ကျွန်တော်ငယ်စဉ်က ရူးသွပ်စွဲလမ်းခဲ့ဘူးတာတွေထဲမှာ ကိတ်မုန့်နဲ့ ဖုန်းတစ်ခုအပါအ၀င်ပါ။
ကျွန်တော်အဖေက ကျွန်တော်ငယ်စဉ်က ဌာနဆိုင်ရာတစ်ခုမှာ အကြီးအကဲ (နိုင်ငံတော်သမား) ဖြစ်ခဲ့စဉ်က အိမ်ကို တပည့်တစ်ပန်းတွေလာကန်တော့တဲ့ မုန့်ထဲမှာ ကိတ်မုန့်ဟာ ဗွီအိုင်ပီ အစားအစာဖြစ်လေတော့ (ဆိုရှယ်လစ်ခေတ်) ကျွန်တော်တို့မိသားစုကလည်းများတော့ ဧည့်သည်အတွက်သိမ်းထားတာများပြီး ကျွန်တော်တို့ ၀လင်အောင်မစားရခဲ့ဘူးပါ။ အိမ်(ရုံးမှပေးသော)မှာ ခုံမြင့်လေးနဲ့တင်ထားတဲ့ ဖုန်း(အိပ်ချိန်းမှတဆင့်ပြောသောလက်လှည့်ဖုန်း) ကို ကျွန်တော့အဖေ ဟလို အမိန့်ရှိပါခင်ဗျာ ဆိုတဲ့ ပြန်ထူးတဲ့အခါတိုင်း အနားမှာရပ်နေတတ်လို့ ခေါင်းအခေါက်ခံရတာအကြိမ်ကြိမ်ပါ။ (ရုံးအလုပ်ကိုစပ်စုတယ်ဆိုပြီး) အခုတော့ကျွန်တော်လည်းဝန်ထမ်းသက်နှစ်ဆယ်ကျော်ပါပြီ ဟန်းဖုန်းခါးမချိတ်နိုင်ပေမဲ့ ကိတ်မုန့်တော့အ၀စားနိုင်ပါပြီ။
ကမ္ဘာပေါ်မှာ ဖုန်းတီထွင်ခဲ့တဲ့ ကျေးဇူးရှင်တွေကြောင့် လူသားတွေဟာ မြေကြောရှုံ့လိုက်သလို မိုင်ပေါင်းများစွာက မိတ်သင်္ဂဟတွေရဲ့အသံကို ဆက်သွယ်နားထောင်နိုင်ပါပြီ၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ကြိုးနီစနစ်ရဲ့အမွေဆိုးတွေကြောင့် ဆိုရှယ်လစ်ခေတ်မှာ ပေါ်လာတဲ့ ဆယ်လူလာဖုန်းဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်နဲ့ (အရာရှိကြီးများ) လူမလိုင်လူချမ်းသာများရဲ့ပြရုပ်တစ်ခုအဖြစ် ဇိမ်ခံပစ္စည်းအဖြစ် သာမန်လူတန်းစားနဲ့ ၀န်ထမ်း(အပိုဝင်ငွေမရှိသူများ) စိတ်ကူးတောင်မယဉ်နိုင်တဲ့ ပစ္စည်းတစ်ခုပါ။
ဒီဘက်ခေတ်မှာ၅သိန်းတန် ဂျီအက်အမ်ဖုန်းတွေစပေါ်တော့(အခြေခံဝန်ထမ်းလစာ ၄၅၀ကျပ်) လူလတ်တန်းစားတစ်ချို့ ကိုင်နိုင်လာကြပါတယ်၊ ဖုန်းပါမစ်ရသူ(အခွင့်ထူးခံလူတန်းစား)တွေနဲ့ ဖုန်းကိုင်ချင်သူ ငွေရှင်တွေကြား ပွဲစားတွေရဲ့ဈေးကစားမှုကြောင့် ဖုန်းဈေးဟာ သိန်းသုံဆယ်ကျော်သွားခဲ့ရတယ်။
ဒီအခါမှာလပ်မြင်တဲ့ ကုမ္ပဏီတစ်ချို့ နဲ့ လုပ်စားခွင့်ရ(အခွင့်ထူးခံနာမည်ခံရာခိုင်နှုန်းစား)ပါမစ်ရ ဥာဏ်ကြီးရှင်တွေကြောင့် ကနဦးတပ်ဆင်ခ(လိုချင်သူကများ ပြင်ပပေါက်ဈေးကလဲ အဆမတန် မြင့်နေလေတော့) တစ်ဖြေးဖြေးမြှင့်တင်လိုက်တာ ရှစ်သိန်း ၊ ဆယ်သိန်း ၊ နောက်ဆုံးတစ်ဆယ့်ငါးသိန်း အထိဖြစ်လာရော မြန်မာ့ဆက်သွယ်ရေးက ကနဦးတပ်ဆင်ခတင်မကဘူး ဖုန်းပြောဆိုခကိုလည်း တစ်ဖြေးဖြေး မြှင့်တင်လိုက်တာ နောက်ဆုံး ၅၀ ကျပ် နယ်ဝေး ၆၀ ကျပ်ဖြစ်လာရော၊
ခေတ်အပြောင်းမှာ ဖုန်းတစ်လုံးကို အက်အီးစီနှစ်ဆယ်ဆိုလို့ ကျွန်တော် ယောင်တောင်ပေါင်တောင်နဲ့ အမပေးတဲ့ဟန်းဖုန်းအဟောင်းလေး ခတ်တည်တည်ချိတ်လိုက်သေးတယ်၊ ဒါပေမဲ့ဗျာ ကျွန်တော်တို့လို အောက်ဆိုက် မရှိတဲ့ ၀န်ထမ်းအိုတွေအတွက်ကတော့ ဘုန်းကြီးနဲ့ ဘီးလိုပါဘဲ ဘယ်လိုမှ မအပ်စပ်ပါဘူး။
ကျွန်တော့လစာ ငါးသောင်းကျော်နဲ့ စားဘို့တောင်အနိုင်နိုင် (မိန်းမမယူရဲတာကြည့် ကျော်ညာတာမဟုတ်ပါ) တစ်လ ဖုန်းကဒ်ဘိုး သုံးသောင်းနီးပါးဆိုတော့ (အဲဒီအချိန်က ဒေါ်လာဈေး ၁၄၀၀ခန့်) ဖုန်းခါးချိတ်မိတဲ့ အကျင့်ဆိုးကို ဆေးလိပ်ဖြတ်သလို စိတ်မကောင်းစွာနဲ့ဘဲ ဖြတ်ပစ်ခဲ့ရပါတယ်။
အခုဆိုရင် လူတိုင်းနီးပါးခါးမှာဖုန်းတွေနဲ့ ကျွန်တော်မချိတ်နိုင်သေးပေမဲ့ မုဒိတာပွါးနိုင်ပါတယ်၊ ပြေလည်တဲ့ ၀န်ထမ်းငယ်တွေ (ကျွန်တော့အောက် ရာထူးအများကြီးငယ်သူ) တွေတောင် ငါးသိန်းဖုန်းကိုယ်စီနဲ့၊
အပိုဝင်ငွေရှိတဲ့ ၀န်ထမ်တွေဆို ပြောစရာတောင်မလိုဘူး ဟန်းဖုန်းမျိုစုံနှစ်လုံးသုံးလုံးနဲ့ (ဂျီအက်အမ်/စီဒီအမ်အေ ၄၅၀-၈၀၀) လုပ်ငန်းအဆင်ပြေအောင်ကိုင်ကြတာ။ ကလေးတွေတောင်ကိုင်နေကြပြီ ကျောင်တက်နေတဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလဲ အဆင့်မြင့်ဟန်းဆက်ကလေးတွေ ကိုယ်စီနဲ့ ဆိုက်ကားသမား ကုန်စိမ်းရောင်းတဲ့အမျိုးသမီး သားစိမ်းငါးစိမ်းရောင်းတဲ့အမျိုးသမီးတွေတောင် ကိုင်နေကြတာ ကျွန်တော်တွေ့ရတော့ နိုင်ငံ့တာဝန် အနှစ်အစိတ်နီးပါးတာဝန်ထမ်းဆောင်(လက်ရှိ)နေတဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် အသုံးမကျလေခြင်းလို့ခံစား မိခဲ့ပါသေးတယ်။
ဒါပေမဲ့စိတ်မပျက်ပါဘူး ဟန်းဆက်မကိုင်နိုင်သေးပေမဲ့ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေကို ဟက်ဆက်ခေါင်းမှာတတ် အရုပ်ရောအသံပါကြားခွင့်ရှိလို့(တစ်နာရီ သုံးရာကျပ်မို့လို့ အင်တာနက် အသုံးပြုလို့ရောင်တီထွင်ခဲ့သူတွေကိုအစဉ်ဦးညွတ်လေးစားလျှက်) ကျွန်တော့ဘ၀မှာပြည့်စုံလှပါပြီ၊
အခုကုမ္ပဏီတွေနဲ့ မြန်မာ့ဆက်သွယ်ရေး ပူးပေါင်းပြီး တန်ဘိုး၃သိန်းအောက်ဖုန်းထုတ်မယ် ဆိုလည်း ကျွန်တော့လစာ ခြောက်သောင်းကျော်နဲ့(ဟန်းဆက်၊ ကနဦးတပ်ဆင်ခ၊ငွေကြိုဖြည့်ကဒ်ဘိုး ၄ သိန်းခန့်) လစာ ၇ လစာလောက် ဘာမှမစားဘဲ ရေသောက် ဗိုက်မှောက်ဘို့ဆိုတာလည်း အဟာရသိဒ္ဒိမပြီးလေတော့ အင်း၊
အဲဒီအချိန် ရွှေပြည်တံခွန် ရဲ့ သတင်းထုတ်ပြန်ချက်ကိုကြားလိုက်ရတော့ ကျွန်တော်(ကျွန်တော့်ထက် အသက်ငယ်ချင်ငယ်ပါစေ) ထိုင်ရှစ်ခိုးချင်စိတ်ပေါက်သွားအောင်ကိုဖြစ်သွားခဲ့ရတယ်၊ ပြည်သူအပေါ်ထားတဲ့ စေတနာနဲ့ သူလုပ်ချင်တဲစိတ်ဓါတ်ကို ရင်ထဲအတိုင်းမသိ ၀မ်းသာခဲ့ရတယ် ၊ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ဧရိယာပြင်ပကိုရောက်နေပါတယ်ရှင် ဆိုတဲ့ ဆက်သွယ်ရေးချိုလွင်လွင်ကောင်မလေးတွေရဲ့ အသံ ဒီတစ်ခါတော့ ကြားရပြီပေါ့လို့ ကျွန်တော်လူကြီးမင်းဖြစ်ပြီပေါ့လို့ ဒီတော့ ဟန်းဖုန်ကိုင်နိုင်တဲ့ ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေကို ကျွန်တော်ပန်ကြားလိုတာက ၀န်ထမ်းအခြင်းခြင်းကိုယ်ချင်းစာစိတ်လေးမွေးပြီး အောက်ဆိုက်မရှိတဲ့ နိုင်ငံ့ဝန်ထမ်းလေးတွေ ဖုန်းကိုင်နိုင်ဘို့အခွင့်အရေးလေးပေးဘို့ ၀န်ထမ်းတွေကိုယ်စား အနူးအညွတ်ပန်ကြားလိုတာက ကျွန်တော်တို့ရဲ့အခွင့်အရေး မပိတ်ပင်ပါနဲ့လို့
ဖုန်းကိုတန်ဘိုးကြီးပေးဝယ်ထားလို့ မိမိဖုန်းကို တန်ဘိုးကျမှာစိုးလို့ ကာဆီးကာဆီး နေတဲ့သူတွေကိုလည်း မုဒိတာပွါး စေတနာစိတ်ထားနိုင်ဘို့အရေး မေတ္တာပို့ ဆုတောင်းလိုက်ရပါတယ်။
ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..

   Send article as PDF