“When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်….

(၁၀)တန်းအောင်ပြီးနောက်…

ရန်ကုန်ကို စရောက်တဲ့အချိန်… မင်္ဂလာဒုံဘက် အဒေါ်တစ်ယောက်အိမ်မှာ ခိုနားတုန်းကပေါ့…

ကျွန်တော်က မနက်ပိုင်း (၇)နာရီဆိုရင် မြို့ထဲလမ်း(၅၀)နားမှာရှိတဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ သင်တန်း တွေတက်ခဲ့တယ်…

မင်္ဂလာဒုံကနေပြီးတော့ မြို့ထဲကို (၇)နာရီအမီရောက်ဖို့ မနက် (၅)နာရီလောက်ထပြီး ပြင်ရဆင်ရနဲ့ မနက်ပိုင်း စောစောကားစောင့်ရတာလဲ အချိန်ပေးရတာပေါ့…

ကျွန်တော်က Bus လမ်းကြောင်းကို သေချာမကျွမ်းကျင်တာလဲပါတာပေါ့ဗျာ…

ရောက်မယ့် နံပါတ်ကိုမှတ်ထား… အဲဒီကားစောင့်စီးကိုး…သိပ်မှမသွားတတ်တာ…အဲဒီတုန်းက တောသား

အထူးသဖြင့် မနက်စာကို သင်တန်းအောက်က လက်ဘက်ရည်ဆိုင်မှာပဲ အဆင်ပြေသလိုပြီးနေကြပေါ့…

တစ်နေ့တော့…

မနက် (၅)နာရီလောက်အိပ်ယာလူးလဲထပြီး ရေချိုး၊ မျက်နှာသစ် အ၀တ်အစားလဲပြီးတော့

လမ်းထိပ်ကိုထွက်တယ်… (၅၁) Bus ကိုစောင့်စီးခဲ့တယ်…

ကားကြီးက အချောင်ကြီးဆိုပေမယ့် ထိုင်ခုံအားလုံးတော့ ပြည့်နေတယ်ပေါ့ဗျာ…

ကျွန်တော်က MP3 လေးနားကြပ်တပ်ပြီးတော့ အေးရာအေးကြောင်းကားစီးလာခဲ့တယ်…

ကားက တစ်နာရီလောက်စီးရမှာမဟုတ်လားဗျ…ဗိုက်ထဲက ပိုးမျိုးထောင်သောင်းကတော့ သူတို့ဝမ်းရေးအတွက်တောင်းဆိုနေကြပြီလေ…

ကားချောင်တယ်ဆိုတာ…Bus စီးနေကျသူတွေအတွက်တော့ သုခတစ်ပါးမဟုတ်ပါလော….

 

အဲဒီလိုနဲ့ (၈)မိုင်လမ်းဆုံအရောက်…

ကောင်မလေးတစ်ယောက်ကားပေါ်တက်လာခဲ့တယ်…

ကောင်မလေးက အရပ်က (၅)ပေမရှိတရှိ…သေချာတိုင်းကြည့်ရင် ပြည့်မယ်မထင်…

ထမိန်စကပ်ခပ်ကြပ်ကြပ်လေးဝတ်ထားတယ်။ စီးထားတဲ့ဖိနပ်ကလဲ ဒေါက်တိုတိုလေးနဲ့…

လက်ထဲမှာလဲ မုန့်ဟင်းခါးတွေကို (၆)ဆင့်ဂျိုင့်နဲ့ အပြည့်…မွှေးလို့ဗျ…တင်တင်အေးဆိုင်က ၀ယ်ခဲ့ထင်ပါ့…

သူ့မုန့်ဟင်းခါးနံ့ကလဲဗျာ…မနက်စောစော ဘာမှမစားလာရသေးတဲ့ ရုံးကန်လှုပ်ရှားသူတွေကို တကယ်သောကရောက်စေတယ်..

သရော်နေသယောင်ပေါ့…

သူက ကားပေါ်လဲရောက်ရော…

အတက်အဆင်းပေါက်ရဲ့ ညာဘက်မှာနေရာယူလိုက်တယ်…အထက်ကလက်ကိုင်ကွင်းကို ဆွဲကိုင် ခြေဖြားလေးကိုထောက်ပြီး ကျြွကြွရွရွလေးထောက်ပြီး ကြွကြွရွရွလေး မတ်တပ်ရပ်လိုက်တယ်…

ကျွန်တော်က ဒရိုင်ဘာအနောက်ဘက် အတက်အဆင်းအပေါက်ရဲ့ ဘယ်ဘက်အခြမ်း…

သူနဲ့ ကျွန်တော် အတက်အဆင်းအပေါက်ခြားလို့ နဲနဲလှမ်းတယ်ဆိုရမှာပေါ့…

ကန္ဒရီ၊ ကန္ဒရာလိုဆိုရင် နှစ်(၇၀၀)ငိုရမယ့်အဖြစ်မျိုးပေါ့…(ဘာမှတော့မဆိုင်ဘူး)

 

(၈)မိုင်ကနေ ကားပြန်စထွက်တော့  လှည်းတန်းအရောက် ခရီးသည်လုဖို့ ကားကလဲ အရှိန်မြှင့်မောင်းပြီလေ…

ကားလိုင်းတွေကလဲ ပိုများလာတော့ ၀မ်းရေးရော၊ ၀ါသနာပါယှဉ်ပြီး…ပြိုင်ကြတော့တာပေါ့…

အဲဒီမှာ ကလေးနှမ ပြသနာစလို့ ဒယိမ်းဒယိုင်နဲ့ ကားပေါ်မှာ ကြိုးနဲ့ တန်းလန်းကြီးဆွဲထားသလို

ထမိန်စကပ် ကလဲကြပ်ရှာ ထင်ပါ့…ဖိနပ်ကလဲ ဒေါက်နဲ့ ခြေဖြားလေးထောက်ပြီး…

(၆)ဆင့်ဂျိုင့်ကြီးကိုင်လို့

ဟော…ဘယ်ဘက်ကို လည်သွားလိုက်၊ ဟော…ညာဘက်ကို လည်သွားလိုက်…

သူဖြစ်နေတဲ့ပုံကို လူတော်တော်များများ မြင်ကြပေမယ့် ဂရုမစိုက်ကြဘူး… ငိုက်သူလိုက်၊ ငေးသူငေး၊ တွေးသူတွေးပေါ့…

ကျွန်တော့မှာ ရယ်လဲရယ်ချင်…သနားလဲသနားလို့…အနားတိုးသွားပြီး..ဂျိုင့်ပေးထားဖို့ပြောပါတယ်….

သူက သူ့မုန့်ဟင်းခါးတွေပဲ နှမြောလို့လား…သူ့ကြောင်တယ်ထင်လို့လား မသိဘူး…

“ရတယ်” တဲ့…ခပ်ပြတ်ပြတ်လေး ပြန်ပြောတယ်…ကျွန်တော့်မျက်နှာက ပြုံးစိစိဖြစ်နေတာလဲပါတာပေါ့နော်…

အဲလိုနဲ့ လှည်းတန်းလဲရောက်ရော…လူတွေမြန်မြန်တင်ပြီး

ကြာတတ်တဲ့လှည်းတန်းပွိုင့်ကိုမီဖို့ ဒရိုင်ဘာက Speed ကိုတင်အချိန်ကိုက်အဖြတ်၊ ခြုံကြားက ယာဉ်ထိန်း ကလဲခလုပ်ကိုအနှိပ်…

အစိမ်းနဲ့ အနီကြားမှာ… “ကျွိ” ဆိုတဲ့ဘရိတ်အုပ်သံနဲ့အတူ အနှီ..မုန့်ဟင်းခါး (၆)ဆင့်ဂျိုင့်နှင့် ကလေးမခင်ဗျာ…

လိမ့်ကာ..လိမ့်ကာ..လိမ့်ကာဖြင့်…ခြေလွတ်လက်လွတ်…

မုန့်ဟင်းခါးဂျိုင့်ပူပူကြီးကလဲ…ဗွမ်းဂလုံဂလွမ်နဲ့ ကျွန်တော့် ခြေထောက်ပေါ်အကျ…

ကားတစ်စီးလုံးလဲ မုန့်ဟင်းခါးနံ့ မွှေးသထက်မွှေးလာ…

ခရီးသွား မုန့်ဟင်းခါးများလဲ (၈)မိုင်ကနေ လှည်းတန်းမှာပင် ဂိတ်ဆုံးသွားပါတယ်…

ဟန်အပြည့်နဲ့ မူပိုတဲ့ကောင်မလေးတော့ တမဟုတ်ချင်း ချိနဲ့နဲ့ငိုယိုတဲ့ကလေးမဖြစ်သွားပြီး…

ကျွန်တော်လဲ  သင်တန်းမရောက်ပဲ ဆေးခန်းကိုရောက်သွားပါတော့တယ်…

 

(၆)ဆင့်ဂျိုင့်နှင့် အရပ်ပုပုကောင်မလေးများ မုန့်ဟင်းခါးဝယ်လာတိုင်း..ကြောင်ဝတုတ်ကို သတိရကြသည်…

 

ကြောင်ဝတုတ်

၂၀၁၂ခုနှစ်၊ ဒုတိယလပိုင်း

ရန်ကုန်။

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...