အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်း

          ကမ္ဘာကျော် ခေါင်းလောင်းကြီး၊ ကမ္ဘာကျော် ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန်စေတီတော်ကြီး ရှိတဲ့ နေရာ၊ ဘုရားဟော ပိဋကတ်သုံးပုံ၊ ပိဋကတ်ပါဠိတော် စာမျက်နှာပေါင်း (၈၀၂၇) ကိုအာဂုံဆောင်နိုင်ကာ အဌကထာ၊ ဋီကာ စာမျက်နှာပေါင်း (၉၉၃၄) ကို ဖြေဆိုအောင်မြင်ပြီး တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့တော်ရ၊ ကမ္ဘာ့မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီး အဖြစ်မှတ်တင်းတင်ခံရတဲ့ သာသနာ့အာဇာနည် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာ ဘိဝံသ ပေါ်ထွန်းခဲ့ရာ ကမ္ဘာကျော်တဲ့ မြန်မာ့ရွာကလေး မင်းကွန်းကိုတော့ လူတိုင်းသိကြပါတယ်။ (http://myanmargazette.net/72360/travel )

မင်းကွန်းမှာ ရှိတဲ့ ကမ္ဘာကျော်ခေါင်းလောင်းကြီးရဲ့မြောက်ဖက် မလှမ်းမကမ်းလေးမှာ အုတ်ဂူလေးနှစ်ခု ရှိနေတာကိုတော့ မင်းကွန်းရောက်သူတိုင်းတော့ သတိမထားမိကြပါဘူး။ မင်းကွန်းခေါင်းလောင်းကြီးကနေ မြသိန်းတန်းဘုရားဆီ သွားတဲ့ လမ်းကလေးရဲ့ အနောက်ဖက်လေးမှာ ရှိနေတာပါ။ အဲဒီ အုတ်ဂူလေးနှစ်ခုထဲက တစ်ခုသော အုတ်ဂူလေးထဲမှာတော့ အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး တစ်ဦး ထာဝရ လျှောင်းစက်နေပါတယ်။ သူကတော့ မိမိပိုင်ဆိုင်ရာ အားလုံးကို စွန့်လွတ်လှုဒါန်းကာ မိမိရဲ့ဘဝကို မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ (မင်းကွန်း ဘိုးဘွားရိပ်သာ) နဲ့ မြန်မာနိုင်ငံအနှံ့မှာ ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ) တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ အညတရ မြတ်ဒါနရှင် ဒေါ်ဦးဇွန်း ပဲဖြစ်ပါတယ်။

 

ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ)တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ ဒေါ်ဦးဇွန်း

ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ)တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ ဒေါ်ဦးဇွန်း

ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ)တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ ဒေါ်ဦးဇွန်း

မင်းကွန်းဘိုးဘွားရိပ်သာကြီး ဖြစ်ပေါ်လာအောင် စွမ်းဆောင်ခဲ့သူ ဒေါ်ဦးဇွန်းကို ၁၂၃၀ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၅) ရက်၊ သောကြာနေ့မှာ ပိုးကုန်သည် ဦးအိ၊ ဒေါ်မြှင် တို့မှ မန္တလေးမြို့မှာ ဖွားမြင်ခဲ့ပါတယ်။

ဒေါ်ဦးဇွန်းရဲ့ ဖခင်ဦးအိ၊

မိခင်ဒေါ်မြှင် နဲ့ ဒေါ်ဦးဇွန်း

ဒေါ်ဦးဇွန်းဟာ ငယ်စဉ်ကတည်းက အလှအပ၊ ပကာသနတွေကို မခုံမင်၊ မိဘနှစ်ဦးကို စောင့်ရှောက်ရင်းနေလာခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါး ဘဝတစ်ပါး ပြောင်းသွားတဲ့ အခါ စိတ်မှာမပျော်ရွှင်တော့ပဲ မိဘနှစ်ပါးကိုသာ သတိတရရ ရှိနေတော့တဲ့ အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင် ရန်ကုန်ကို ဘုရားဖူး ထွက်လာရင်း ပြင်သစ်ခရစ်ယာန်သီလရှင်များရဲ့ လူအိုရုံကို ဝင်လေ့လာ ဖြစ်ခဲ့ရာက ထိုလုပ်ငန်းကို သိပ်သဘောကျသွားပြီး မြန်မာ့ ဗုဒ္ဓဘာသာ လူအိုရုံများ ပေါ်ထွက်လာဖို့ မိမိကပဲ စလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိဘနှစ်ပါးကိုယ်စား သက်ရှိထင်ရှား ရှိနေတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တော့မယ်လို့ သံန္နိဌာန်ချလိုက်ပါတယ်။

ဒေါ်ဦးဇွန်းဟာ မန္တလေးကို ပြန်ရောက်တာနဲ့ ဒီလုပ်ငန်းကို စတင်အကောင်အထည် ဖေါ်ပါတယ်။ ၁၁-၁-၁၉၁၅ ခုနှစ် တနင်္လာနေ့မှာ သီလရှင်ကြီး ဒေါ်ဥတ္တမစာရီ အကူအညီနဲ့ မင်းကွန်းခေါင်းလောင်းကြီးနားက အေးချမ်းသာယာလှတဲ့ မြေနေရာလေးမှာ နောင်တစ်ချိန် မင်းကွန်း ဘိုးဘွားရိပ်သာ ဖြစ်လာမယ့် အစ ကမ္မဌာန်းကျောင်း ၃ ကျောင်းဆောက်ကာ အသက် ၉၅ နှစ် အရွယ်ရှိတဲ့ ဘိုးဆင့်၊ အသက် ၉၈ နှစ် အရွယ်ရှိတဲ့ ဖွားစိုး နဲ့ အသက် ၈၅ နှစ် အရွယ်ရှိတဲ့ ဖွားမယ်တို့ ၃ဦးကို ဒေါ်ဦးဇွန်း ကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးရဲ့ အကူအညီနဲ့ စတင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ဘိုးဘွား ၂၀ ဦးထိ လက်ခံလာနိုင်ကာ ကုန်ကျစရိတ်များ အားလုံးကို ဒေါ်ဦးဇွန်းတစ်ဦးတည်းကသာ ကျခံခဲ့ပါတယ်။

သီလရှင်ကြီး ဒေါ်ဥတ္တမစာရီက သူမ၏သားဖြစ်တဲ့ စာရေးကြီးဦးဘကျန်းကို အောက်ပြည်မှ ခေါ်ယူကာ တစ်တပ်တစ်အား ဝင်ကူစေခဲ့ပါတယ်။ မန္တလေးမှ BIA ဦးမောင်ကြီးလည်း ရောက်ရှိလာကာ မြန်မာဆေးဝါးများနဲ့ ဘိုးဘွားများကို ကျန်းမာရေး တာဝန်ယူခဲ့ကာ စာရေးကြီးဦးဘကျန်းနဲ့ အတူ ဘိုးဘွားများရဲ့ အဝတ်အစားများကို လျှော်ဖွတ် ကုသိုလ် ယူခဲ့ကြသည်မှာ လွန်စွာ အားကျဖွယ် ဖြစ်ခဲ့ပါတယ်။

 

စာရေးကြီးဦးဘကျန်း

BIA ဦးမောင်ကြီး

၁၉၂၆ အရောက်မှာတော့ လက်ရှိနေရာလေးကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒီနေရာလေးက အရှေ့ဖက်မှာ မြစ်မင်းဧရာနဲ့ နန်းတော်ကျွန်း ရွာကလေး၊ အနောက်မှာ ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးနဲ့ မင်းဝံတောင်တန်းကြီး၊ တောင်ဖက်မှာ ခြင်္သေ့ကြီးနှစ်ကောင်နဲ့ ပုထိုးတော်ကြီး၊ မြောက်ဖက်မှာတော့ မြသိန်းတန်စေတီတော်ကြီး ရှိပါတယ်။ ပူပြင်းတဲ့ အညာဒေသမှာ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့ မြစ်ပြင်ကို ဖြတ်သန်းလာတဲ့ သန့်ရှင်းတဲ့ လေနုအေးကို တစ်ဝကြီး ရှုခွင့်ရတဲ့ နေရာလေး ဖြစ်ပါတယ်။

ဒေါ်ဦးဇွန်းဟာ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ တစ်ခုတည်းနဲ့ ကျေနပ်အားရခြင်း မရနိုင်သေးပဲ ၁၉၂၇ ခုနှစ်မှာ သထုံ၊ ၁၉၂၈ မှာ ပေါင်းတည်၊ ၁၉၃၃ မှာ ရန်ကုန်(နှင်းဆီကုန်း)နဲ့ ၁၉၃၇ မှာ ပခုက္ကူမြို့များမှာ ဗုဒ္ဓဘာသာ လူအိုရုံများ တည်ထောင်ကာ ရှိရှိသမျှ မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာများကို လူအိုရုံများသို့ ရက်ရောစွာ လှူဒါန်းကာ လုပ်ကိုင်ခဲ့ပါတယ်။

ဖွားဦးဇွန်းဟာ အသက် ၆၀ အရွယ်မှာ လူဘဝကရုန်းထွက်ကာ သီလရှင်ဘဝကို ကူးပြောင်းပြီး လူအိုရုံလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ဖွားဦးဇွန်းရဲ့ သီလရှင်ဘွဲ့မှာ ဖွားသုမာလာ ဖြစ်ပါတယ်။ ဖွားဦးဇွန်းဟာ အသက် ၇၆ နှစ်အရွယ် စစ်အတွင်းကာလ (၁၁-၅-၄၄) မှာ သူမြတ်နိုးတွယ်တာလှတဲ့ မင်းကွန်း လူအိုရုံမှာပဲ မရဏရှင်သေမင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။

ဒေါ်ဦးဇွန်း စတင်တည်ထောင်ခဲ့တဲ့ မင်းကွန်းလူအိုရုံလုပ်ငန်းများကတော့ အရှိန်အဟုန်ကောင်းစွာနဲ့ လည်ပတ်နေပါပြီ။ ၄-၂-၉၈ မှာ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ အမည်မှ မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ အမည်သို့ ပြောင်းခဲ့ပါတယ်။ လာမယ့် ၁၁-၁-၂၀၁၅ ရောက်ရင် နှစ်တစ်ရာပြည့်မှာဖြစ်ပြီး ရာပြည့်ပွဲတော်ကြီးကိုလည်း ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ဆိုတာကတော့ အခုအချိန်မှာ မင်းကွန်းနဲ့ အမြဲယှဉ်တွဲ ထာဝစဉ် သတိရနေမယ့် နေရာလေး တစ်ခု ဖြစ်နေပါတော့တယ်။

“လူအိုတို့အား ချမ်းသာပွားမှု ထောက်ပံ့ပြုကာ၊ အာယုသက်တမ်း ရှည်မြဲလမ်းတည်း၊ သက်ရွယ်အိုခါ၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာ ကြပါစေ။”

 

မင်းကွန်း ဘိုးဘွားရိပ်သာ အနီးအနားက မြင်ကွင်းတွေ

ဧရာဝတီ ကမ်းနဖူးပေါ်က မင်းကွန်း ဘိုးဘွားရိပ်သာ

ဧရာဝတီ ကမ်းနဖူးပေါ်က မင်းကွန်း ဘိုးဘွားရိပ်သာ

 

မြစ်ပြင်ကို ဖြတ်သန်းလာတဲ့ သန့်ရှင်းတဲ့ လေနုအေးကို မင်းကွန်း ဘိုးဘွားရိပ်သာကနေ တစ်ဝကြီး ရှုခွင့်ရပါတယ်။

မင်းကွန်း ဘိုးဘွားရိပ်သာ ဆိပ်ကမ်း

မင်းကွန်း ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ ထမင်းမစားမှီ ကုသိုလ်ရှင်များအား ဆုတောင်းပေးနေစဉ်

မင်းကွန်း ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ ထမင်းမစားမှီ ကုသိုလ်ရှင်များအား ဆုတောင်းပေးနေစဉ်

(မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော်ကြီးကို ကြိုဆိုကာ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်းကို ရိုသေစွာဖြင့် ဂုဏ်ပြုရေးသား အပ်ပါသည်။)

စိန်သော့

(အချက်အလက်နှင့်ရှေးမှတ်တမ်း ဓါတ်ပုံများကို မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ မှတ်တမ်း နှင့် အ၇ှင်စန္ဒဇောတိ ၏ မင်းကွန်းမြေမှ ကမ္ဘာကျော် ကြီးငါးကြီး စာအုပ်မှ ရယူပါသည်)

 

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။

   Send article as PDF