အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၀)

လူသတ်လိုင်စင်

 

မွမ်ဘိုင်းမြို့က လမ်းတွေပေါ်မှာ သတိမထား ဘာမထားနဲ့ ယောင်ပေပေ လျှောက်သွားမယ်ဆိုလို့ရှိရင် အာရုံနောက်စရာ အန္တရာယ်အဖုံဖုံက

နေရာတိုင်းမှာ ရှိနေတတ်တယ်။တောင်ငေး မြောက်ငေးနဲ့ လျှောက်ရင်း ငှက်ပျောခွံတက်နင်းလို့ ချော်လဲနိုင်တယ်။ ခွေးချေးပုံ လတ်လတ်ဆတ်ဆတ်ကြီး

တက်နင်းမိနိုင်တယ်။ ဝရုန်းသုန်းကား ပြေးလာတဲ့ နွားအုပ်တွေ နောက်ကနေ ဝင်တိုးသွားနိုင်တယ်။ မတွေ့ချင်လို့ ရှောင်နေရတဲ့ သူငယ်ချင်းတစ်ယောက်

ယောက်က ကသောင်းကနင်းသွားလာနေတဲ့ လူတွေ ယာဉ်တွေကြားကနေ ဗြုန်းဆိုပေါ်လာပြီး ပြေးဖက်နိုင်တယ်။

အဲဒါမျိုး ကျွန်တော်ကြုံတွေ့ခဲ့ရတာပဲ။ ဂျွန်လ ၁ရ ရက်နေ့က မဟာလက်ချမီး မြင်းပြိုင်ကွင်းရှေ့မှာ ဆလင်း နဲ့ ကျွန်တော် ဝင်တိုးမိကြတယ်။သူ

နဲ့မတွေ့တာ ငါးနှစ်လောက်ရှိရောပဲ။

 

*******************

 

အက်ဂရာ ကနေ မွမ်ဘိုင်းကိုစရောက်တဲ့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းကပဲ ဆလင်းနဲ့ မဆက်သွယ်ဖို့ ကျွန်တော် သန္နိဌာန် ချထားခဲ့တာ။

သူ့နဲ့ ကွဲသွားတဲ့နောက်ပိုင်း ဘယ်နေရာရောက်ရောက် သူ့ကို အမြဲ သတိရနေတာ။ဒီလို မတွေ့ဖို့ ဆုံးဖြတ်ရတာ တော်တော်တော့ခက်ခဲတယ်ဗျာ။တကယ်

..။စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုထမ်းထားရသလိုမျိုး ဖြစ်နေတော့တာ။ကျွန်တော် ဒီမွမ်ဘိုင်းကို ရောက်လာတယ်ဆိုတာ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ

ဝင်ပြိုင်ဖို့ နဲ့ နောက် ကိစ္စကြီးတစ်ခု ရှိတယ်။ အဲဒီ ကျွန်တော့်ရဲ့ ရူးသွပ်တဲ့ အကြံအစည်ထဲ သူ့ကိုဆွဲမထည့်ချင်ဘူး။ဝင်မပါစေချင်ဘူး။ခုတော့ ဒါတွေ ခင်

ဗျားတို့ နားလည်လိမ့်ဦးမယ် မဟုတ်ဘူးဗျ။ နောက်တော့ သိလာပါလိမ့်မယ်။

မတွေ့ချင်လို့ တမင်ရှောင်နေတယ်ဆိုကာမှ ဆလင်းနဲ့ တည့်တည့်ကို တိုးတော့တာပဲ။ သူက ကျွန်တော့်လည်းမြင်ရော ဟာ..မိုဟာမက်..

မွမ်ဘိုင်းကို ဘာလာလုပ်တာလဲ..ဘာလဲ..ဘယ်လဲ..စုံတကာစေ့အောင် မေးတော့တာပဲ။

မတွေ့တာ ကြာတဲ့ သူငယ်ချင်းနဲ့ ပြန်ဆုံရတာ ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်တော်ဥပမာလေး တစ်ခုပေးချင်တယ်။ ကိုယ်မစားရတာ ကြာ

ပြီဖြစ်တဲ့ အကြိုက်ဆုံးဟင်းလျာကို စားရသလိုပဲ။စပြန်စားတဲ့ အချိန်မှာ ခင်ဗျား လျှာက အရသာကို ဘယ်လိုတုန့်ပြန်မလဲ ခင်ဗျား မသိဘူး။ ဒီဟင်း

က ဟိုအရင်လိုပဲ ကိုယ့်အကြိုက်အရသာမျိုး ရှိနေဦးမလား။ဆလင်းနဲ့ ကျွန်တော်ကွဲသွားတဲ့ ငါးနှစ်အတွင်းမှာ ခံစားချက်အမျိုးမျိုး၊ အတွေ့အကြုံအမျိုး

မျိုး နဲ့ ကျွန်တော် လုံးချာလည်ခဲ့ပြီ။ကျွန်တော်တို့နှစ်ယောက် အရင်လို နွေးထွေးနိုင်ဦးမလား..ရိုးသား ပွင့်လင်းနိုင်ဦးမလား..။

တွေ့တွေ့ချင်း စကားမဆိုနိုင်ကြဘူး။အနီးအနားက ခုံတန်းလေးမှာ နှစ်ယောက်သားထိုင်မိကြတယ်။ စင်ရော်ငှက်တွေ ကျွန်တော်တို့ခေါင်းပေါ်

မှာ ဆူညံပြီး ဝိုင်းပတ်ပျံသန်းနေကြတာ..နားထဲမကြားနိုင်ဘူး။လမ်းပေါ်မှာ ဘော်လုံးကန်နေတဲ့ ကလေးတွေကို သတိမပြုနိုင်ဘူး။ ဟာဂျီ အလီရဲ့ ဂူဗိမာန်

ကို ဝတ်ပြုဖို့သွားတဲ့ အုပ်စုတွေကို မမြင်အားဘူး။ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုမိကြတာပဲ။ကျွန်တော် ငိုတယ်..သူ

လည်း ငိုတယ်။ကျွန်တော်တို့ အတူဖြတ်သန်းတဲ့ခဲ့အချိန်တွေ အတွက်..ကျွန်တော်တို့ ကွဲကွာသွားခဲ့တဲ့အချိန်တွေအတွက် ငိုကြတယ်။ နောက်မှ တစ်

ယောက်အကြောင်း တစ်ယောက်ပြောကြတာ။ အထူးသဖြင့်တော့ ဆလင်းက ပြောပြီး ကျွန်တော်က နားထောင်သမား သာသာပါပဲ။

 

*****************

 

ဆလင်း ကို ကျွန်တော်သေချာကြည့်မိတယ်။ အရပ်ကြီးကလည်း ရှည်လာလိုက်တာ။ မျက်နှာကလည်း ပိုပြီး ခန့်ညားချောမောလာတယ်။

ဆယ့်ခြောက်နှစ်သား မှာ ဘောလီးဝုဒ်က ဖလင်စတားတွေလို ကြည့်ကောင်းလာတာကလားဗျ။ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြွမ်းတီးနေတဲ့ မြို့ပြရဲ့ ဘဝ

က သူ့ကို ကျွန်တော့်လို တိုက်စားမသွားပါလားလို့ ကျွန်တော်တွေးနေမိတယ်။ရုပ်ရှင်တွေကြိုက်တာ..မင်းသားတွေကို ကြည်ညိုတာကတော့ မပြောင်း

ဘူးဗျ..။အဲ..အဲဒီအထဲ အာမန်းအလီတော့ မပါဘူးပေါ့။ သောကြာနေ့တိုင်း ဟာဂျီအလီရဲ့ ဂူဗိမာန်ကို လာပြီး ဆုတောင်းမြဲ..ဝတ်ပြုမြဲပဲ..။လက္ခဏာ

ဆရာကြီးရဲ့ ဟောပြောချက်က ဖြစ်လာတော့မဲ့ အခြေအနေရှိလာတာ အရေးပါဆုံး အကြောင်းတစ်ခုပေါ့။ ခု..သူ ဒက်ဘာဝါလား လေး မလုပ်တော့

ဘူးတဲ့ဗျ။ကြေးအတော်ပေးရတဲ့ ရုပ်ရှင်သရုပ်ဆောင်သင်တန်းတစ်ခုမှာ တက်နေလေရဲ့။

“သရုပ်ဆောင် သင်တန်းကြေး ဘယ်သူပေးနေတယ် မင်းထင်လဲ..”

“မသိဘူး..ဘယ်သူပေးနေတာလဲ..”

“အာဘစ် ရဇ်ဝီကွ..”

“သူက ခု နာမည်ကြီးနေတဲ့ အက်ရှင်စတားတွေကို မွေးထုတ်ပေးနေတဲ့ နာမည်ကြီး ပရိုဂျူဆာလား..”

“ဟုတ်တယ်..သူပဲ..သူက သူထုတ်လုပ်မဲ့ ရုပ်ရှင်တစ်ခုမှာ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခိုင်းမှာလေ..အဲဒီရုပ်ရှင်က

နောက်နှစ်နှစ်လောက်မှာ စရိုက်မှာ..အဲဒီအခါကျ ငါလည်း ဆယ့်ရှစ်နှစ်ပြည့်ပြီလေ..ဒီကြားထဲ ငါ့ကို လေ့ကျင့်ပေးထားတာပဲ..”

“ဟ..ထူးရောပါလား..ဘယ်လိုဖြစ်လာတာလဲ..”

“ပြောရရင် ဇာတ်လမ်းရှည်ကြီးပေါ့..”

“ငါ့အတွက် ရှည်တယ်ဆိုတဲ့ ဇာတ်လမ်း မရှိနိုင်တော့ပါဘူးကွာ..ကဲ..ဆလင်း အစ ကသာစပြောပေတော့..”

ဒီတစ်ခါ ဇာတ်လမ်းကတော့ ဆလင်း ပြန်ပြောတဲ့အတိုင်း ကျွန်တော် ပြောပြပါ့မယ်။

 

*******************

 

“မင်း ရုတ်တရက်ကြီး ထွက်သွားတော့ ငါလည်း ဂတ်ကိုပါက တန်းလျားမယ် တစ်ယောက်တည်း ကျန်ခဲ့တာပေါ့..ထုံးစံအတိုင်း ငါ့မှာ

ဒက်ဘာဝါးလား လေး လုပ်ပြီး ဝမ်းစာရှာနေရတာ..လေးနှစ်နီးပါးပေါ့..ဒါပေမဲ့ တစ်နေ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်ရမယ်

ဆိုတဲ့ အိပ်မက်ကလေးကတော့ ဆက်မက်နေဆဲပေါ့ကွာ..”

“တစ်နေ့ကျတော့ ငါ့အလုပ်အရ မူကရှ် ရာဝဲလ် လို့ခေါ်တဲ့ ငါ့ဖောက်သည်တစ်ယောက်အိမ်မှာ ထမင်းဘူးလေး သွားယူတော့ သူ့အိမ်

မှာ ငါသတိထားမိတာက တစ်အိမ်လုံး ရုပ်ရှင်ပိုစတာတွေ အနှံ့ကပ်ထားတာပဲကွ..ပိုစတာတွေမှာ သူ့ပုံနဲ့ နာမည်ကြီး မင်းသားတွေ

တွဲလျက်ကြီး ပါနေတော့ ငါလည်း အံ့ဩသွားတယ်..အဲဒါနဲ့ သူ့မိန်းမကို မေးကြည့်မိတယ်..သူပြောတာက မူကရှ်က ဆေးကုမ္ပဏီတစ်

ခုမှာ အရောင်းကိုယ်စားလှယ်တစ်ယောက်တဲ့..ဒါပေမဲ့..အချိန်ပိုင်းအနေနဲ့ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်တာတဲ့..မျက်နှာသစ်

သရုပ်ဆောင်ပေါ့..”

“သူ့မိန်းမပြောတာကြားပြီးတော့ ငါလည်း အံ့အားသင့်သွားပြီး မူကရှ်ရဲ့ ရုံးကိုပြေးပြီး သူ့လို သရုပ်ဆောင် လုပ်ချင်ပါတယ်ဆိုတဲ့

အကြောင်း ပြောတာပေါ့..သူက ..ငါက အသက်ငယ်သေးတော့ ဇာတ်လိုက်တော့ မဖြစ်နိုင်သေးဘူးတဲ့..ဒါပေမဲ့..တချို့ဇာတ်လမ်း

တွေမှာ ကျောင်းသားတို့..လမ်းပေါ်က ကလေး တွေ တို့ လိုတတ်တာမျိူးဆိုတော့ ငါ့အနေနဲ့ ဖြစ်နိုင်ပါတယ်တဲ့..သူက ငါ့ကြည့်ပြီး

ရီသေးသကွ..နောက်တော့ သူက ခုသူအလုပ်လုပ်နေတဲ့ မျက်နှာသစ်သရုပ်ဆောင် ရှာဖွေပေးတဲ့ ဆရာ ပါပူး ကို ပြောပေးပါမယ်

တဲ့..ငါက ရှစ်လက်မ ခြောက်လက်မ ကာလဓာတ်ပုံလေးတွေ ပို့စ် အမျိုးမျိုးနဲ့ ရိုက်ပြီး သူ့ကို လာပေးထားပါတဲ့..တကယ်လို့ ဆရာ

ပါပူးက ငါ့ပုံတွေကြည့်ပြီး သဘောကျရင် ဇာတ်လမ်းထဲ ထည့်သုံးမှာပေါ့တဲ့…မျက်နှာသစ် သရုပ်ဆောင်တစ်ယောက်အနေနဲ့

သရုပ်ဆောင် ပညာအများကြီး မလိုပါဘူးတဲ့..ဒါပေမဲ့..ဓာတ်ပုံထဲတော့ စမတ်ကျကျနဲ့ ကြည့်ကောင်းအောင် ဖြစ်ဖို့လိုတယ်ပေါ့

ကွာ..အဲဒီလိုဖြစ်အောင် တကယ့် ကြေးစားဓာတ်ပုံဆရာနဲ့ ရိုက်ပေါ့တဲ့…”

 

“အဲဒီညက ငါ အိပ်မပျော်ဘူး..နောက်နေ့မနက်ကျတော့ ဓာတ်ပုံစတူဒီယို တစ်ခုသွားပြီး စုံစမ်းကြည့်တာပေါ့..ဘယ်လောက်ကုန်မလဲ

ဘာညာမေးတော့ ဓာတ်ပုံဆရာက တွက်ပြလိုက်တာ..ငါ့တစ်လစာ မက အောင်ပဲ..ဟရေး..ဘာဘာ အဲဒီလောက်တော့ ကျွန်တော်

မတတ်နိုင်ဘူးလို့ ပြောတော့ ဓာတ်ပုံဆရာက မင်းအဲဒီလောက်မတတ်နိုင်ရင် ဈေးပေါပေါ ကင်မရာတစ်ပတ်နွမ်းလေးတစ်လုံး ကိုယ့်

ဘာသာဝယ်ပြီး ရိုက်ပေါ့တဲ့..ပြီးရင် အဲဒီပုံတွေ ချဲ့ပြီး သူထုတ်ပေးမယ်တဲ့လေ..အဲဒါနဲ့ ငါလည်း သူပြောတဲ့အတိုင်း ကင်မရာ ပေါပေါ

လေးတစ်လုံးရှာဝယ်ပြီး လှိမ့်ရိုက်တော့တာပဲ..အဟီး..ချာ့ချ်ဂိတ်ရှေ့ ရပ်ထားတဲ့ သူများဆိုင်ကယ်နားမှာ အမီတာ ဘာဂျမ်း စတိုင်နဲ့..

ဟိုကားကွာ..မူကွက်ဒါ ကာ ဆီကန်ဒါ ဆိုတဲ့ကားလေ..အဲဒီကားထဲက အမီတာ ဘာဂျမ်း စတိုင် အတိုင်းပေါ့..နောက်..ချောင်ပတ်တီ

ကမ်းခြေမှာ ခဲလ် ဆိုတဲ့ ကားထဲက အက်ခ်ရှေး ကူးမားစတိုင်မျိုး ရိုက်တယ်..ပြီးတော့ ဆန်း အင် ဆန်းဒ်(နေနဲ့သဲ) ဟိုတယ်ရှေ့မှာ

ဟရစ်သစ် ရိုရှန်း စတိုင်မျိုး..ကဟိုနာပြာဟိုင်း ဆိုတဲ့ကားထဲက အတိုင်းလေ..နောက်တစ်ခါကျတော့ ဒေ့ဗ်ဒတ် ဆိုတဲ့ကားထဲက

ရှာရွတ်ခန်းရဲ့ အရက်မူးတဲ့ စတိုင်မျိုး ဂျော်နီဝေါကား ပုလင်းလွတ်လေး ကိုင်ပြီး ရိုက်သေးတယ်..ဖလော်ရာ ရေပန်းကြီးရှေ့မှာ

ဂေါဝိန္ဒ ရဲ့စတိုင်မျိုးနဲ့ သွားဖြဲပြီး ရိုက်ခဲ့သေးတာ….ပုံနှစ်ဆယ်လောက်တော့ ရပြီပေါ့..ဖလင်တစ်လိပ်က သုံးဆယ့်ခြောက်ပုံလောက်

ရိုက်လို့ရတာဆိုတော့ ငါလည်း စိတ်ဝင်စားဖို့ကောင်းမဲ့ လူတွေ ..အဆောက်အအုံတွေ လိုက်ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..ဗစ်တိုးရီးယား

တာမီးနပ်စ် နဲ့ အိန္ဒိယ ဂိတ်ဝေး ကြီးကို ရိုက်တယ်ကွာ..ကမ်းခြေပတ်လမ်းမှာ ကောင်မလေး လှလှ တစ်ယောက်တွေ့လို့ ရိုက်လိုက်

သေးတယ်..ဘန်ဒရာ မှာတွေ့တဲ့ အဘိုးအို တစ်ယောက်..နောက်..ကိုလာဘာမှာတွေ့တဲ့ မြည်းတစ်ကောင်ကို အနီးကပ် ရိုက်ခဲ့တာ..

နောက်ဆုံးပုံကတော့ မဟင်ဘက်မှာ ရိုက်ခဲ့တာကွ..သက်လတ်ပိုင်းလူတစ်ယောက် ခုံတန်းလေးတစ်ခုပေါ်မှာ ထိုင်ပြီး ဆေးလိပ်

သောက်နေတာ…လက်မှာလည်း အရောင်စုံ လက်စွပ်တွေ ဆင်ထားလို့..ငါလည်း ရှပ်တာခလုပ်နှိပ်ပြီးရော..ဒီလူကြီး ဘယ်သူဆို

တာ ငါမှတ်မိသွားတယ်..တစ်ကိုယ်လုံးအေးစက်သွားတာပဲကွာ..”

“ဟေ..ဘာလို့…အဲဒါ နာမည်ကြီး သရုပ်ဆောင်မို့လို့လား..ဟို ငနာကြီး အာမန်းအလီ လား..ဘယ်သူတုန်းဟ..ဆလင်းရ..”

 

“မဟုတ်ဘူး..မိုဟာမက်ရ..အဲဒီလူကို မင်းလည်း ငါ့လို ကောင်းကောင်းကြီး သိပါတယ်ကွာ..တို့ မာမန်းလို့ခေါ်ခဲ့ရတဲ့ ဘာဘူ

ပီလိုင်း ရယ်..တို့ကို ဒေလီကနေ ဒီခေါ်လာပြီး စုံလုံးကန်းအောင် လုပ်မဲ့ အကောင်ကြီးလေကွာ..”

 

“ဟာ..ဘုရား..ဘုရား..” ကျွန်တော်တောင်လန့်ဖျတ်ပြီး ပါးစပ်ကို လက်ဝါးနဲ့ အုပ်မိတယ်..။

“သူ..သူက မင်းကို မှတ်မိသွားရောလား..”

“အေး..မှတ်မိတာပေါ့ဟ..သူက..ဟေ့..မင်း ဆလင်း မဟုတ်လား…ငါ့ဆီက ထွက်ပြေးသွားတဲ့ ကောင်လေး ဒီတစ်ခါတော့

လွတ်မယ် မထင်နဲ့ဟေ့ လို့ အော်ပြီး ငါ့ ပစ်ဆွဲတော့တာပဲ..ငါလည်း ဘာမှစဉ်းစားမနေနိုင်ဘူး..လှည့်ပြေးတာပေါ့..ဘတ်စ်

ကားတစ်စီး မှတ်တိုင်က ထွက်ခါနီး ခုန်တက်ပြီး လိုက်သွားတော့မှ ဟိုငနာကြီးကို လမ်းပေါ်မှာ ချန်ထားနိုင်တော့တာပဲ..”

 

“ငါလည်း ကားပေါ်ကျမှ ကံကောင်းလို့ လွတ်တာဟ ဆိုပြီး ထိုင်တွေးနေမိတုန်း ဘာဖြစ်တာပါလိမ့်ဆိုပြီး ..”

“ဘာလဲဟ..”

“ကားက ရပ်သွားတာကွ..ရှေ့မှာ ခေါင်းစည်းတွေစီးပြီး ဓားတွေ လှံတွေ ခက်ရင်းခွ ကိုင်ထားတဲ့ လူရမ်းကားတွေ..”

“ဟာ…လူဆိုးတွေလား..”

“ဟုတ်တယ်…အုပ်စုလိုက် သောင်းကျန်းတဲ့ လူဆိုးတွေ..ပိုဆိုးတာက..အဲဒီအချိန် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း

ဖြစ်နေတဲ့ ကြားထဲ တို့ကားက ရောက်သွားတာပဲ.. သေချာကြည့်တော့မှ ရှေ့မှာ သူတို့ မီးရှို့ဖျက်စီးထားတဲ့ ယာဉ်တွေ

ကားတွေက မီးခိုးတွေ တငွေ့ငွေ့ထွက်လို့…ဆိုင်တွေလည်း ပိတ်တဲ့ဆိုင်ပိတ်..ပျက်စီးကျိုးပဲ့တဲ့ ဆိုင် ပဲ့နဲ့..နံရံတွေပေါ်၊

ပလက်ဖောင်းတွေပေါ်မှာလည်း သွေးတွေ စင်ထားတာပဲ.. ကျောက်တုံးတွေ၊ တုတ်တွေ၊ ဖိနပ်တွေ လမ်းပေါ်မှာ ပြန့်

ကျဲနေတာပဲကွ..တို့ကား ဒရိုက်ဗာကတော့ လျင်တယ်..လှစ်ခနဲ ပြေးတော့တာပဲ..ငါကတော့ ကြောက်လွန်းလို့ လူ

က ထုံထိုင်းထိုင်း ဖြစ်နေတာ..ဒီလိုကြောက်စရာ မြင်ကွင်းမျိုး နောက်တစ်ခါ မမြင်လောက်တော့ပါဘူးလို့ အရင်က

ထင်ထားခဲ့တာကွာ..မင်းသိပါတယ်..ငါမေ့ထားတဲ့ အသံတွေ ငါပြန်ကြားလာတယ်..ငါ့အမေ နဲ့ ငါ့အစ်ကို အော်ဟစ်

လိုက်တဲ့ အသံက ငါ့နားထဲမှာ ပြန်ပြီး ပဲ့ထင်ထပ်လာတာပဲ..ငါကွာ..တအားကို ကြောက်ပြီး တုန်နေတော့တာ..အဲဒီလူ

ရမ်းကားတွေ ပြောနေတာက မူဆလင် လူရမ်းကားတွေက သူတို့ ဟိန္ဒူအိမ်တွေကို မီးရှို့သွားလို့ လက်စားချေဖို့ ထွက်

လာတာတဲ့…နောက်မှ သိတာက ..စဖြစ်တာ ဘာမှမဟုတ်ဘူး..ရေဘုံဘိုင်မှာရေခပ်ရင်း စကားများကြတာ..သိတယ            ်

မဟုတ်လား..ပျံကျ ကျူးကျော်ရပ်ကွက်ထဲမှာ ဖြစ်နေကျလေ…လူတွေကလည်း သွေးဆူလွယ်တော့ တစ်ယောက်တစ်

ပြန်ဆော်ကြနှက်ကြရင်း အုပ်စုလိုက်ဖြစ်လာတော့တာ…နာရီပိုင်းအတွင်းပဲ..ကားတွေ မီးရှို့ခံရတယ်..အိမ်တွေ မီးရှို့

ခံရတယ်..လူတွေလည်း အသတ်ခံရတော့တာပဲ..”

 

“လူရမ်းကားတွေက ကဲ ကားပေါ်က လူများ ကိုယ့်နာမည်ကို ပြောကြ..ဟိန္ဒူဆိုရင် ကားပေါ်က ဆင်းခွင့်ပြုမယ်..မူ

ဆလင်များကတော့ ဆက်ထိုင်နေကြပါ..ဆိုပြီး ပြောတာ..ကားပေါ်က ခရီးသည်တွေလည်း တစ်ယောက်ချင်းစီ ကိုယ့်

နာမည်ကို တုန်တုန်ရင်ရင်နဲ့ ပြောပြီး ဆင်းသွားကြတယ်..ငနဲတွေကလည်း တစ်ယောက်ချင်းကို သိမ်းငှက် မျက်လုံး

နဲ့ကြည့်သလို အကဲခတ်နေကြတာပဲ..လူတွေကတော့ ဟိန္ဒူနာမည်တွေချည်းပဲကွာ ပြောသွားလိုက်တာ..ဘာတဲ့..

အာဗင်း..အပ်ရှာ..ဂျာတင်..အေရွန်…ဘာစန်တီ..ဂျာဂ်ဒစ်ရှ်…နာမဒါ..ဂင်္ဂ ါ..မိလိန္ဒ..ဟ..စုံလို့..ဟိုငနာတွေကလည်း

တစ်ယောက်ချင်းစီ မိန်းမ၊ ကလေး မကျန် သေချာ စစ်တယ်..ကောင်လေးတွေဆို ဘောင်းဘီချွတ်ကြည့်တယ်…လူ

ကြီးတွေကျ ဘာသာရေးအကြောင်းမေးတယ်..ငါလည်း အဲဒီ အကောင်တွေ နိုင့်ထက်စီးနင်းလုပ်နေတာကြည့်ပြီး

အောဂလီဆန်လာတယ်…လူကလည်း ကတုန်ကရင်ဖြစ်လာပြီး ခုံပေါ်မှာ အမြစ်တွယ်နေသလိုမျိုး…အကြောတွေ

တောင် ဆိုင်းချင်သလိုလို…ကွေးကောက်နေတာပဲကွာ..စောက်ရမ်း..လူတွေ တဖြည်းဖြည်း ဆင်းကုန်ကြတာ နောက်

ဆုံး ငါနဲ့ ငါ့နောက်မှာ ထိုင်နေတဲ့ လူတစ်ယောက်ပဲ ကျန်တော့တာ…”

2 comments

  • windtalker

    February 1, 2012 at 9:31 pm

    ဟရေး..ဘာဘာ ၊ အခုရက်ပိုင်းအတွင်း အလုပ်များနေတာနဲ ့မိတ်ဆွေကြီး ပို ့စ်ကို အခုမှ တွေ ့ပြီး ဖတ်ရတယ် ။ အချိန်ကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေနှစ်ယောက် ပြန်ဆုံချိန်မှာ အရင်လို ခင်ခင်မင်မင် ရှိနေဦးမလား ဆိုတာ မသေချာဘူးလို ့ထင်တယ် ။ ကြားကာလတွေထဲမှာ ဖြတ်သန်းရတဲ့ ဘဝ အခြေအနေ တွေ ကို လိုက်ပြီးပေါ့ ။ အဲဒါ ကျွန်တော့် အထင်ပါနော ။ နောက်အပိုင်းကို အမြန်ဆုံးတင်ပေးပါဗျို ့ ။

  • MaMa

    February 1, 2012 at 9:31 pm

    အားပေးလျှက်ပါ မောင်ဘလှိုုင်ရေ။ ကြိုးစားပြီး ရေးတင်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။

Leave a Reply