ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ …

moesatrainJune 2, 20101min670

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ
စာပေနှင့်စာနယ်ဇင်းအဖွဲ့(MYANMAR WRITERS AND JOURNALISTS ASSOCIATION) က
ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ထုတ်ပြန်ချက်သည် မေလ ၁၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ်၏ သတင်းထောက်အား
ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများအရ
ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက် နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ် ခဲ့သော Johnson’s Baby Lotion ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲသို့ တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင်
ထက်ထက်မိုးဦးအား 7 Day News ဂျာနယ်သတင်းထောက် မအေးသူစံ က ကြိုတင်ချိန်းဆို
ထားကြသည့်အတိုင်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းရာတွင်
ကာယကံရှင် မနှစ်သက်သော မေးခွန်းများပါဝင်၍ ကာယကံရှင်က
ထွက်သွားရန်ပြောကြောင်း၊ သတင်းထောက်က ကာယကံရှင် မနှစ်သက်သော
မေးခွန်းမေးမိသည့်အပေါ် ပြန်လည်တောင်းပန်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။

ယင်းသို့ မေးမြန်းမှုပြုလုပ်ခဲ့ပြီး ခေတ္တခဏမျှအကြာတွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက Perfect မဂ္ဂဇင်းမှ မခင်သက်ဦးကို 7 Day News
ဂျာနယ်သတင်းထောက် မအေးသူစံအား ခေါ်ခိုင်းကြောင်း သိရပါသည်။ ထို့နောက်
ထက်ထက်မိုးဦးသည် သတင်းထောက် မအေးသူစံကို ballroom ရှေ့ လူမြင်ကွင်းတွင်
ကာယကံမြောက်ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာယကံမြောက် ကျူးလွန်ပြီးနောက် ထက်ထက်မိုးဦးသည် အခမ်းအနားကျင်းပနေရာ ခန်းမအတွင်းသို့ Perfect မဂ္ဂဇင်းမှ မခင်သက်ဦးနှင့်အတူ ပြန်ဝင်သွားကြောင်း
ကိုယ်တွေ့ကြုံသူများနှင့် ကာယကံရှင်၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် 7 Day News ဂျာနယ်သတင်းထောက်သည် ညတွင်းချင်းပင် ရန်ကင်း ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့် အရေးယူပေးပါရန်
တိုင်ကြားခဲ့ကြောင်းနှင့် နောက်တစ်ရက် (မေလ ၂ဝ ရက်နေ့)တွင်
ရန်ကင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အချို့က သရုပ်ဆောင် ထက်ထက် မိုးဦးအား မေးမြန်းမှုကိုငြင်းဆန်ခဲ့သော်လည်း
ပြည်ပအခြေစိုက်သတင်း ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော ဧရာဝတီတွင်မူ သရုပ်ဆောင်
ထက်ထက်မိုးဦး နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြထားကြောင်းလည်း
သိရှိရပါသည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ‘မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်’ ခေါင်းစဉ်ပါ တွေ့ဆုံမေးမြန်းမှုတွင် သရုပ်ဆောင် ထက်ထက်မိုးဦးက တရားရုံးကဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့
ရင်ဆိုင်ရန် စီစဉ်ထားသလဲဟု မေးမြန်းမှုအပေါ် ‘ဘယ်လိုရင်ဆိုင်မလဲ
ဆိုတော့ ကိုယ်ကသူများကို မဟုတ်တာလုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ
ချောင်းရိုက်တာလဲ မဟုတ်ဘူးလေ’စသည်ဖြင့် ပြန်လည် ဖြေကြားခဲ့ကြောင်း
တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး 7 Day News ဂျာနယ်အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့ လည်းကောင်း၊
အသိပေးတိုင်ကြား မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

7 Day News ဂျာနယ်၏ တိုင်ကြားချက်အရ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က မေလ ၃၁ ရက်နေ့က
ကြေညာချက်တစ် ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ၎င်းထုတ်ပြန်ချက်မှာ
ပူးတွဲပါအတိုင်း ဖြစ်ပါသည်။