စာအုပ်စင်ရှင်းရင်း မှတ်မှတ်ရရ သိမ်းထားခဲ့မိသော စာရွက်များကြားမှ နိုင်ငံခြားမှ မှုခင်းဖြစ်ရပ်တစ်ခုအကြောင်းကို အသေးစိတ်လေ့လာဖော်ထုတ်ခဲ့ပုံလေး အကြောင်းနဲ့ တရားခံဖြစ်သူက လူသတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခေါင်းတခြား ၊ ကိုယ်တခြား ၊ အင်္ဂါအစိတ်ပိုင်းလိုက် ဖြတ်တောက်ကာ နေရာခွဲ၍ မြှုပ်နှံခဲ့တဲ့အကြောင်းနဲ့ ဖော်ထုတ်ပုံအဆင့်ဆင့်ကို သတင်းအနေနဲ့ ရေးသားဖော်ပြပေးထားတာလေးဖတ်မိပြီး သဘောကျကာ လက်ရှိအလုပ်နဲ့ ဆက်စပ်နေတာလည်းပါတာကြောင့် ရွာသူရွာသားများ ဗဟုသုတရရန် အလို့ငှာ အစိတ်အပိုင်းတွေတွေ့ရုံနဲ့ ဆေးပညာနဲ့ မှုခင်းဖော်ထုတ်ပုံ ဘယ်လိုဆက်စပ်တွေးတောတယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ် ။

 

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

 

Multilated body ဆိုတာ လူ့ခန္ဓာကိုယ်ကို မမှတ်မိအောင် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆိုလိုပါတယ် ။ အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ထားတယ် ဆိုပေမယ့် အရိုးတွေမှာတော့ အသားတွေ ၊ တစ်ရှူးတွေ ၊ ကြွက်သားတွေ ၊ အရေပြားတွေကပ်လျှက် ရှိနေတတ်ပါသေးတယ် ။
Fragmentary remains ဆိုတာကတော့ ခန္ဓာကိုယ်က ဖြတ်ထားတဲ့ အပိုင်းကို ဆိုလိုပါတယ် ။
ဒီလို case တွေကို စစ်ဆေးဖို့ ရလာတဲ့ အပိုင်းတွေရဲ့ ပုံစံနဲ့ အခြေနေပေါ် မူတည်ပြီး ရလာဒ်တွေကနေ မေးလာတဲ့သံသယတွေကို အဖြေထုတ်ပေးရပါတယ် ။ အဓိကကတော့ ရလာတဲ့ အစိတ်ပိုင်းတွေဟာ လူရဲ့ အစိတ်ပိုင်းတွေလား ။ တိရိစာ္ဆန်ရဲ့ အစိတ်အပိုင်းတွေပဲလားဆိုတာမျိုး စဉ်းစားခွဲခြားရပါတယ် ။ လူလို့ ယူဆလျှင်လည်း အသက်ကိုခန့်မှန်းတာမျိုး ၊ ယောကျာ်း ၊ မိန်းမ ၊ အရပ်အနေထားကို ခန့်မှန်းတာမျိုးလုပ်ရပါတယ် ။ ဒါ့ပြင် သေဆုံးသူရဲ့ လူမျိုး ၊ ထူးခြားသော သွင်ပြင် လက္ခဏာတွေ ရှိမရှိ ၊ သေးဆုံးရတဲ့ အကြောင်းရင်း၊ သေဆုံးရတဲ့ အချိန်တွေကိုပါ ဆက်စပ်တွေးတောပြီး ဖော်ထုတ်ပေးရပါတယ် ။
လူရဲ့ အစိတ်ပိုင်းလား ၊ တိရိစာ္ဆန်ရဲ့ အစိတ်ပိုင်းလား ဆိုတာကတော့ ခန္ဓာဗေဒအသိ (Anatomical Knowledge) နဲ့ ခွဲလို့ရပါတယ် ။ သံသယရှိလျှင်တော့ Forensic Science Laboratory/ မှုခင်းသိပ္ပံဓါတ်ခွဲခန်း ပို့ပြီး precipitin test နဲ့ ခွဲလို့ရပါသေးတယ် ။ Anti-globulin inhibition test ကတော့ precipitin test ထက်ပိုပြီး sensitive ဖြစ်တယ် ။ ပိုပြီးလည်း ကျွမ်းကျင်ဖို့ လိုသေးတယ် ။ ဒီ test နှစ်ခုစလုံးကတော့ လူသားလား သတ္တဝါလား ခွဲခြားတာပါ ။

 
အစိတ်အပိုင်းတွေကတော့ အများကြီးဆိုပေမယ့် လူတစ်ယောက်ထဲကနေရတာလား ၊ လူဘယ်နှစ်ယောက်ရဲ့ အစိတ်ပိုင်းလဲဆိုတာကိုတော့( fit together )ရတဲ့ အပိုင်းတွေကို ဆက်ကြည့်ရတာပါပဲ ။ သွေးအုပ်စုတို့ ၊ DNA တို့ကို စစ်ပြီးမှ အမျိုးစားတူလျှင် ဟုတ်တယ်လို့ ကောက်ချက်ချရပါတယ် ။
အသက်အရွယ်ကို ခန့်မှန်းတဲ့အခါ ၊ စစ်တဲ့အခါမှာတော့ epiphyses လို့ခေါ်တဲ့ အရိုးဆက်တဲ့အခြေနေ၊ သွားရဲ့ အောက်မေးရိုး အခြေနေ၊ လည်ပင်းရိုးနု နဲ့ ရင်ညွှန့်ရိုးနုတို့ကို calcification ဘယ်လောက်ဆက်လဲ တိုင်းတာတဲ့ အခြေနေ ၊ မြီးညှောင့်ရိုးအခြေနေ ၊ ခေါင်းရိုးဘယ်လောက်ဆက်သလဲ ဆိုတဲ့ အခြေနေ ၊ တင်ပါးဆုံရိုးရဲ့ အရိုးဆက်တဲ့ အခြေနေ ၊ အဆစ်တွေ (joint)တွေရဲ့ ပြောင်းလဲမှု ၊ ဆံပင်အရောင် ၊ မုတ်ဆိတ်မွှေးနဲ့ ဆီးခုံမွှေးပေါက်တဲ့ အခြေနေတွေကို ခြုံကြည့်ပြီး ဆုံးဖြတ်ပေးရပါတယ် ။
Sex / အထီး ၊ အမ ခွဲခြား ပြတာကတော့ ဆီးကျိတ်နဲ့ ကိုယ်ဝန်မရှိတဲ့ သားအိမ်ရခဲ့လျှင်တော့ ခွဲလို့လွယ်ပါတယ် ။ ဦးခေါင်းပိုင်းနဲ့ တင်ပါးဆုံ (pelvis) တို့ကို ရလျှင်လည်း ခွဲခြားလို့ရပါသေးတယ် ။ Nuclear sexing or sexing root sheath cells of head hair ဆိုတဲ့ နည်းနဲ့လည်း ခွဲလို့ရသေးတယ် ။
အရပ်ခန့်မှန်းတာကတော့ ရရှိလာတဲ့ အရိုးရှည် ( long bones)တွေကို ပြန်တွက်တဲ့ နည်းတွေနဲ့ ပြန်တွက်ပြီးမှ ခန့်မှန်းကြတယ် ။ မြန်မာပြည်က အရိုးတွေကိုတော့ ” taik and sann ” ဖော်မြူလာနဲ့တွက်ကြပြီး ခန့်မှန်းတာများတယ် ။

 
လူမျိုး ( race) ကို ခန့်မှန်းလျှင်တော့ ဆံပင် ၊ အသားရောင်နဲ့ ကြည့်ပြီး ယေဘုယျခန့်မှန်းကြပါတယ် ။ ဥပမာ နိုင်ငံခြားသားဆိုလျှင် ဆံပင်ရွှေရောင်လိုမျိုး နဲ့ မြန်မာပြည်သားဆိုလျှင်တော့ အနက်ရောင် စသဖြင့်ပေါ့ ။ ဒါ့ပြင် နှာတံပြားလား ၊ ပေါ်လား ထည့်စဉ်းစားရတယ် ။ နှာတံပြားလျှင် တရုတ်လို့လည်း ယူဆနိုင်တယ် ။ ခေါင်းပိုင်းနဲ့ မျက်နှာပိုင်းကို ခြုံငုံကြည့်လျှင် မွန်ဂိုဆိုလျှင် မျက်နှာဝိုင်းကြီးကြီးတွေ ရှိကြတယ် ။

 
Identity ခွဲခြားတာကတော့ လက်ဗွေတို့ ၊ သွားတို့ ၊ ပိုင်ဆိုင်တဲ့ အရာတွေနဲ့ ခွဲတယ် ။ နားလည်လွယ်အောင် ဥပမာပေးရလျှင် မောင်လှက စိန်လက်စွပ် စွတ်ထားတယ်ဆိုလျှင် စိန်လက်စွပ်စွတ်ထားတဲ့ လက်က မောင်လှလို့ ယူဆတာမျိုးပါ ။ သိတဲ့ လူရှိလျှင်တော့ ခေါ်ပြီး confirm လုပ်ခိုင်းတာမျိုးလည်း ထည့်သွင်းလုပ်ကြရတာပေါ့ ။ မှဲ့ ၊ တက်တူး ၊ အမာရွက်ကိုကြည့်ပြီး ခန့်မှန်းတာမျိုး ၊ ခြေလက်တွေ ပြတ်ထားဖူးလား ဆိုတာတွေကိုလည်းစစ်ဆေးပြီး ထည့်သွင်း ခန့်မှန်းရတယ် ခြေလက်တွေ ကျိုးခဲ့ဖူးလားဆိုတာမျိုးတွေကိုတော့ ပုံမှန်မဟုတ်ပဲ ခြေလက်တွေ ကောက်နေတဲ့ပုံကို ကြည့်ပြီး ဘယ်သူ့ရဲ့ သွင်ပြင်နဲ့ ကိုယ်ညီလဲ ဆက်စပ်တွေးခေါ်ရပါတယ် ။ နောက်ပြီး ရောဂါတစ်ခုခု ရှိနေတဲ့ ၊ ရှိခဲ့ဖူးတဲ့ လူမျိုးပေါ့ ။ သူတို့ကို ခွဲစိတ်ကြည့်တာနဲ့ သည်းခြေကျောက်ရှိတဲ့သူ ၊ ကျောက်ကပ်ကျောက်ရှိတဲ့ သူ ၊ အူအတတ်ဖြတ်ထားတဲ့ သူ ၊ သားအိမ်အလုံးရှိတဲ့ လူတို့ ဆိုလျှင်တော့ ခွဲစိတ်ရင်းတွေ့ရှိတဲ့ အဖြေပေါ် ဆက်စပ်တွေးတောပြီး ဖြစ်နိုင်ခြေရှိတဲ့ လူကို ခန့်မှန်းရပါတယ် ။ တိုက်စစ်စရာတွေကတော့ အများကြီးပဲပေါ့ ၊ သွေးတို့ ၊ DNA တို့အပြင် မသေခင်ရိုက်ထားတဲ့ ဓါတ်မှန်နဲ့ တိုက်စစ်လို့လည်း ရသေးတယ် ။ စစ်ဆေးမှုတွေ အများကြီး ပြုလုပ်ပြီးမှ သေဆုံးသူရဲ့ အကြမ်းဖျင်းပုံရိပ်ကို ပုံဖော်နိုင်မှာပါ ။ သေဆုံးသူအမျိုးမျိုးရှိပါတယ် ။ ခန္ဓာကိုယ်မစုံပဲ သေတဲ့ လူတွေလည်းရှိပါတယ် သို့သော် အထက်ပါ အချက်တွေကို သုံးပြီး မှုခင်းဖော်ထုတ်မှုအတွက် ဆေးပညာနဲ့ ပူးပေါင်းကာ အကြံပေး ၊ ခန့်မှန်းတွက်ဆပေးရပါတယ် ။

 

အမှုဖော်ထုတ်ရာမှာ အရေးပေးလေ့လာရမယ့် အချက်နောက်တစ်ခုရှိပါတယ် ။ ဘာကြောင့်သေဆုံးရခြင်းဆိုတာကို လေ့လာတာပါ ။ ဘယ်လို လေ့လာသလဲဆိုလျှင်ဖြင့် သေဆုံးရတဲ့ အထူးသွင်ပြင်( special feature) တွေကတော့ ခန္ဓာဗေဒနည်းပညာအားကိုးနဲ့ ဖြတ်ရာ၊ ဒဏ်ရာ ၊ ပေါက်ပြဲရာတွေကို ကြည့်ရပါတယ် ။ အကောင်(animals) တွေကိုက်တာကြောင့်လား ၊ သမရိုးကျသေတာမျိုးလား ၊ အဆိပ်မိတာမျိုးလားဆိုတာမျိုးတွေလည်း ထည့်သွင်းစဉ်းစားရတာပေါ့ ။ လတ်လတ်ဆတ်ဆတ်သေတာပဲဖြစ်ဖြစ် ၊ ပုပ်သိုးနေတာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆေးပညာဘက်က အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးဖော်ထုတ်ပေးရပါတယ် ။ အပိုင်းပြတ်အနေနဲ့ သဲလွန်စအစိတ်ပိုင်းတွေရလာမယ်ဆိုလည်း အကောင်းနဲ့အပုပ်ခွဲပြီး စစ်ဆေးရတာတွေလုပ်ရပါတယ် ။ အဲ့ဒီအပိုင်းတွေကို ကြည့်ပြီး ( violence )ကြောင့်ရတဲ့ ဒဏ်ရာတွေ ဟုတ်မဟုတ် စစ်ဆေးတာမျိုးလည်း ပြုလုပ်ရပါတယ် ။

 

ပေါက်ပြဲဒဏ်ရာနဲ့ တခြားဒဏ်ရာတွေရနေခဲ့တယ်ဆိုလည်း ဒဏ်ရာအမျိုးစားနဲ့ အနေထားကို အပြန်လှန်ကြည့်ပြီး သေပြီးမှရတဲ့ ဒဏ်ရာလား ၊ မသေခင်ရတဲ့ဒဏ်ရာလားဆိုတာမျိုးတွေ ချင့်ချိန်ပေးရပါတယ် ။ ခန္ဓာကိုယ်ဖြတ်ထားပြီးသား အပိုင်းတွေကတော့ အပုပ်မြန်တာကြောင့် သေပြီးမှ ပြတ်တာလား ၊ ပြတ်ပြီးမှ သေတာလားဆိုတာကတော့ ခန့်မှန်းရခက်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သဲလွန်စ ( clues)လေးတွေရှိပါတယ် ။ ခေါင်းကို အရိုက်ခံရလျှင် ဦးခေါင်းခွံကျိုးနေတာမျိုး ၊ လည်ပင်ညှစ်သတ်ခံထားရလျှင် လည်ပင်ရိုးတိမ်းလွဲနေတာမျိုး ၊ လည်ပင်းရိုးကျိုးနေတာမျိုး တွေ့နိုင်ပြီး ၊ ဓါးနဲ့ ခုတ်ထားလျှင်လည်း အရိုးမှာ ဓါးခုတ်ရာတွေ တွေ့နိုင်တယ် ။ ဒါ့ပြင် အဆိတ်ခတ်သတ်ထားလျှင်လည်း ဓါတုဗေဒဝန်ရုံးကို လိုအပ်တဲ့ (သွေး ၊ ဆီး ၊ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ)ကို ပေးပို့စစ်ဆေးရပါတယ် ။

ကင်ဆာလိုမျိုးရောဂါအခြေနေရှိမရှိကိုလည်း ထည့်သွင်း စဉ်းစားရပါတယ် ။ ရှိနေခဲ့တဲ့ လူနာဆိုလည်း အထောက်ထားအပြည့်စုံနဲ့ တကယ်ကင်ဆာဖြစ်ခဲ့ မဖြစ်ခဲ့ ပြန်စစ်ဆေးရပါတယ် ။
သေတဲ့ အချိန်ကို ခန့်မှန်းရတာတော့ မလွယ်ကူပါဘူး ။ အနီးစပ်ဆုံး တွေးခေါ်ခန့်မှန်းရတာမျိုးပါ ။ တစ်ကိုယ်လုံးမှာ ပုပ်နေတဲ့ အနေထားနဲ့ နေရာကိုကြည့်ပြီး တွက်ဆရပါတယ် ။ နောက်ပြီးအလောင်းတည်ရှိတဲ့ နေရာ၊ ရာသီဥတု၊ အပူချိန် ၊ စိုထိုင်းစနဲ့ မြေကြီး ၊ရေ စတဲ့ အချက်တွေပေါ်လည်း မူတည်ပြီး တွေးခေါ်ရတာမျိုးပါ ။ အရိုးတွေက ခြောက်သွေ့ပြီး ကြွတ်ဆတ်နေမယ် မြေကြီးတွေနဲ့လည်း ကပ်နေမယ်ဆို တော်တော်ကြာနေတဲ့အရိုး (ancient bones)တွေလို့ပြောလို့ရပါတယ် ။ အသားတွေ ၊အရွတ်တွေ၊ရိုးတွင်းချဉ်ဆီတွေ ၊ အရိုးနုတွေနဲ့ တွဲပြီးတွေ့ရတဲ့ အရိုးတွေကတော့ လတ်တလောအရိုး ၊ လတ်ဆတ်တဲ့ အရိုး (recent bones) တွေပါပဲ ။ Drilling လုပ်ကြည့်လျှင် small of burning bone ရပါတယ် ။

အချုပ်အားဖြင့်ဆိုရလျှင် စစ်ဆေးရာမှာ အရေးကြီး သတိထားရမှာတွေက planned removal ရှာတဲ့ အခါ ဘာမှ မကျန်စေဖို့နဲ့ ။ plots အကွက်ကျ ဆက်စပ် စဉ်းစာ း ၊ Experts ကျွမ်းကျင်မှုတွေလည်း လိုအပ်ပါသေးတယ် ။ difficulties with foetal bones ဆိုတဲ့အတိုင်းကလေးအရိုးတွေဆို စစ်ဆေးရခက်ပါတဲ့ဆိုတဲ့ အချက်လည်းပါပါသေးတယ်ဆိုတဲ့ အကြောင်းကို စာဖတ်သူ ရွာသူ ၊ ရွာသားများအတွက် ဗဟုသုတအနေနဲ့ အကြမ်းဖျဉ်းသာ ပြောပြပေးလိုက်ပါတယ် ။
ဝေဖန်မှု ၊ အကြံပေးမှုများကိုလည်း စိတ်ကြိုက်ပြုလုပ်နိုင်သလို ၊ သိလိုသည့်အကြောင်းရာများကို ဆွေးနွေးခြင်းနှင့် မေးမြန်းခြင်းတို့ကိုလည်း လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။

About AKKO

A K K O has written 50 post in this Website..