ ကျနော်က ကျနော်တို ့လူ ့ဘောင်သစ်ရုံးကို ပြန်တယ်။

လမ်းမှာ ဒီကိစ္စကို ဘယ်သူ ့ကိုမှမပြောရဘူးဆိုပြီး နှစ်ယောက်လုံး တော်လှန်ရေးအတွက် ဂတိသစ္စာပြုရတယ်။ ဘာ့ကြောင့်လဲဆိုရင် ခေါင်းဆောင်တွေသိရင် မလွယ်ဘူး။ အနဲဆုံးအပြစ်ပေးခံရမယ်။ လူထုကိုစော်ကားတယ်။ စည်းရုံးရေးထိခိုက်တယ်။ ဘာညာ အာဖျံကွီးပေါ့။ ဒါပေမဲ့ ကျနော်နဲ ့ကျော်မိုး လစ်ရင် လစ်သလို တီးပါတယ်။

ဒီလောက်ထိ ညီတဲ့ ကျနော်တို ့မဟာမိတ်ညီအစ်ကိုတွေပါဗျာ။

အခုတော့ ကျနော်က တော်လှန်ရေးကတိကို ချိူးဖောက်လိုက်ပါပြီ။

မှတ်ချက်။ ။ တစ်ချိန်က အမှတ်တရကို လွမ်းမိလို ့ပါ။ အမှားပါရင် ခွင့်လွှတ်ပေး။

7 comments

  • ဖိုးအာလူး

    January 31, 2012 at 8:31 pm

    အားပါးတရ ရေးတင်ထားတာမို့ အားပေးတဲ့ အနေနဲ့ ဖတ်ဖြစ်သွားပါတယ် . .
    ဘဝ တခုကို ခဏ တွေ့မြင်လိုက်ရသလို ခံစားမိတယ် . .
    ဒါတွေက ဟိုးအရင်ကနော်. .
    အရင်ကနဲ့စာရင် အဆင်ပြေတယ်မလား . .
    ဒီပို့စ် လေးက တော့ အမှား ပါမယ် မထင်ကြောင်းပါ. .

  • chityimhtoo

    February 1, 2012 at 9:50 am

    ABSDF ဆိုတာလူသတ်သမားတွေ….

  • kyeemite

    February 1, 2012 at 11:30 am

    အော်..နိုင်ငံရေးလုပ်ကြတာကိုး..ကောင်းပါလေ့ဗျာ…မှတ်သားလောက်ပါပေတယ်..
    သမိုင်းဝင်ပေါ့နော်…

  • chityimhtoo

    February 1, 2012 at 12:19 pm

    ဒါပေါ့ပြည်ပရောက်နိုင်ငံရေးသမားဆိုတာ ဘယ်သူ့အတွက်မှကောင်းကျိုးရှိတဲ့ကောင်တွေမဟုတ်ဘူး။
    မြန်မာပြည်ပြန်လာရင် မီးပျက်ပြီးထမင်းငတ်မှာကြောက်တဲ့လူတွေ။

  • memeseku

    February 1, 2012 at 12:57 pm

    သူ.ရဲ.ဘဝနောက်ခံကိုထုတ်ဖော်တာ….ဘာမှအကောင်းတော.မပြောသင်.ဘူးလို.ပဲပြောချင်ပါတယ်…..ဒါကArticle လေ.. သူ.ရူ.ထောင်.နဲ.သူကြည့်မှရမယ်ထင်တယ်…..ရေးခွင်.လေးတော.ပေးကြပေါ့ မဟုတ်ရင်ဘာမှကိုယ်လဲသိရမှာမဟုတ်ဘူး…. ဒီလိုပဲစစ်အစိုးရကျူးလွန်ခဲ.တာတွေကိုဖော်ထုတ်ပေးမယ်.လူတွေပေါ်ထွက်လာမယ်လို့ထင်ပါတယ်…
    ခင်တဲ.

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2012 at 3:19 pm

    တိုင်းပြည်တွက် တော်တော်အလုပ်လုပ်ခဲ့တာဘဲ
    ဒါနဲ့
    ရှေ့တန်းကိုသွားပြီး သဘုံတွေနဲ့ ချတဲ့အကြောင်းရောပြောပြပါဦး

  • ဟုတ်တယ်ဗျာ. ခင်များမလဲ ရှေ ့တန်းထွက်တယ်ဆိုတော့ ဘယ်ခြုံမှာပုန်းပြီးပြန်လာတာတုန်း။
    အော် တော်လှန်ရေးကို ဗန်းပြပြီး အရက်သောက်၊မိန်းမလိုက်စားပြိီးနေလေတော့ အစိုးရက
    ပုတ်ခတ်ပြောတာလဲ မလွန်ဘူး။အဲဒါ ခုလို ထော်လံဖား၊အလန်ရှူးတွေကြောင့်ဘဲဗျာ။

Leave a Reply