“ရောင်စုံမုသားလေးများ”

TTNUFebruary 3, 20121min64983

“ရောင်စုံ မုသားလေးများ”

ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ
“ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။
စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။
ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။

ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင်
ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့
လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ
ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ
ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။

အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ မိမိခင်မင်လေးစားသူ၊
မိမိချစ်ခင်သူ၊ မိမိယုံကြည်သူက နည်းနည်းလေးညာပြောရင်ကို လက်မခံနှိုင်ကြပါဘူး။
သစ္စာဖောက်သလိုကိုခံစားရတယ်မဟုတ်ပါလားမိတ်ဆွေ။

ဒါပေမဲ့….. လူတိုင်း ဘဝမှာ အနည်းနဲ့ အများ (To some extent) ညာမိတတ်ကြပါတယ်။
မုသားဝဝတုတ်တုတ်ကြီးကြီး မဟုတ်တောင်မှ မဖြစ်လို့ လိမ်လိုက်ရ၊ အရေးပေါ်လိမ်လိုက်ရတာ
မျိုးလေးတွေ (white Lies) တွေ သုံးလိုက်မိတတ်ကြပါတယ်။
မြန်မာစကားပုံအရ … မုသားမပါ လင်္ကာမချော… ဆိုပြီး အားတင်းပြီးလိမ်ခဲ့ကြတယ်
မဟုတ်ပါလား။

Lying is wrong!! လိမ်တာ အမှားပါပဲ လို့ သိရက်နဲ့ ကျမတို့ တွေ ဘာကြောင့်များ လိ်မ်
ညာပြောမိကြတာပါလိမ့်။ တစ်ခုတော့ ရှိပါတယ်၊ သူတစ်ပါးအပေါ်မှာ ဒုက္ခရောက်ပါစေဆိုတဲ့
ကလိမ်ကကျစ် ညစ်ပတ်တဲ့ အညာမျိုး မဟုတ်တဲ့ အတွက်တော့ တော်ပါသေးရဲ ့နော်။
ကျမတို့ ဒီ အဖြူရောင်မုသားလေးတွေ ပြောလိုက်မိတဲ့ အကြောင်းရင်းလေးတွေ ကြည့်ရ
အောင်နော်။

(၁) ခင်မင်ရင်းနှီးမှုမပျက်ချင်လို့
(၂) သူများခံစားသွားရမှာစိုးလို့
(၃) ဖုံးကွယ်ထားချင်လို့
(၄) ဆင်ခြေပေးချင်လို့
(၅) သူများပျော်သွားအောင်လို့
(၆) သတင်းဆိုးမပြောချင်လို့
(၇) မုန်းသွားမှာစိုးလို့
(၈) အထင်လွဲသွားမှာစိုးလို့
(၉) အထင်ကြီးအောင်လို့
(၁၀)ကိုယ့်အကြောင်းသိသွားမှာစိုးလို့
စသော စသော အထွေထွေသော အကြောင်းတွေကြောင့် လိမ်ပြောကြ ညာပြောကြပါတယ်။

(၁) ခင်မင်ရင်းနှီးမှုမပျက်ချင်လို့

မိတ်ဆွေ တစ်ယောက်က သူ့သမီးလေးကို သိပ်ယုံတယ်၊ သိပ်ချစ်တယ်၊ တစ်နေ့တော့
သူ့သမီးလေးက ကောင်လေးတစ်ယောက်ရဲ ့ ကျောဖက်ပြီးဆိုင်ကယ် စီးသွားတာ ကျမ မြင်
လိုက်တယ်။ ဒီမိတ်ဆွေကိုပြောပြတော့ မဖြစ်နှိုင်ဘူးလို့ တွင်တွင်ငြင်းတော့တာပါပဲ။
ကျမလည်းအသေအချာ မြင်လိုက်ပါရက်နဲ့ မအေလုပ်သူက ဇွတ်ငြင်းနေတော့
ခင်မင်ရင်းနှီးမှုမပျက်ချင်လို့ ကျမများ မျက်စိမှားတာနေမှာပါ လို့ ညာလိုက်မိပါတယ်။

(၂) သူများခံစားသွားရမှာစိုးလို့

ကြာခဲ့ပါပြီ၊ အလုပ်မနားခင်ကပါ၊ သင်တန်းတစ်ခုရန်ကုန်သွားတက်ရမှာပါ၊ မိတ်ဆွေ ဆရာမ
တစ်ယောက်က သင်တန်းခေါင်ဆောင်အနေနဲ့ သူသွားချင်တယ်။ သွားချင်လွန်းလို့ ၊
သွားရမယ်လည်းထင်လို့ အရမ်းကိုပြင်ဆင်ထားရှာတာ။ ကျောင်းအုပ်ကလည်း အခြေအနေ
အရသူ့ကို မလွှတ်ချင်ဘူး။ အစည်းအဝေးပြီးတော့ ဒီဆရာမက ကျမ ကိုမေးတယ်၊ ကျောင်း
အုပ်ကြီးကဘာပြောသလဲ၊ သူ့ကို ရွေးမှာတဲ့လား စုံနေအောင်မေးရှာတယ်၊ ကျမလေ
သူများခံစားသွားရမှာစိုးလို့ ကျမသိရက်နဲ့ “ မမ မသိပါဘူးကွယ်၊ အစည်းအဝေး လုပ်နေတုန်း
ရုံးဖုန်းဝင်လာလို့ ထဖြေလိုက်ရတာနဲ့ မကြားလိုက်မိဘူး၊ အတည်ပြုချက်ချပြီးရင် ညီမသိရမှာ
ပါကွယ်။ စိတ်ထဲသိပ်မထားပါနဲ့” လို့ ညာလိုက်မိပါတယ်။

(၃) ဖုံးကွယ်ထားချင်လို့

ကျမ တက္ကသိုလ်တက်ရင်းချစ်သူရခဲ့ပါတယ်။ အမေရိပ်မိလို့ မေးတဲ့အခါ အမေ့ကို ဖုံးကွယ်
ထားချင်လို့ ချစ်သူမဟုတ်ပါဘူး၊ အားကစားကွင်းထဲမှာဆုံတဲ့ ကစားဖော် သူငယ်ချင်းလေး
ပါလို့ အမေ့ကို ညာလိုက်မိပါတယ်။

(၄) ဆင်ခြေပေးချင်လို့

လန်ကက်စတာမှာ အတန်းတစ်ခုကို (၁၅)မိနစ်လောက်နောက်ကျပြီးမှ ဝင်ခဲ့မိပါတယ်။
အတန်းတံခါးခေါက်ပြီးဝင်လိုက်တော့ ပရော်ဖက်ဆာက ရှင်းလင်းဆွေးနွေးနေပြီပေါ့။
မျက်နှာပူစရာပါ့။ “I’m sorry, I’m late. My watch is a bit late.”
တွေလျှောက်ပြောပြီးကြုံသလို ဆင်ခြေပေးချင်လို့ ကောက်ညာမိပါတယ်။ အမှန်က
လမ်းမှာမိတ်ဆွေတစ်ယောက်က နှုတ်ဆက်နေလို့ပါ။

(၅) သူများပျော်သွားအောင်လို့

ကျမတို့ ကြီးဒေါ်ကြီးက ဟင်းချက်ဝါသနာလည်းပါတယ်၊ မီးဖိုချောင်လည်းနိုင်နင်းတယ်။
သူရောက်လာပြီတိုရင် ကျမတို့ မီးဖိုချောင်မှ အနားယူခွင့်ရကြပါတယ်။ ကြီးဒေါ်ကလည်း
ဟင်းမျိုးကို စုံနေအောင် လက်စွမ်းပြချက်ကျွေးလေ့ရှိပါတယ်။ တစ်ခါမှာတော့ သူချက်တဲ့
ငါးဟင်းက သည်းခြေပေါက်သွားသလားမသိ၊ ခါးလိုက်တာ။ နည်းနည်းတော့ခါးတယ်လို့
ကိုမပြောချင်ဘူး။ စိတ်မကောင်းဖြစ်သွားမှာလည်းစိုးတယ်။ သူအလည်လာတုန်းခဏ
သူများပျော်သွားအောင်လို့ ကျမတို့ ညာလိုက်ကြတာလေ။ စားလို့ကောင်းပါတယ်ကြီးဒေါ်
ရဲ ့ ခါးလိုက်တာလို့ ပြောမဲ့အစား နည်းနည်းပါးပါးသက်တာပါလို့ညာမိခဲ့ပါတယ်။

(၆) သတင်းဆိုးမပြောချင်လို့

ကျမခင်ပွန်းသည် (၂၀၀၁) ခုနှစ်မှာဆုံးသွားခဲ့ပါတယ်။ ဆေးရုံပြပြချင်းအဆုတ်ကင်ဆာ၊
(၆) လခန့်ပဲ လို့ ဆရာဝန်က ကျမကိုခေါ်ပြောပါတယ်။ ဆရာဝန်ကဘာပြောသလဲလို့
သူမေးတဲ့အခါ .. မြေဖြူမှုန့်တွေ ဝင်တာများလို့ ချောင်းဆိုးတာ။ နောက်တစ်ခါ စာသင်ရင်
လက်ကိုင်ပုဝါလေးအုပ်ပြီး သင်ပုန်းကိုဖျက်ပေါ့။ တစ်ပတ် နှစ်ပတ်နေရင် သက်သာသွား
မှာတဲ့ ..လို့ သတင်းဆိုးမပြောချင်လို့ ကျမ ညာလိုက်ပါတယ်။ သူဆုံးသွားတဲ့အထိ ကျမ
ဘာရောဂါဆိုတာမပြောပြခဲ့ပါဘူး။

(၇) မုန်းသွားမှာစိုးလို့

ကျမ အသုံးလုံးခရီးစဉ်အကြောင်း ရေးခဲ့တာတွေ ဖတ်ဖူးကြမှာပါ။ သူတစ်ပါးရွာမှာ မိန်းကလေးတွေချည်းသွားနေကြရတာမို့ ရွာသူရွာသားတွေ မုန်းမှာ စိုးရိမ်မိကြပါတယ်။
ထမင်းစားဖိတ်တဲ့ အိမ်က အဒေါ်ကြီးလက်ကအနာကြောင့် ကျမတို့ ဆက်မစားနှိုင်တော့ဘဲ
ထမင်းဝိုင်းကထလာရတဲ့ အကြောင်းမှတ်မိကြမလားပါပဲ။ ဒေါ်ကြီးလက်ကအနာကြောင့်
ရွံလို့ မစားချင်တော့ဘူးလို့ ပြောချလိုက်ရင် ကျမတို့ကို အငြှိုးထားမှာ မုန်းသွားမှာစိုးလို့
မဆာလို့၊ ဗိုက်တင်းနေလို့ မစားနှိုင်ကြောင်းညာခဲ့ကြပါတယ်။

(၈) အထင်လွဲသွားမှာစိုးလို့

ကျမငယ်ငယ်တုန်းကသူငယ်ချင်း (၃) ယောက် ရင်းရင်းနှီးနှီးပေါင်းတာရှိတယ်။ တစ်ယောက်
ကတော်တော်ချမ်းသာတယ်။ စာသိပ်မတော်ဘူး။ သူ့အိမ်ကိုသူငယ်ချင်းတိုင်ကို မဖိတ်ဘူး။
တစ်နေ့တော့ သင်္ချာအတူတွက်ရအောင်လို့ ခေါ်လို့ကျမသွားခဲ့တယ်။ ကျမတွက်ပြီးသမျှသူ
အကုန်ကူးယူတယ်။ ကလေးတုန်းကတော့ ကိုယ့်ကို အသုံးချတယ်ဘာတယ်ရယ် မစဉ်းစား
ကြပါဘူးနော်။ နောက်တစ်နေ့ သူသချင်္ာ အကုန်မှန်တော့ ကျန်တဲ့ သူငယ်ချင်းတွေက ကျမ
ကို စစ်တော့တာပါပဲ။ ကျန်တဲ့ သူငယ်ချင်းတွေက အထင်လွဲသွားမှာစိုးလို့ ကျမက
ငါသွားတော့သွားတယ်၊ အမေက ဘုရားပန်းပို့ခိုင်းတာပါအေ လို့ ညာခဲ့ပါတယ်။

(၉) အထင်ကြီးအောင်လို့

အဖေက အစိုးရဝန်ထမ်းပါ။ သားသမီးတွေကို ပညာအမွေကလွဲလို့ ဘာမှမပေးနှိုင်ရှာပါဘူး။
ဘာရွှေငွေမှလည်းမဆင်နှိုင်ပါဘူး။ ကျမနေတဲ့မြို ့ကလေးမှာမြို ့ခံလူချမ်းသာတွေ များကြပါတယ်။ ရွှေတွဲလွဲ ငွေတွဲလွဲတေါပေါ့။ ကျမကစာကြိုးစားသူမို့လို့ သူတို့က အပေါင်းအသင်းလုပ်ကြပါတယ်။ဒါပေမဲ့ ကျမ သူတို့လောက် မုန့်ဖိုးမသုံးနှိုင်ပါဘူး။ရွှေ ငွေ
မဝတ်ခဲ့ရပါဘူး။ အဲဒီတုန်းက ပုစွန်ဦးနှောက်နဲ့ ကျမ လည်း သူတို့ အထင်ကြီးအောင်
တို့ဖေကြီး ပင်စင်ယူရင် စုထုတ်ရမဲ့ငွေတွေ အများကြီးပါလို့ အထင်ကြီးအောင်လို့
ညာခဲ့မိပါတယ်။ ခုထိပြန်တွေးရင် ရှက်မိပါတယ်။

(၁၀)ကိုယ့်အကြောင်းသိသွားမှာစိုးလို့

ကျမ မန္တလေးဂဇက် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ (၂၀၁၁ ဩဂုတ်) လကစပြီး စာတို
ပေစ လေးတွေဟိုရေးဒီရေး လုပ်ပါတယ်။ ကိုယ့်အကြောင်းသိသွားမှာစိုးလို့
အမည်အရင်းမရေးခဲ့ပါဘူး။ TTNU လို့ ရေးခဲ့ပါတယ်။ ညာတာတော့မဟုတ်ဘူးပေါ့
နော်။ ရေးခဲ့တဲ့ အကြောင်းအရာတွေကလည်း ဘဝအတွေ့အကြုံတွေမို့လို့ အညာတွေ
မပါပါဘူး။ တော်သေးတယ် ဂဇက်ရွာသားတော်တော်များများ ကိုကျမမညာရသေးဘူး။

ဆိုတော့ အခု ကျမပြောပြခဲ့တာတွေထဲက ညာခဲ့ကြောင်းဝန်ခံထားတာတွေ ဖတ်ပြီးရင်
“She’s such a liar. We can’t trust a word she says!”
လို့များမုန်းသွားကြမှာလားဟင်?။ ကျမ လည်း မလိမ်ညာချင်ပါ။ ဒါပေမဲ့ တစ်ခါတစ်ရံ
မှာ အမှန်အတိုင်းပြောပစ်လိုက်တာ ထိခိုက်လှပါတယ်။ ဥပမာ။ မျက်စိလေးစွေနေတဲ့
ချစ်သူကို … စံပယ်ကြည့် ကြည့်တာချစ်စရာ…လို့ ပုရိသတွေ ညာရတာပဲ မဟုတ်ပါလား။

ကဲ..ဟုတ်ပါပြီ၊ ကျမ ပြောပြခဲ့တဲ့ ရောင်စုံမုသားလေးတွေကို ဒီအတိုင်းညာတာကောင်းတယ်
လို့ မပြောခဲ့ပါဘူးနော်။ တတ်နှိုင်သမျှ ဘာရောင်မုသားကိုမှမသုံးတာအကောင်းဆုံးပါ။
(တတ်နှိုင်သရွေ့လေးပေါ့။)

83 comments

  • TTNU

    February 3, 2012 at 9:22 am

    မိတ်ဆွေတို့ရေ…
    (၇) မုန်းသွားမှာစိုးလို့စာပိုဒ်ထဲက အငြှိုးထားမှာ မုန်းသွားမှာစိုးလို့
    စာကြောင်းမှာ (ငြိုး) လို့ စာလုံးပေါင်းပြင်ဖတ်ပေးပါနော်။ ဟထိုးပါသွားလို့ပါ။
    Edit လို့ရပေမဲ့ မီးပြတ်သွားပြီမို့ Power မလောက်မှာစိုးလို့ပါ။ Not a lie! 🙂

  • awra-cho

    February 3, 2012 at 9:31 am

    ဖတ် ပြီးအားပေး သွားပါတယ်၊ ဘယ်သူမှ မုန်းမယ် မထင်ပါဘူး၊ လူတိုင်း အဲလောက် ညာဘူးမယ်ထင်တယ်၊ ဘဝ တစ်လျှောက် တော်တော် မှတ်မိတာပဲ၊ ကျွန်တော်လဲ ညာပြော ရပြီဆိုရင် မျက်နှာကြီးထူလာသလို
    လို၊ခေါင်းကြီး ကြီးလာသလို ဖြစ်လာတာ၊ ပွဲစားတို့၊ ရှေ့နေတို့၊ လုပ်မိ ရင် ငတ်ပြီ၊ အသက်တွေလည်း လူ လတ် ပိုင်း အရွယ် ရောက်လာပြီ ဆိုတော့ အမြဲတမ်း ဖြူစင်အောင် နေဖို့ ကြိုးစားရမှာပေါ့

    • zarlay

      February 3, 2012 at 1:38 pm

      မွေးကတည်းက လက်ရှိအချိန်ထိ မလိမ်ဘူးတဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ဘူး နည်းတာနဲ့ များတာပဲကွာမယ်လေ

    • TTNU

      February 3, 2012 at 2:22 pm

      Awra-cho ရေ…
      ညာလိုက်မိရင် မျက်စိမျက်နှာတွေပျက်သွားတတ်တာ တစ်မျိုးတော့
      ကောင်းတယ်။ ကိုယ်ညာနေမိကြောင်း Alarm ပြနေသလိုဖြစ်နေလို့လေ။
      ဖြုစင်အောင်ကြိုးစားချင်စိတ်လေးကို ခွန်အားတစ်ခုပါကွယ်။

      တစ်ချို ့တွေဆိုလေ စကားတစ်ခါပြောကြည့်လိုက်ရင် အညာအဝါးတွေ
      အများကြီးဆိုတာ နားထောင်ရင်းနဲ့သိသာနေတယ်။ ဒိလိုလူမျိုးတွေကျတော့
      ကိုယ့်ကိုယ်ကို အမှန်ပြောနေလား၊ ညာပြောနေလား မသိတော့ဘူး။
      ညာပြေနေကျအကျင့် ရသွားတဲ့သဘောပေါ့ကွယ်။

  • Moe Z

    February 3, 2012 at 9:49 am

    တီချာရေ ဝန်ခံရမယ်ဆိုရင်တော့ ကလေးဘဝထက် အခုအလုပ်ခွင်ထဲရောက်တဲ့အချိန်မှာ
    (၁) ခင်မင်ရင်းနှီးမှုမပျက်ချင်လို့
    (၂) သူများခံစားသွားရမှာစိုးလို့
    (၆) သတင်းဆိုးမပြောချင်လို့
    (၈) အထင်လွဲသွားမှာစိုးလို့
    ဒီအချက်လေးတွေနဲ့ ပတ်သတ်ပြီး သမီးလည်း မုသားသုံးခဲ့ဖူးပါတယ်
    သူများကိုလိမ်လို့ရပေမယ့် ကိုယ့်ကိုကိုယ်တော့ လိမ်လို့မရတော့ စိတ်ထဲမှာကျန်နေတဲ့အစွဲက
    တော်ရုံနဲ့မပျောက်ဘူး၊ ကိုယ်ညာလိုက်တာ တခြားသူအတွက် အကျိုးရှိသွားရင်ဖြေသာပါတယ်

    • TTNU

      February 3, 2012 at 2:29 pm

      မိုးစက်လေးရေ…
      ဟုတ်ပါ့သမီးရေ၊ မဖြစ်လို့ မလွှဲသာလို့ ညာလိုက်မိတာ
      ရင်ထဲမှာ Stigma ကျန်နေခဲ့သလိုပါပဲ။သူများအကျိုးရှိသွားတဲ့အညာမို့
      ဖြေသာပေမဲ့ ကိုယ့်မှာ အကျင့်ဖြစ်သွားမှာစိုးပါတယ်။

      အထူးသဖြင့်တီချာတို့ အလုပ်ခွင်မှာ…. 🙄
      သိတယ်မဟုတ်လား။

  • inz@ghi

    February 3, 2012 at 10:06 am

    ကျနော် ဝင်း-ဝင်း ရေးမယ်လို့ ရွာကို ကတိပေးထားပီး …လက်တွန့်နေတဲ့အကြောင်းတွေထဲက
    တခု ဖြစ်ပါတယ်ခင်ဗျား …lies တွေကို သရုပ်ခွဲပြသွားတဲ့ တီချာကြီးရဲ့ လက်ချာကို
    မောင်ဂီ လေးလေးစားစား မှတ်သားနာယူသွားကြောင်းပါ …။

    sell ice to eskimo ဆိုတဲ့ ဝါဒဟောင်း တခုဟာ ဘယ်လိမ်နည်း စာရင်းမှာ ပါပါသလဲခင်ဗျာ …
    ကော်ပိုရေးရှင်းတွေရဲ့ …green wash, white wash တွေ အကြောင်းလည်း အတွေးနယ်ချဲ့မိသား…

    ဝှိုက်လိုင်းစ် ကတော့ ဆွမ်းစားခေါက်တယ် နှီးဖျားနဲ့ ထက်စာရင် ….
    တော်သေးသလား တီချာကြီးရယ်…..

    လေးစားခင်မင်စွာ …

    ပုံ
    ချာချာလည်ဂီ

    • TTNU

      February 3, 2012 at 2:53 pm

      မောင်ဂီရေ…
      မောင်ရင် ဘယ်အရောင် ဘယ်နည်းတွေသုံးပြီး ကန်မလေးတွေကိုညာနေသလဲဟင်။
      😛

      ှ Sell ice to Eskimo ဝါဒ ကတော့ မိစ္ဆာအာဇီဝထဲမှာပါမယ်ထင်ပါရဲ ့။
      green wash နည်းကိုတော့ ဘောလုံးကွင်းထဲမှာမြက်မစိုက်နိုင်တဲ့အခါသုံးပြီး
      white wash နည်းကိုတော့ ဟိုတစ်ခေတ်ဆီက တို့မန္တလေးမှာအပင်တွေ
      ခြံစည်းရိုးတွေထုံးသုတ်ရတဲ့ (ထုံးကြည်ခေတ်) ကသုံးပါတယ်။ 🙄

      နှီးဖျားနဲ့ ဆွမ်းစားခေါက်တယ် တဲ့ မုသားကတော့ White lies (စေတနာ
      မုသား) နဲ့ ဆွေမျိုးမတော်ပါဘူးကွယ်။ :mrgreen:

      • inz@ghi

        February 3, 2012 at 10:13 pm

        တီချယ်ကြီးရေ …..
        လက်ရှိရေးနေတဲ့ ထဲက တခုလေး ….အတင်းစကားစပ် ပြောပါရစေရဲ့….
        လူမှုဆက်ဆံရေးချောမွေ့ပြေပြစ်ဖို့အတွက် Default to say “Yes” ပါတယ် … တဲ့….yes…. may be …(or)
        yes.. ..but ..ဆိုတာမျိုး တွဲသုံးပြီး တဖက်လူကို မဆန့်ကျင် ဖြစ်အောင် ပြောပါတဲ့လေ.. risky ဖြစ်ပေမယ့်…
        No… လို့တော့ မပြောပါနဲ့ တဲ့ … not yet ကို အစားထိုးသုံးပေးပါတဲ့ …..

        (လောကမှာ မဖြစ်နိုင်တာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ် ဆိုတဲ့နာမည်ကျော် အဆိုအမိန့်အရဆိုရင်…)
        မောင်ဂီ not yet တွေ သုံးဖြစ်တာ lies လို့ တံဆိပ်ကပ်လို့ မရဘူး မဟုတ်လားဟင်င်င်င်…..

        ထုံးစံအတိုင်း ….
        အထွန့်တတ်တတ်တဲ့ တပည့် ပေါက်စလေး …
        ဂီ

        • TTNU

          February 3, 2012 at 10:31 pm

          Maung Gi,
          Well, you know…erm…what I want to say is that….
          I’d like to say yes, but …
          I agree with you partially …well, to some extent…
          Probably you are right,…
          Not really…..not necessarily… blah…blah

  • MaMa

    February 3, 2012 at 10:28 am

    တီချာရေ-
    တီချာပြောတဲ့ မုသားလေးတွေက အဖြူရောင် မုသားလေးတွေပါ။ အရင်ကဆိုရင် သူတပါးကို ပျက်စီးစေလိုတဲ့ ကြမ်းတမ်းတဲ့ မုသားစကားတွေ မဟုတ်ပေမယ့် လွယ်လွယ်ပဲ ပြောဖြစ်ခဲ့တယ်။
    ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဆရာတော်ကြီး ဟောသလို ဈေးရောင်းဈေးဝယ်မှာ မကိုက်ပါဘူး၊ မမြတ်ပါဘူးလို့ လိမ်ညာပြောမယ့်အစား ကိုယ်ရောင်းနိုင်တဲ့ဈေးကိုပဲ ပြောလိုက်ခြင်းဖြင့် မုသားစကား ပြောခြင်းမှ ရှောင်နိုင်အောင် ကြိုးစားနေပါတယ်။

    • TTNU

      February 3, 2012 at 3:05 pm

      မမရေ…
      ဟုတ်တယ်နော်။ ဈေးရောင်းကြဝယ်ကြတဲ့အခါ အနည်းနဲ့အများဆိုသလို
      စကားမှာ အညာပါသွားမှာပါပဲ။ ဥပမာ။ တီချာကို ကျူရှင် ပရိုက်ဗိတ်သင်ချင်သူ
      ကျောင်းသား/သူ တစ်ယောက်ယောက်လာစုံစမ်းရင် သူ့ ကြည့်ရတာ
      စည်းကမ်းသိပ်ရှိပုံမပေါ်ဘူးဆိုပါတော့။
      သင်မှာကတစ်လလောက်ရယ်၊ (၆)လ သင်ရိုးလောက်ဖြတ်ပေးရမှာမျိုးဆိုပါတော့။
      ငွေပေးရင်ရတယ်ထင်တဲ့ရုပ်ပေါက်နေတာမျိုးဆိုပါတော့။
      မောက်မာတဲ့ ပုံစံပေါက်ပြီး ဆရာမကို ငွေထုပ်နဲ့ပေါက်မဲ့ ပုံစံမျိုးဆိုပါတော့။
      ဒီလိုမျိုးဆိုရင် တီချာလည်း မင်းကိုသင်မပေးနိုင်ဘူးလို့ တည့်ပြောလိုက်ချင်ပေမဲ့
      မအားပါဘူးကွယ်လို့ ညာမိတာပါပဲ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 10:57 am

    ကျနော်က သိပ်မလိမ်တတ်ဘူးဗျာ..
    ဘုကန် ့လန် ့ပဲ ပြောတတ်တယ်..
    ကြိုတင်ကြံစည်ထားရင် လိမ်တတ်တယ်..
    ရုတ်တရက်ဆို မဟုတ်တာလုပ်ထားလဲ အမှန်တိုင်းပဲ ထွက်တတ်တယ်ဗျာ
    ဘာရီးမှန်းလဲ သိဘူး..နဲနဲလေးက အစ မလိမ်ချင်ဘူး. 😆

    (အပေါ်က မလိမ်ဘူးဆိုတာ လိမ်ပြောတာဘာ) 😀

    • TTNU

      February 3, 2012 at 3:11 pm

      ကိုပေါက်ဖော်ရေ…
      အရင်ဆုံးတစ်ခုသင်ပေးပါဦး။
      ကိုပေါက်ဖော်မန်းတဲ့အထဲက အရုပ်လေးနှစ်ခုမှာ အပေါ်အရုပ်
      နှုတ်ခမ်းလေးလှုပ်နေတာတီချာရှာလို့မရဘူး။ ဘယ်နားကရှာရတာလဲဆရာ။

      ဘုကန့်လန့်ပြောတတ်သူများဟာ မညာတတ်သူများဖြစ်သည်လို့
      ဘယ်သူ ဘယ်စာအုပ်ထဲမှာရေးထားတယ်ဆိုလားပဲ။:?

      • စိန်ပေါက်ပေါက်

        February 3, 2012 at 3:24 pm

        တီချယ်ရေ
        အဲတာ Laugh out loudly ဆိုလားပဲ

        : : ကြားထဲမှာ lol ဆိုပြီးရေးရတာပါ..

        ဒီပုံထဲမှာ အကုန်ရှိပါတယ်..
        နမူနာ..ကြည့်ကြည့်ပါ.
        http://myanmargazette.net/wp-content/uploads/2009/09/Smiles.jpg

        • TTNU

          February 3, 2012 at 8:45 pm

          Thank you, my dear Ko Pauk Faw.
          I’ll check them. You are my Icon-Guru!
          I don’t know much about IT, just tampering with
          this and that.

          Thanks again!

  • Shwe Ei

    February 3, 2012 at 11:21 am

    တီချယ်ရေးပြသွားတဲ့ အလိမ်တွေနဲ့ စုံနေအောင်လိမ်ဖူးတဲ့ ကျမအတွက် ဝန်ခံရဲတဲ့ တီချယ်ကို အားကျမိတဲ့အကြောင်းရယ် ပို့စ်တခုအနေနဲ့ တင်ပေးတာကို ကျေးဇူးတင်တဲ့ အကြောင်းရယ်ဘဲ ပြောချင်ပါတယ်။ 🙂

  • နွယ်ပင်

    February 3, 2012 at 11:23 am

    တီချာကြီးရေ …
    အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကလေးဘဝကထက်
    အခုလို အလုပ်ခွင်ထဲရောက်တဲ့ အချိန်မှာ မုသားဆိုတာကို
    ပိုပြီးသုံးဖြစ်နေပါတယ် တစ်ခါတစ်လေ ကိုယ်ကမုသားပြောချင်တဲ့စိတ်
    မရှိပင်မယ့် ကိုယ်ပြောတဲ့စကားက တစ်ခြားတစ်ယောက်ကို ထိခိုက်မှာဆိုးလို့
    ပြောလိုက်ရတာကလည်း အခါခါပါပဲ ။

  • ကြောင်ကြီး

    February 3, 2012 at 11:25 am

    တီချယ့်စာဖတ်ပြီး ဝန်ခံပါတော့မယ်။ ကြောင်ကြီးလိမ်ခဲ့မိပါတယ်။ ကြောင်ကြီးလူလွတ် မဟုတ်ပါဘူး၊ နံပါတ်ချိတ်ပြီးသား သဂျီးသမက်လောင်း ဖြစ်ပါတယ်..။ 😳

  • nozomi

    February 3, 2012 at 11:33 am

    မလိမ်တာ အကောင်း ဆုံး ပေါ့ လိမ်တာ များရင် အကျင့်ပါသွားပြီး လိမ်တတ်တာကိုက သာမန်အမူအကျင့် တစ်ခု ဖြစ်သွားနိုင်တယ်

    အမှန်တရားပြောတာကို လက်မခံတဲ့သူနဲ့ တွေ့ရင်လဲ လိမ်လိုက်ရတာပါပဲ

    ဘာပဲဖြစ်ဖြစ် လိမ်တယ် ဆိုတာကတော့ မကောင်းတာအမှန်ပဲ ။ တီချယ်ကြီးပို့စ်လေး ဖတ်မိပြီး အတတ်နိုင်ဆုံး မလိမ်ဖြစ်အောင် သတိထားနေပါ့မယ်

    • TTNU

      February 3, 2012 at 9:33 pm

      နိုဇိုမီရေ..
      လိမ်တာများရင် အကျင့်ပါသွားပြီး လိမ်တတ်တာကိုကသာမန်အမူအကျင့်
      တစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာ သိပ်လက်ခံပါတယ်။ အကျင့်ပါခြင်းဆိုတဲ့
      ကိစ္စကလည်း တော်တော်ပြဿနာနော်။ တီချာတို့တွေလေ အကျင့်ကောင်းကို
      အမွေးခက်၊ အကျင့်သိပ်မကောင်းတာကို တွယ်မက်တတ်ကြတာ လူတွေ
      ရဲ ့ ဗဟိုအားနည်းချက်ပဲနော်။

      ဒါပေမဲ့ အမှန်တရားပြောတာကို လက်မခံတဲ့သူနဲ့ တွေ့ရင်လည်း
      မလွဲသာတဲ့ အဆုံး ညာလိုက်ရတာပါပဲ။ဒါကြောင့် မညာဘဲ၊ ဘာမှ
      မပြောဘဲနေကြည့်ကြစို့။

  • တီချာရေ …
    ရဟန်း တွေရဲ့ စကားနဲ့ ပြောရရင် ‘အာပါတ်’ ဖြေတယ်ပေါ့ဗျာ။
    ကိုယ့်အမှားကို ဝန်ခံတယ်ပေါ့။
    ခွင့်လွတ်နိုင်လောက်တဲ့ ကိုယ့်အပြစ်ကို ဖွင့်ဟဝန်ခံလိုက်ခြင်းဖြင့် ဆေးကြောတယ်လို့ ပြောလို့ရမလားပဲ။
    တီချာ ခင်းပြခဲ့တဲ့ အဖြူရောင် မုသား တွေကလည်း ခွင့်မလွတ်နိုင်လောက်တဲ့ အပြစ်တွေမှ မဟုတ်တာပဲလေ။
    ကျွန်တော်တောင် အဖြူရောင် မုသားတွေနဲ့ မကင်းခဲ့ပါဘူး။
    ဒါပေမယ့်လို့လည်း တီချာရေ ….။ ကျွန်တော်တို့တစ်တွေ ပေါ့ပေါ့ပါးပါးနဲ့ ဆက်ပြီး လိမ်ညာ နေကြမယ် ဆိုရင်တော့ဖြင့် ငါးပါးသီလ ဆိုတဲ့ ဝေါဟာရဟာ အခေါ်အဝေါ် လောက်သာ ရှိတော့မှာပေါ့ဗျာ။ ကျွန်တော်တို့တွေ အနက်ရောင် မုသားတွေသာမက အဖြူရောင် မုသားတွေကိုပါ အတတ်နိုင်ဆုံး မပြောမိအောင်လို့ ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

    လေးစားစွာဖြင့်
    အံစာတုံး

    • TTNU

      February 3, 2012 at 9:49 pm

      အံစာတုံးရေ…
      (ကျွန်တော်တို့တွေ အနက်ရောင် မုသားတွေသာမက အဖြူရောင်
      မုသားတွေကိုပါ အတတ်နိုင်ဆုံး မပြောမိအောင်လို့ ထိန်းသိမ်းနိုင်ရင်တော့
      အကောင်းဆုံးပေါ့ဗျာ။)
      ဒီမှာတင်ပဲ အံစာတုံးရဲ ့ စိတ်ကလေးကိုတီချာမြင်မိပါတယ်။
      အာပတ်ဖြေတာမျိုး၊ ဘုရားကျောင်းမှာ confessions ပေးတာမျိုးတွေကို
      ငယ်ငယ်တုန်းက သိပ်သဘောကျမိတယ်။ ကြိုက်သလောက်ညာလို့ရတယ်
      လို့ လွဲမှားလက်ခံခဲ့ဖူးတယ်ကွယ်။ 🙁

  • blackchaw

    February 3, 2012 at 12:05 pm

    တီချာကြီးရေ။
    လေးလေးစားစား ဖတ်မှတ်သွားပါတယ်။
    ဒီနေ့ပဲတင်တဲ့ ကိုရင်နိုဇိုမိ ပို့စ်လေးကလည်း
    ဒီအကြောင်းအရာလေးကို ပြောထားတာပါပဲ။
    ကိုရင်နိုဇိုမိ ဗားရှင်းနဲ့
    တီချာကြီး ဗားရှင်း နှစ်ပုဒ်စလုံးကို ဖတ်ပြီး
    အောက်က စာလေးကို ရေးမိပါတယ် တီချာကြီးရေ။

    လင်္ကာမချောလည်း ရှိစေတော့
    လိမ်ညာမပြောတော့ပါဘူး ခင်ဗျာ။

    • TTNU

      February 3, 2012 at 9:58 pm

      ကိုချောရေ…
      တော်ပါပေ့တော်။
      လိမ္မာလို့ ထမင်းဖိတ်ကျွေးပါမည်။
      ကိုနိုဇိုမိပို့စ်လေးမဖတ်ရသေးဘူး။

  • Sonny

    February 3, 2012 at 12:18 pm

    တီချာကြီးရေ….
    ဘုရားရှင်ကတော့ပြောပါတယ်” နားထောင်သူအကျိုးရှိမယ့်စကား”
    ဆိုပြောလို့ရတယ်လိုဖတ်မှတ်ဖူးပါတယ်။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • kokothandar

    February 3, 2012 at 12:19 pm

    ှုှုှုှုှုမှန်တာပြော ရွာပြင်ထုတ် ခံရတတ်တယ်တဲ့
    ဟေ့ မျက်လုံးတစ်ဖက်လပ်ပြီး ခြေတစ်ဖက်ဆာနေတဲ့လူကြီး ရေဆာလို့ဆိုပြီးရေဝင်သောက်တုံးက ကျန်ခဲ့တဲ့
    ခင်ဗျား ထီးအစုတ် ရော့ပြန်ယူလို့ ပြောတာနဲ့စာရင် တော်ပါသေးရဲ့

  • kyeemite

    February 3, 2012 at 1:05 pm

    ကလေးတွေကိုလိမ်မပြောအောင် မိဘတွေကလိမ်ပြောတယ်…ဆိုတဲ့အချက်ကလေး..
    သိပ်သဘောတွေ့ပါတယ်။ နေဝင်ပီဆို တူတူပုံးတန်းမကစားနဲ့ နတ်ဖွက်တတ်တယ်တို့..
    စသည်စသည်…ကလေးဆုံးမနည်းမျိုးများစွာကြုံခဲ့ဘူးပါ၏။ ကလေးဆိုတာက အကျိုးနဲ့
    အကြောင်းနဲ့ ရှင်းပြပီးတားလို့ မလိုက်နိုင်သေးဘူးလေ..အဲ နဲနဲ နားလည်တဲ့အရွယ်ရောက်
    ပီဆိုရင်တော့ အမှန်အတိုင်းဘဲ ရှင်းပြဆုံးမသင့်ပါတယ်..ကလေးတွေကိုအမှန်တရားမြတ်နိုး
    တတ်အောင်..အမှားလုပ်မိရင်လဲ အမှန်အတိုင်းဝန်ခံတတ်အောင်..လေ့ကျင့်ပျိုးထောင်ပေးသင့်တယ်..
    ကျွန်တော်အတွေးလေးကိုဆွေးနွေးကြည့်တာပါ တီချယ်…ကျေးဇူးတင်ပါတယ်..
    ခင်မင်လေးစားလျှှက်..
    ကြီးမိုက်

  • Harumoto

    February 3, 2012 at 2:42 pm

    ကျွန်တော်ကတော့ ငယ်ငယ်ကမှတ်ခဲ့တာ အခုထိ လက်ခံထားတုန်းပါ
    ဆရာမကြီးပြောတဲ့ ““ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။
    စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ “ဆိုတဲ့ စကားကို လက်ခံတုန်းပါ။
    လူကြီးတွေ သွားကျိုးနေတာ အများကြီးပါ။(အသက်ကြီးတဲ့သူတွေ)
    white lie တွေကော..ဘာ lie တွေကော.. ညာ lie တွေကော..တသက်လုံး လုပ်လာခဲ့ကြတာ
    ကြီးတော့ တကယ်သွားတွေ ကျိုးကုန်ကြတာပေါ့..
    ငယ်ဖြူ ဆရာတော်ကြီးတွေကတော့ သွားတွေ တကယ်ကောင်းတာတွေ့ဖူးပါတယ်
    သူတို့က သီလလုံတာကိုး……
    (ဟုတ်မယ်ထင်လို့ရေးကြည့်တာပါ…ကျွန်တော်ကတော့ အံကပ် မတတ်ရသေးပါ..
    လေးချောင်းလောက်တော့ ကျိုးနေပါပြီ)
    ခင်မင်လေးစားလျှက်
    harumoto..

  • ရင် နင့် အောင်

    February 3, 2012 at 2:44 pm

    အင်း . ညာတာက တစ်ခါ.. အညာမပေါ်အောင် .. ပြန်ဖုန်းရ ဖိရတာက တစ်ခါ။ ရှုပ်ပါတယ်။ ရိုးရှင်းစွာပဲ ဖြတ်သန်းချင်ပါတယ်။

    • TTNU

      February 3, 2012 at 10:21 pm

      kokotahndar ရေ… မျက်လုံးတစ်ဖက်လပ်ပြီး ခြေတစ်ဖက်ဆာနေတဲ့လူကြီး
      ရေဆာလို့ဆိုပြီးရေဝင်သောက်တုံးက ကျန်ခဲ့တဲ့ခင်ဗျား ထီးအစုတ် ရော့ပြန်ယူလို့
      ကိုယ်သာအပြောခံရရင်လို့ တွေးကြည့်တာနဲ့တင် ငိုချင်ပါတယ်။

      ကိုကြီးမိုက်ရေ… လျော်ကန်တဲ့ အိုင်ဒီယာပါတော်။ သိတတ်တဲ့ အရွယ်ရောက်တာနဲ့
      ကလေးကိုလည်းမညာမခြောက်လှန့်ဘဲနဲ့ ဆုံးမသင့်တာပါ။

      Harumoto ရေ..(white lie တွေကော..ဘာ lie တွေကော.. ညာ lie တွေကော.
      .တသက်လုံး လုပ်လာခဲ့ကြတာကြီးတော့ တကယ်သွားတွေ ကျိုးကုန်ကြတာပေါ့..)
      မောင်ရင်ပြောတာ တီချာ ငြင်းပါရစေနော်။ ညာသည်ဖြစ်စေ၊ မညာသည်ဖြစ်စေ၊
      ဇရာနောက်မှာ နာခြင်း၊ အိုခြင်း၊ သေခြင်းရှိသမို့ ဘယ်သူမဆို မရှောင်လွှဲနိုင်ပါဘူးကွယ်။
      ဘာပဲဖြစ်ဖြစ် comment လေးအတွက် ကျေးဇူးပါနော်။

      ရင်နင့်အောင်ရေ…ညာတာက တစ်ခါဒုက္ခ၊ အညာမပေါ်အောင် ပြန်ဖုုံးဖိရတာ
      နောက်တစ်ဒုက္ခ၊ ဒုက္ခသံသရာလည်တာလေ။ 🙁
      ရိုးရှင်းစွာဘဝကိုဖြတ်သန်းဖို့ ထောက်ခံပါတယ်။

      • Harumoto

        February 4, 2012 at 8:08 am

        ဆိုလိုရင်းက…
        မအို မနာ မသေသူများ မရှိသလို…
        မလိမ် မညာ ဘဲ ဘဝကို ဖြတ်သန်းခဲ့ ရသူ မရှိနိုင်ပါဘူး လို့
        ဆိုလိုရင်းပါ။
        ကျေးဇူးတင်ပါသည်။

  • TTNU

    February 3, 2012 at 3:23 pm

    ရွှေအိရေး…
    ကျေးဇူးပါနော်။ တီချာလို Publicize ရဲရင် သမီးDiary လေးထဲမှာချရေးထားလေ။
    တစ်ပတ်တစ်ခါ မီးရှို ့ပစ်လိုက်။

    နွယ်ပင်ရေး…
    ကလေးဘဝလောက်ဖြူစင်တာမရှိတော့ဘူးနော်။ အလုပ်ခွင်မှာတော့ ဒီလိုပါပဲသမီးရယ်။
    သူမှားကိုသာ ကိုယ်ညှာလိုက်ရတာပါ။ သို့သော် အလိုက်သင့်နေရင်းနဲ့ ဖြူစင်အောင်
    ကြိုးစားကြရတော့မှာလေ။

    ကိုကြီးကြောင်ရေး…
    ညာတာဝန်ခံလိုက်ပြီဆိုတော့ တီချာ့တူမ လေးကို စွန့်လွှတ်လိုက်ပြီပေါ့နော်။

  • eipu

    February 3, 2012 at 3:42 pm

    တချို့မုသားစကားများကလည်း သူတပါးအတွက်အကျိုးရှိစေချင်တာလည်းပါပါတယ်။

  • pooch

    February 3, 2012 at 4:13 pm

    တီချယ်အနော်ကတော့ ၁ ကနေ ၁ဝ ထိ လိမ်ဖူးတယ် လိမ်နေဆဲပါ။ ဒါပေမဲ့ ဒီလိုလေး ဖတ်ရတော့ သတိလေးကပ်ပြီး အတတ်နိုင်ဆုံး အမှန်အတိုင်းပြောနိုင်ဖို့ ကြိုးစားပါ့မယ်။ တခါတခါကြပြန်တော့လည်း လူတွေကလည်း ခက်လှတယ်။ အမှန်ကို ပြောရင် စိတ်ဆိုးကြပြန်ရော။ ( ကိုယ်တိုင်အပါအဝင်ပေါ့) 🙁

  • မာမီရေ
    ကျနော်ကတော့ အမြဲညာနေရတဲ့သူထဲမှာ ပါ ပါတယ်။
    သူများစိတ်ချမ်းသာအောင်ညာပေးနေရတာအများကြီး။
    အမှန်အတိုင်းပြောလိုက်လို့လဲ အကျိုးမရှိသောကိစ္စတွေမှာပါ။
    တတ်လဲမတတ်နိုင်သလို ဒီအတွက်လဲနောင်တမရပါဘူး။
    ရလာဒ်ကောင်းအောင်လုပ်ပေးရတယ်လို့ဘဲသဘောထားပါတယ်။

  • etone

    February 3, 2012 at 4:42 pm

    အီ … တီချယ်ကြီးထောက်ပြတော့မှပဲ … ကိုယ့်ကိုယ်ကို လူလိမ်ကြီးပါလားလို့ သိတော့တယ် … 😀

    ပြောမယ့်သာ ပြောရတာ တီချယ်ကြီးရေ … စကားဆိုတာမျိုးကလည်း မုသားမပါ လင်္ကာမချောတဲ့ မို့လား ..ဒီတော့ ကြံရွယ်ပြီး လိမ်တာမဟုတ်ပေမယ့် .. တစ်ခါတစ်လေ … လိမ်မှန်းမသိအောင် လိမ်မိသွားတာလေးတွေတော့ ရှိတယ် ..ဟီးဟီး … ဒီလိုပဲ ဖြေသိမ့်ရတာပေါ့ .. :mrgreen:

  • DEPARKO DEPARKO

    February 3, 2012 at 6:32 pm

    ဆရာမရေ
    ကျွန်တော့်အမေကဆုံးမခဲ့ဘူးတယ်
    စကားခြောက်ခွန်းလူတွင်ထွန်း လေးခွန်းကိုပါယ်နှစ်ခွန်းတည်။တဲ့
    သူအကျိုးရှိ ကိုယ်အကျိုးရှိ မှန်လည်းမှန် ပြော။
    သူအကျိုးရှိ ကိုယ်အကျိုးမရှိ မှန်လည်းမှန် ပြော။
    သူအကျိုးရှိ ကိုယ်အကျိုးရှိ မှား မပြောရ။
    သူအကျိုးရှိ ကိုယ်အကျိုးမရှိ မှား မပြောရ
    သူအကျိုးမရှိ ကိုယ်အကျိုးမရှိ မှန် မပြောရ
    သူအကျိုးမရှိ ကိုယ်အကျိုးမရှိ မှား မပြောရ တဲ့ ဘုရားဟောနော်
    အမေသေသွားပေမဲ့ ကျွန်တော် အမေ့စကားနားထောင်တုန်းပါဘဲ
    ရွာအပြင်အထုတ်ခံရတုန်းပါဘဲ
    ဆရာမရေ ဒါပေမဲ့ကျွန်တော်မမှုပါဘူး ခံစားပေးမဲ့မိတ်ဆွေတွေရှိလာလို့

  • nature

    February 3, 2012 at 6:42 pm

    ကိုယ့်အမည်မှန်ကို မပြောတာကတော့ ညာတယ်လို့တော့မပြောပါနဲ့ဆရာမကြီးရယ်။ အချိန်အခါနှင့်အခြေအနေကိုလိုက်လို့ လျှို့ဝှက်အပ်သောအမှုကို လျှို့ဝှက်ရာ၏…တဲ့။
    စကားထာဝှက်တယ်လို့သဘောထားပေးပါ။ 🙂
    ညာတယ်ဆိုတဲ့အထဲမှာ သူတပါးအကျိုးစီးပွားကိုပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်၍ ညာခြင်းသည် အပြစ်အကြီးဆုံးဖြစ်သည်ဟုဆိုပါသည်။

  • thit min

    February 3, 2012 at 6:46 pm

    တီချယ်ရေ
    နေကောင်းပါရဲ့လားခင်ဗျာ။
    နဲနဲလေး ဖြည့်စွက်ပါရစေ၊ (၃) ဖုံးကွယ်ထားချင်လို့ နဲ့ သဘောချင်းတူပေမဲ့
    တိုက်ရိုက်”မထိ”ဘူးထင်လို့ပါ။ {In my humble opinion}

    ((၁၁)) အထက်လူကြီးကိုကြောက်လို့လိမ်ရခြင်း ပါ။
    ((၁၂)) မဟုတ်တာတွေလုပ်ထားပြီးမှ (အမှန်တရားကို) ကြောက်လို့လိမ်ရခြင်းပါ။

    ကျနော်တို့ အားလုံးနှစ်ပေါင်းများစွာ စုပ်ပြတ်သတ်သွားရအောင် ကိုအလိမ်ခံရတာမို့ “လိမ်” ဆိုတာ
    စုတ်ပြတ်သတ်သွားခြင်းကို ရောက်စေပါလားလို့ စဉ်းစားမိထားပါတယ်။
    (မျက်ရည်ဝဲရအောင် ကို ရင်နာပါတယ်ခင်ဗျာ)
    ဤသို့ လိမ်ညာမှုများနဲ့ကင်းဝေးသော ကျနော်တို့ရဲ့ မြေ ဖြစ်ပါရစေ ခင်ဗျာ။
    ————-

  • aye.kk

    February 3, 2012 at 6:54 pm

    အင်္ဂတ္ထိုရ်ကတဝတ္တုသုတ်မှာဖော်ပြထားတဲ့..
    စကားပြောနည်းစနစ်ငါးပါး..
    ၁။အချိန်အခါသိ၍ညီညွတ်အောင်ပြောပါ
    ၂။ပပလွှားလွှားမပြောရ
    ၃။ချုပ်ချယ်စောင်းမြောင်း၍မပြောရ
    ၄။စကားကိုရှုတ်ထွေးရောစပ်၍မပြောရ
    ၅။မသက်ဆိုင်တာတွေကိုမပြောရ
    ဆရာမကြီးပြောတဲ့ဆုံးမစကားလေးကိုအားရမိတဲ့အပြင်..
    စကားပြောနည်းစံနစ်(၅)ချက်လေးကိုဗဟုသုတအဖြစ်ပြန်လည်ဖော်ပြလိုက်ပါတယ်။

  • Khin Latt

    February 3, 2012 at 7:52 pm

    တီချာနုရှင့်

    တီချာနု ရဲ့ စာတွေကို ဖတ်တိုင်း ကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ reminder အမြဲရပါတယ်။
    အခု Post ကိုလဲ ဖတ်အပြီး တတ်နိုင်သ၍ လိမ်မပြော မိအောင် ဂရုစိုက်ဖို့ အခွင့်ရပြန်ပါတယ်။

    တီချယ့် ၁ က ၁ဝ ရှင်းပြချက် အားလုံး ဟာ ဘယ်သူ့ ကိုမှ မထိခိုက် တာ သေချာပါတယ်။
    အပြစ်ကင်း သော ညာခြင်း ပါ။
    အဓိက နံပါတ် ၆ –
    တီချယ်သာ အမှန် ပြောရင် အားလျော့ သွားဖို့ များပါတယ်။ တီချယ် ညာပြောခြင်းဟာ သူ့ကို အားဆက် တင်း စေခဲ့မှာပါ။
    တစ်ခါတစ်ခါ စိတ်စွမ်းအင် ဆိုတာ အလွန်ဆန်းတာ တီချယ် သိပါတယ်။

    တစ်ခါတစ်လေ ဖြစ်လာတဲ့ အခြေအနေ ဆိုတာ အမြဲ အဖြူ၊ အမဲ မှာချည်း ဖြစ်မနေ ဘဲ အလယ် မီးခိုးရောင် မှာ ရှိတတ် တာ မို့ အဲဒီလို အပြစ်ကင်း သော ညာခြင်း (innocent lie or white lie) ကို တော့ နောင် မှာ လဲ ရှောင်နိုင်ပါ့ မလားလို့ တွေးမိ ပါတယ်။
    ဥပမာ – ဉာဏ်သိပ်မကောင်း တဲ့ ကလေး တစ်ယောက် ကို သူ့ကို ဉာဏ်ရည် မမှီဘူး ထင်လို့ ချဲလင့် ဖြစ်တဲ့ စာတွေ မပေးဘဲ နေမလား။
    ပေးရမယ် ဆိုရင်လဲ ဒီအတိုင်း ဘဲ “မင်းကတော့ ဉာဏ်ရည် မမှီဘူး ထင်တယ်။ မရလဲ ကိစ္စမရှိဘူး” လို့ ပြောမလား။
    “ဟေး မင်းဒါကို လုပ်နိုင်မယ် လို့ ငါ ယုံတယ်။ နဲနဲ လေး စဉ်းစားကြည့်၊ မင်း ရကို ရမယ်” လို့ ပြောပြီးခိုင်း မလား။
    တကယ် တော့ သူ အဲဒါကို လုပ်နိုင်မယ် ဆိုတာ သိပ်မထင်ငြား ယုံတယ် လို့ ညာပြောခဲ့တာ ဟာ အဲဒီ ကလေး ရဲ့ ရေရှည်မှာ သူ့ ကိုယ်သူ ယုံကြည် လာဖို့ လမ်းစ ဖွင့်ပေး ခဲ့တာ ဆို အဲဒီ ညာခြင်း ကို ညာကို ညာ ရမယ် ထင်ပါရဲ့ တီချာနုရေ။

    ကျွန်မ အဖွား နယ်ကနေ ရန်ကုန် ကို အလည်လာရင်း လေဖြတ်သွား တယ်။
    သူ့ နောက်ဆုံး ချိန်မှာ ငါ့အိမ် ကို ငါပြန်ချင်တယ်။ ပြန်ပို့ ပေးပါ လို့ ဆိုခဲ့တယ်။
    နောက် တစ်ခေါက် ပြီး တစ်ခေါက် ပြောပါများလာတော့ “ဒါအိမ် ပြန်ရောက် နေတာ” လို့ ညာခဲ့ကြတယ်။ ဒီတော့မှ သူစိတ်ကျေနပ် သွားခဲ့တယ်။

    တစ်ခါ အတော်လေးခင်တဲ့ အရမ်းခေါင်းမာတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ အကြီးအကျယ် စကားများတယ်။ နှစ်ဖက်စလုံး မှားတာ။ သူ့ဖက်က စိတ် ထဲမှာ အနာခံပြီး ကို တင်းတော့ မှာ သိခဲ့တယ်။ ကိုယ်လဲ သူ့ကို အရမ်း ဒေါသထွက် ခဲ့တယ်။
    ဒါပေမဲ့ ဒီအတိုင်း ပွဲမသိမ်းချင်လို့၊ တစ်ခုခု ကို အမှန် သိနိုင်ဖို့အတွက် “အိုကေ ငါ့ ဒေါသ တော့ပြေပြီ။ နင်စကား ပြောချင်တာ ကို ငါ စိတ်အေးအေး နဲ့ နားထောင် နိုင်ပြီ” လို့ ပြန်ညှိ နိုင်အောင် ညာ ပြောလိုက်တယ်။တကယ်တော့ မျက်နှာကိုတောင် မကြည့်ချင်ဘဲ အစိမ်းလိုက် ဝါးစားချင်ခဲ့တာ။ ဒီလို ညှိလိုက်ပြီး ရင် ဆက်ပြီး အပေါင်းအသင်း မလုပ်တော့ဘူးတောင် တွေးထားမိတယ်။
    အဲဒီလို စကားအခြေအတင် ပြန်ပြောပြီးနောက် တစ်ယောက်ကို တစ်ယောက် ပိုတောင် နားလည် သွားတယ်။
    မဟုတ်ရင်တော့ ……. (မဟုတ်ရင်တော့ လို့ ထပ် အလေးထား ပြောပါသည်)
    ကျွန်မ လဲ ကျွန်မ ချစ်သော သူငယ်ချင်း အများစု လို အေးချမ်းတဲ့ လွတ်လပ် တဲ့ အပျိုကြီးတွေ ထဲ က တစ်ယောက် ဘဲ ဆက်ဖြစ်နေတော့ မှာ 😉 လို့ ပြော ရင်း …….

    တီချယ်နု ရေ ကျွန်မတော့ အရောင်ကင်း တဲ့ မုသားဖြူ လေးတွေ နဲ့ ကင်းအောင် နေပါ့မယ် ဆိုတာ မဖြစ်နိုင် သေးလို့ ထင်ကြောင်း တီချယ့် ကို လေးစားစွာ ဖြင့် ဝင်လျှာရှည် လိုက်ပါ တယ်ရှင့်။

    တီချယ့်Post တိုင်း ကို ဖတ်ရတာ Awesome Moment ဘဲ ဆိုတာက တော့ မုသားဖြူ တောင် မဟုတ် တဲ့ “မုသားကင်း တဲ့ စကား” ပါဘဲ တီချာနုရေ။ 😀

  • windtalker

    February 3, 2012 at 10:05 pm

    ကျွန်တော် က လိမ်လို ့ကို မရတာ ။ လိမ်မယ်လို ့ရည်ရွယ်လိုက်ရင် မျက်နှာထား က မတည်တော့ဘူး ။
    စပ်ဖြီးဖြီး ဖြစ်လာတာ ။ ဒါနဲ ့လိမ်လဲ လိမ်ရော ၊ တစ်ခါထဲ မိရော ဘဲ ။ ဟဲဟဲ

  • unclegyi1974

    February 3, 2012 at 11:38 pm

    ဘတို့ဆီမှာသေချာပေါက်သေတော့မယ့်လူနာ
    ဥပမာကင်ဆာဖြစ်တာနောက်ဆုံးအဆင့်ဆိုပါတော့ဗျာ
    ကောင်းသွားမှာပါဘာညာနဲ့လိမ်ကြတာပြင်ဖို့ကောင်းပြီလို့ထင်ပါတယ်ဗျာ
    ဘတို့အဖေလည်းကင်ဆာနဲ့သေတာပါအသေခင်အမေကဘာညာရောဂါပါ
    အမှန်ကသေတော့မယ့်သူကိုမညာသင့်တော့ပါဖူး
    ဒါမှသူမှာစရာရှိတာမှာနှလုံးသွင်းသင့်တာသွင်းနဲ့
    သူ့ရဲ့နောက်ဆုံးအချိန်ကိုအကောင်းဆုံးအသုံးချသွားနိုင်မယ်လို့မြင်ပါတယ်ဗျာ

  • မိုက်ကယ်ဂျော်နီငပွ

    February 4, 2012 at 10:09 am

    အလို !!!!!!!!!!!!!!!!!!!!!!!!
    လူသူတော်ဂေါင်းဒေ ဘာဂလား
    သူတော်ကောင်းတို့နှင့်တွေ့ရခြင်းသည် ကောင်းမြတ်ပေ၏
    အကြင်သူတော်ကောင်းတို့သည်
    မိမိတို့ပြုမူဘူးသော မုသာဝါဒ အကြောင်းးမှာ ဝန်ခံနေကြတယ်ဆိုတော့
    ကျုပ်လည်းခပ်တည်တည်နဲ့ သူတော်ကောာင်းယောင်ဆောင်ပြီးဝန်ခံအုန်းမှ
    …………….
    ကိုယ့်ကိုယ်ကိုယ်သိက္ခာအကျခံပြီးဝန်ခံရတာဆိုတော့ အကျိုးကျေးဇူးလေးမြှော်ကိုးမှ
    တန်ရာကျမှာမို့
    အဟမ်း ……………အဟမ်း
    ဤမူယ္ခုကျွန်ုပ်၏ ဟန်ဆောင်ခြင်းမုသားကို ဝန်ခံခြင်းအကြောင်းသည်
    တီချာကျောင်းအုပ်ဆရာမကြီးထက်သာလွန်သော အင်တာနေရှင်နယ် ကျောင်းဆရာမ / ကျောင်းဆရာ
    ဂိုဏ်းချုပ်ကြီးဖြစ်ရပါစေသတည်း။
    ………….
    ဝန်ခံချက်
    ကျွန်ုပ်သည် အင်္ဂလိပ်သီချင်းများကို နားလည်သလိုလိုဘာလိုလို
    ခပ်တည်တည်နှင့် နောက်ကနေ သံယောင်လိုက်ဆိုဘူးပါသှ်။
    ……………………….
    ( ဒီနေရာမှာ ဆရာမကြီးရဲ့ လူတွေက ကျောင်းဆရာမတွေကို သိပ်မလေးစားဘူးထင်တယ် ( အထင် )
    သား လုံးဝ ကျေမနပ်ဘူး သုံးနှုံးလိုက်ရင် ဆရာ ဆရာမများ ဆိုပြီး
    ဆရာ ( အထီး ) တွေကို ရှေ့ကထားပြီးဦးစားပေးပြောတာဟာ ဆရာမတွေကို နှိမ်ချတာဘဲ
    သားကတော့ ဆရာမ / ဆရာ ဆိုပြီး ဆရာမတွေကို ဦးစားပေးပါဒယ် )
    ……………..
    ပြေးဘီ
    ကိန် ကိန် ကိန် ကိန်

  • TTNU

    February 4, 2012 at 11:17 am

    eipu ရေ…တချို့မုသားစကားတွေက သူများအကျိုးရှိစေချင်လို့ ပြောလိုက်ရတာ
    မှန်ပါတယ်။ ဘာကြောင့် ကိုယ်ညာမိလိုက်တာဆိုတာဆန်းစစ်နိုင်ရင် အမြတ်ပါ။

    Pooch ရေ… “လူတွေကလည်း ခက်လှတယ်။ အမှန်ကို ပြောရင် စိတ်ဆိုးကြပြန်ရော”
    ဆိုတဲ့နေရာမှာ အဲဒီအမှန်တရားက အမှားတစ်ရံ ဖြစ်မသွားဖို့လိုတာ သမီးရေ။
    မလိုအပ်ရင် အဲဒီအမှန်တရားကို တောင်မှ မပြောသင့်ဘူးဆိုပါတော့။

    ကိုပေါက်ရေ…ကျနော်ကတော့ အမြဲညာနေရတဲ့သူထဲမှာ ပါ တယ်တဲ့လားကွယ်။
    အညာ…မောင့်ကို (မေ့ကို) အမြဲပဲသူညာ…သီချင်းလိုလား။

    အိတုန်ရေ…
    တစ်ခါတစ်လေ လိမ်မှန်းမသိအောင် လိမ်မိသွားတာလေးတွေက အတော် တော်မှနော်။
    မောင်ပေကတော့ သူ ပိရိအောင်မလိမ်တတ်ဘူးတဲ့။

    ဒီပါကိုရေ…အမေ့စကားနားထောင်တာ သားလေးလိမ္မာတာပဲ။
    nature ရေ…စကားထာဝှက်တယ်သာဆိုရပါတယ်ကွယ် ရွာသူ/သားအများသိနေကြပါပြီ။

    ကိုသစ်ရေ…”ဤသို့ လိမ်ညာမှုများနဲ့ကင်းဝေးသော ကျနော်တို့ရဲ့ မြေ ဖြစ်ပါရစေ ခင်ဗျာ။”
    တောင်းတဲ့ဆုနဲ့ ပြည့်စုံပါစေသတည်း။

    မအေးကေရေ…စကားပြောနည်းစံနစ်(၅)ချက်အတွက် ကျေးဇူးပါနော်။

    မလတ်ရေ… I have chosen yours as a best comment! 😛 😛 😛

    မောင်ပေရေ… Pooch မေးတာသာဖြေပေရော့ 😆

    Unclegyiရေ…သေတော့မယ့်သူကိုမညာသင့်တော့ပါဘူးဆိုတာ ကျမလည်းအရင်ကလက်ခံ
    တယ်။ ဒါပေမဲ့ သေမဲ့သူရဲ ့စိတ်အခြေခံကိုပိုနားလည်မိလို့ ညာလိုက်တာပါ။

    ကိုမိုက်ရေ…ဝန်ခံချက် ကို သဘောကျတယ်။အလွန်ချစ်ခင်နှစ်လိုဖွယ်ရာပါ။
    “ကျွန်ုပ်သည် အင်္ဂလိပ်သီချင်းများကို နားလည်သလိုလိုဘာလိုလို
    ခပ်တည်တည်နှင့် နောက်ကနေ သံယောင်လိုက်ဆိုဘူးပါသှ်။” တီချာလည်းအတူူတူပါပဲ။ 😳
    ဆရာမတွေကိုဦးစားပေးတဲ့ ကိုမိုက် … ကျေးဇူးပါ။

    • Khin Latt

      February 6, 2012 at 6:06 am

      တီချယ်နု ရှင့် –
      ဒီလို အသိအမှတ်ပြု ခံရလို့ မလတ် တစ်ယောက် ဘယ်လောက်တောင် ပီတိပွါး နေလဲ ဆိုတာ စဉ်းစားသာကြည့်ပါတော့။ 🙂 😀 😆
      တီချယ့် ကြောင့် ခဲပစ်ဖို့ အားတွေအများကြီး ကို ထပ် ရလာပါတယ်။
      ကျေးဇူးပါရှင့်။

      ရိုသေချစ်ခင်လေးစားစွာဖြင့်
      မလတ်

  • kokothandar

    February 4, 2012 at 11:18 am

    မိတ်ဆွေ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦး ကို သူ့ကို ငယ်နိူင်လိုနေခဲ့ဘူးတဲ့ မိတ်ဆွေတစ်ဦးက
    သူ့အိမ်ကို ကာလပေါက်ဈေးထက် အဆများတဲ့ ဈေး နဲ့ရောင်းပေးခိုင်းတယ် သူက အဲဒီဈေး မပေါက်တာကို
    စိတ်ထဲမှာတင် ထားပြီး နေပါအုံး ဒီထက် ပိုပြီးရမဲ့နေရာပါလို့ပြောပေးတယ် ဘယ်တော့ရမှာလဲ မပြောပါဘူး
    ဒါကလဲလိမ်တာဘဲလေ မတန်ဘူးပြေရင် မိတ်ပျက်မှာကိုး အင်း လိမ်ပြောတယ်ဆိုတာတွေက??????????

    • TTNU

      February 4, 2012 at 11:30 am

      ုkokothandarရေ…အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦး ဆိုတော့
      သူကလည်း မူလကတည်းက စကားအလှည့်အပတ်ကျွမ်းနေသူဖြစ်ရမယ်လေ။
      ပြီးတော့ လောဘကြီးသူမိတ်ဆွေကတော့ ဒီလိုပဲထိုက်တန်ပါတယ်။

      မိတ်ပျက်မှာစိုး၍ ညာပြောခြင်းပေါ့နော။
      (လိမ်ပြောတယ်ဆိုတာတွေက??????????)
      ဟုတ်ပါ့နော်၊ လူ့လောက ဘာမှန်းကိုမသိတော့ပါဘူး။ 🙂

  • fatty

    February 4, 2012 at 5:39 pm

    သူဂျီးဝါဒအရပြောရရင် သဘာဝတရားကြီးပါ …
    လူတွေဟာအသိဉာဏ်မြင့်လွန်းပါတယ် မြင့်လွန်းလိူ့လဲလိမ်ညာပြောတတ်ကြတာပါ။
    သဘာဝတရားကြီးကိုမဆန့်ကျင်ကြပါနဲ့ ( သူဂျီးဝါဒပြောတာနော် )
    ဘယ်လိုသဘောရကြပါသလဲ ဟရို့ …… ။

  • ဦးဦးပါလေရာ

    February 4, 2012 at 6:27 pm

    လိမ်တာချင်းတူတောင် လိမ်တဲ့သူအပေါ်လိုက်လို့ အကျိုးသက်ရောက်မှု့ ကွာခြားပါတယ်။

    ဥပမာ- ဆရာဝန်က (အခြေအနေမကောင်းတဲ့လူနာကို) ကောင်းသွားမှာပါလို့ ပြောလိုက်ရတာနဲ့
    နိုင်ငံရေးသမား မဲဆွယ်စဉ်မှာ တခုခုကို ကောင်းသွားမှာပါ လို့ ပြောလိုက်တာ
    အများကြီး ကွာခြားသလိုပေါ့ …..။

    သားသားပါလေရာကတော့ မလိမ်တတ်ပါဘူးတီချယ်ရယ်

    အပေါ်ကစကားလေးတခွန်းက လွဲရင်ပေါ့။ 🙂

    • AKKO

      February 7, 2012 at 2:52 pm

      ဦးဦးပါလေရာ ဥပမာပေးတာမဟုတ်ဘူးနော်။ဆရာဝန်က အဲလိုပြောလိုက်ရင် သေသွားတဲ့လူနာရှင်တွေက မကျေမနပ်နဲ ့ဆရာဝန်တွေကို လာကောတော့မှာပေါ့။ အခြေနေမကောင်းရင် လူနာဆွေမျိုး(လူနာနဲ ့လိုက်လာသူ)တွေကိုအရင်ပြောထားရတယ်။ လူနာရှင်တွေ ကိုယ်တိုင်သိအောင် လူနာအခြေအနေမှန်ကို အရင်ပြောပြထားတယ်။ လူနာကိုလည်း သွားလိမ်မပြောပါဘူး။ အားပေးစကားကို ထိရောက်အောင်၊ လူနာစိတ်မဆင်းရဲအောင်ပြောပေးတာပါ။ ဆရာဝန်တွေကို အထင်မမှားအောင်လို ့နော်။

  • ba gyi

    February 4, 2012 at 6:28 pm

    တီချာနုရေ၊ ရုံးဆင်းခါနီးလေးတွေ့လို့-
    လိမ်ခြင်းအကြောင်းကြောင့် ရလာတဲ့
    အကျိုး/ အပြစ်ပေါ်မူတည်ပြောကြလို့တော်တော်စုံလင်ပါရဲ့ဗျာ။
    အမှန်ပြောလို့သောကတွေ၊ဒုက္ခတွေရကြမှာထက်စာရင်လိမ်ပြောလိုက်တယ်ဆိုတာထက်၊
    နားထောင်သူရဲ့စိတ်ပင်ကိုယ်မှ လက်ခံနိုင်သော — ရှည့်လည်းရှောက်သာ၊ပျားလည်းစွဲသာ ဆိုသလိုပြောတာမျိုးဆို ရနိုင်မှာပါ။အမှန်သိသွားတဲ့တစ်နေ့ ငါ အဲသည်တုန်းက ဘာ့ကြောင့်ပြော တာပါလို့ ပြန်မရှင်းရတော့ဘူးပေါ့ဗျာ။
    ပြစ်ချက်ဆိုရာတွင်လည်း- သေမှုသေခင်းလိုကြီးမားတာတောင်မှ
    လူသတ်မှု
    လူသေမှု
    ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်အရ မတော်တဆမှု ဆိုရှိသေးတာပဲ။
    သည်လိုပြောလို့ ဆရာလုပ်တယ်၊ သည်ဘကြီးကောမလိမ်၊မညာဘူးလားမမေးနဲ့
    ကုမ္ပဏီ အရောင်းလုပ်ခဲ့တာပဲ ဟဲ ဟဲ
    မုသားမပါလင်္ကာ မချောလို့တောင် ပြောကြတာလေ၊
    တစ်ခါတစ်လေ ကိုယ့်ပစ္စည်းက အမှန်အကန်ပေမည့်၊ ထပ်များများယူအောင်တွန်းရ၊ဆွဲရတဲ့အခါ—-။
    အိုး — တီချယ်နုရေ — တီချယ်ပြောတဲ့ ရောင်စုံမုသားထဲ စပေါ့လိုက်ထိုးခံရတဲ့ ဇတ်လိုက်လိုပါပဲဗျာ။
    သို့သော် ကိုကိုယ်ကိုယ် သိရင် ဘယ်တော့မှတော့ မုသားတောမှ စုံးစုံးမမြှုပ်နိုင်ပါဗျား။

  • alinsett

    February 4, 2012 at 7:11 pm

    တီတီနုရေ..
    အဖြူရောင် မုသားလေးများ..10 ချက်ကို အသေးစိတ် ပြောပြပေးထားတာ တော်တော်ကောင်းပါတယ်။

    တွေးစရာ ကောင်းကောင်းလေး ကို ပေးလို ့ ကျေးဇူးပါပဲ.နော်

    ခင်မင်လေးစားစွာ..

  • aye.kk

    February 4, 2012 at 7:29 pm

    အင်္ဂတ္ထိုရ်ပါဠိတော်ဝါစာသုတ်၌..
    အချိန်အခါသင့်မှပြောပါ..
    သစ္စာမှန်တာကိုသာပြောပါ..
    သုခုမ ယဉ်ကျေးချိုသာစွာပြောပါ..
    မေတ္တာ စိတ်အရင်းခံနှင့်ပြောပါ…ဟုပါရှိပါသည်။
    လူ(၇၀%)မှာစကားပြောဆိုသုံးနှုံးမှုစည်းကမ်းမရှိခြင်း၊လိမ်ညာခြင်း၊
    ကုန်းတိုက်ခြင်း၊ကြမ်းတမ်းခြင်းအာဃာတအပြစ်ဖွဲ ့ပြောဆိုခြင်း
    ရှုတ်ချစောင်းမြောင်းပြောဆိုခြင်းစည်တို့
    ကြောင့်ရန်ဖြစ်ကြရသည်၊အထင်မှားကြရပေသည်
    လူမုန်းများရပေသည်၊နစ်နာသွားကြရပေသည်ဟုထင်မြင်မိပါကြောင်းပြောပြလိုက်ပါရစေ..။

  • သံတွဲ သရဲလေး

    February 4, 2012 at 7:48 pm

    ဘာတွေမှန်းလဲ မသိတော ့ပါဘုူး

  • TTNU

    February 4, 2012 at 9:58 pm

    ကိုဖက်ရေ… လူတွေဟာ အသိဉာဏ်မြင့်လွန်းလို့လိမ်ကြတာလား။
    သဘာဝတရားကြီးကိုက လိမ်ချင်အောင်ဖန်တီးနေသလား။
    သဘာဝတရားကြီးက ဒီလို ဖန်တီးချင်လာအောင်လူတွေကိုက
    မြင့်လွန်းနေတာလား။ :mrgreen:

    ဦးဦးပါလေရာရေ…”တစ်ခုခုကောင်းသွားမှာပါ” ဆိုတဲ့ စကားလေးတစ်ခွန်း
    ကို ပြောသူ (လိမ်သူ) ကွာတာနဲ့ သက်ရောက်မှုကွာသွားပုံလေးတွေးတာကြိုက်တယ်။

    ဘကြီးရေ…ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာ ဆိုတဲ့အတိုင်း ညာသူနဲ့
    အညာခံသူနှစ်ဖက်အကြားမှာ ကြောင်းကျိုးညှိကြရင်တော့ လှသွားပါပြီ။ဒါပေမဲ့နော်
    ညာပြီဆိုမှတော့ မသိအောင်ညာမှ ဖြစ်မှာကိုး။

    အလင်းစက်ရေ…Comment လေးအတွက်ကျေးဇူးးပါနော်။
    မအေးကေရေ… အင်္ဂတ္ထိုရ်ပါဠိတော်ဝါစာသုတ် အတွက်ကျေးဇူးတင်ပါတယ်နော်။
    ဘာတွေမှန်းလဲ မသိတော ့ပါဘုူးဆိုတဲ့ သံတွဲသရဲလေးရေ…ဘာဘဲဖြစ်ဖြစ်။
    မသိပါဘူးလို့ ပြောလိုက်တာကိုက မောင်ရင် မလိမ်ညာပါဘူးလို့ ဖြူစင်စွာပြောတာပဲပေါ့ကွယ်။

  • padonmar

    February 4, 2012 at 10:11 pm

    တီချာကြီးရယ်
    ၁ဝ ချက်ထဲမှာ ဖုံးကွယ်ချင်လို့ဆိုတာက လွဲရင် ကျန်တာ ပြောဖူးတာချည်းပါပဲ။
    ကိုယ့်အပြစ်တော့ ဖုံးရင် ပိုလေးမှာစိုးလို့ မြန်မြန်ပဲ ဝန်ခံလိုက်ရမှ စိတ်ပေါ့သလိုရှိပါတယ်။

    အမျိုးတစ်ယောက်ကို အသည်းကင်ဆာကုမရတဲ့ အဆင့်၊နေရရင် ရက်ပိုင်းပဲဆိုတာသိရတော့ သူ့စိတ်အခြေအနေနဲ့ ပြောပြရင် ဆောက်တည်ရာမရဖြစ်မှာစိုးရိမ်လို့ အနာလေးပါ ကုရင်ပျောက်နိုင်ပါတယ်လို့ နောက်ဆုံးအချိန်ထိပြောခဲ့မိပါတယ်။
    ဒီကြားထဲမှာ နေ့စဉ်သွားပြီး တရားနှလုံးသွင်းဖို့ တိုက်တွန်းခဲ့ပေမယ့် (ဒါနအားသန်ပေမယ့် ဝိပဿနာ အခြေခံလည်း မရှိတဲ့သူပါ)သူ့သာ အဖြစ်မှန်သိခဲ့ရင် နောက်ဆုံးအချိန်အနေနဲ့ စိတ်ဒုံးဒုံးချ အားထုတ်ကြည့်သွားလေမလားလို့ နောင်တတွေရ ကုက္ကုစ္စတွေ ဖြစ်မိပါတယ်။

    အခုတော့ ပါချုပ်ဆရာတော်ရဲ့ အားပေးစကားတရားထဲကလို ကိုယ့်ရဲ့ နောက်ဆုံးအချိန်ဆိုရင်လည်း ကိုယ့်ကို အသိပေးကြဖို့ မှာရသလို သူများဆိုရင်လည်း မညာပဲပြောတော့မယ်လို့ စဉ်းစားမိပါတယ်။

    ဒါပေမယ့် လက်တွေ့ကျတော့ သူငယ်ချင်းဆရာဝန်မှာ သေလောက်တဲ့ ကင်ဆာဖြစ်ပြန်တော့လည်း နင်အချိန်မရှိတော့ဘူး၊တရားအားထုတ်တော့လို့ မပြောရက်ပြန်ပါဘူး၊ဘယ်လိုလုပ်ရမလဲ တီတီရေ။

    • TTNU

      February 4, 2012 at 10:58 pm

      padonmar ရေ…
      တီချာကို မောင်တွေညီမတွေက တစ်ခါတစ်ရံ သရိုးသရီရောဂါလေးများ
      ဖြစ်မလားလို့ ဆေးစစ်ကြည့်မယ်၊ Medical check-up လုပ်ထားမှစိတ်ချလက်ချ
      ကုစရာရှိရင်ကုရတာပေါ့ စသဖြင့် ပြောကြတယ်။
      တီချာကပြောထားတယ်။ ဆေးမစစ်ဘူး၊ ကြိုသိထားရင် တရားနဲ့ ထိန်းနိုင်ဖို့
      မလွယ်ဘူး။ မသိအောင် ငါ့ကိုညာထားရင်လည်း နင်တို့ပဲ စိတ်ဆင်းရဲကြမှာ။
      ဒီတော့ ငါလည်းကြိုမသိ၊နင်တို့လည်းညာစရာမလိုအောင် သေကောင်ပေါင်းလဲ
      မဖြစ်သေးသ၍ မစစ်ဘူးလို့ပြောတော့ တီချာကို သူတို့ လက်လျှော့ရတာပေါ့။
      ဆေးပညာအရကြည့်ရင်တော့ တစ်လတစ်ခါဆေးစစ်ထားသင့်တယ်ပေါ့ကွယ်။
      (တီချာတို့လို သက်ကြီးတွေအနေနဲ့လေ)။

      ဒါပေမဲ့ ပဒုမ္မာရေ… ဒီခန္ဓာကြီးက ကိုယ့်ကိုမညာဘူးလေ၊ ပျက်ချိန်တန်ရင် သူ
      အမှန်အတိုင်းပြောပြနေမှာပါကွယ်။

Leave a Reply