ဒီကောင့်အကြောင်း ပါးစပ်ထဲထည့် မပြောချင်ပေမဲ့ နောက်လာနောက်သားတွေအတွက် ဆင်ခြင်နိုင်အောင်လို့ ကျွန်တော် ပြောရအုံးမယ်။ ဒီကောင်ဆိုတာက ကျွန်တော့ရဲ့ အိမ်နီးချင်း မောင်မောင်။ ကျွန်တော်တို့ ရွာလေးမှာ ငရဲအရှာဆုံးလူကို ပြောရရင် ဒီကောင်ဟာ ဂရင်းနစ်စံချိန်တောင် ချိုးမဲ့ကောင်။

မိုးလင်းတာနဲ့ မောင်မောင် ဘာလုပ်လဲ မမေးနဲ့။ အရင်ဆုံး အရက်နဲ့ မျက်နှာသစ်တော့တာပဲ။ သောက်လည်း သူ့ဘာသာသူ အေးဆေးနေမယ်မှတ်လို့လား။ ဝေးသေး..မအေကို အရင်ဆုံး ဆဲဆိုကြိမ်းမောင်း နေတော့တာပဲ။ ပြောပုံကိုလည်း ကြည့်ပါအုံး။

“ခင်ဗျားကြီးက မနက်စောစောစီးစီး ဘုရားရှိခိုးတာ ကျယ်ကျယ်မဆိုစမ်းပါနဲ့

ကျွန်တော် အိပ်ယာကနေ လန့်..လန့် နိုးတယ်ဗျ”

အမေက…

“သားရယ်.. မိုးလင်း နေပြီပဲဟာ

ထပါတော့လား”

“ဟာဗျာ…ဒီအဘွားကြီးကလည်း တော်တော် လျှာရှည်နေပါလား

မနေ့က အရက်ရှိန် အကင်းမသေသေးလို့

ခေါင်းကိုက်နေရတဲ့ကြားထဲ ပါးစပ်ပိတ်ထားစမ်းဗျာ”

နောက်ဆက်တွဲ မောင်မောင် အော်ငေါက်သံကြောင့် သူ့အမေလည်း ဘာမှ ပြန်မပြောတော့ဘူး။ ဘုရားကို စိတ်ထဲကပဲ ရှိခိုးပစ်လိုက်တယ်။ အဲ့ဒါသာကြည့်တော့ သူ့အမေကို ခင်ဗျားကြီး၊ အဘွားကြီးတွေနဲ့ ပြောတာ။ တစ်ခါတစ်ခါ ပါးစပ်နဲ့တောင် မဟုတ်ဘူး။ လက်တွေကပါ ရိုင်းချင်လာတာ။

သူ့အမေကလည်း သည်းခံရှာပါတယ်။ အမေတစ်ခု သားတစ်ခုပဲ မဟုတ်လား။ ဖတဆိုးသားလေးမို့ ငယ်တည်းက အလိုလိုက်ထားသမျှ အခုတော့ အမိုက်စော်ကားနေရှာပေါ့။ ဒီသားကို အိမ်ထောင်ချပေးတော့လည်း ရက်အနည်းငယ်တော့ ခြေငြိမ်ပါတယ်။ နောက်ဆုံးတော့ မူလဗီဇတွေပြတော့ မယားနဲ့ မတည့်။ မယားကလည်း အိမ်ပေါ်ကနေ ပြေးတော့တာပါပဲ။ ဒါကိုပဲ သူ့မယားအိမ်ပေါ်က ဆင်းတာ “ခင်ဗျားကြီးကြောင့်” ဆိုပြီး အမေကို မူးလာတိုင်း ပတ်ပတ်ရမ်းနေတော့တာပဲ။

သူ့အမေကတော့ အမြဲခွင်လွှတ်ပါတယ်။ ဒါပေမဲ့ လောကကြီးကတော့ အမှိုက်တွေကို ကြာကြာရှင်သန်ခွင့် ဘယ်ပေးနိုင်မှာလဲ။ အဲဒီနေ့ကတော့ မောင်မောင်အတွက် ကံကြမ္မာငင်တဲ့နေ့ပေါ့။ နွေခေါင်ခေါင်ကြီး ညနေခင်းအချိန်မှာ မိုးက သည်းထန်စွာ ရွာနေပါတယ်။အဲ့ဒီအချိန်မှာ မောင်မောင်ဟာ သူ့မိုက်ဖော် မိုက်ဘက်နှစ်ယောက်နဲ့ ယမကာဝိုင်း ကျင်းပနေတာပေါ့။ သူ့အမေကိုတော့ အမြည်းတွေ လုပ်ခိုင်ထားတယ်လေ။ သူ့အမေက တုန်တုန်ချိချိနဲ့ အိမ်မှာ ရှိတဲဟာလေးတွေတော့ ကြော်လှော်ပေးပါတယ်။

သူ့အမေက တုန်တုန်ချိချိနဲ့ ကန်စွန်းရွက်ကြော်လေးကို သူ့တို့ ဝိုင်းရှိရာသို့ လာချပေးတယ်။ အဲ့ဒီမှာပဲ ပြဿနာ စတော့တာပါပဲ။ သူ့ကို အမြည်းကောင်းကောင်း မချပေးရလားဆိုပြီး…

“ဒီအဘွားကြီးကတော့ အမြည်းတောင်

ကောင်းကောင်း မလုပ်တတ်ဘူးလား

ဒီကန်းစွန်းရွက်တွေက ဘာလုပ်လို့ရမှာလဲ” ဆိုပြီး ပြောပြောဆိုဆို မောင်မောင်က ကန်စွန်းရွက်ခွက်ကို ကန်ပစ်လိုက်တယ်။

သူ့အမေကတော့ လေသံအေးအေးနဲ့…

“ညနေပိုင်းမို့ သားရယ်

ဟင်းစား ရှာလို့ မရဘူးလေ” ဟု အကျိုးအကြောင်း ပြန်ပြောလိုက်ပါတယ်။

ဒါကိုပဲ သူက ပြန်အတွန့် တက်ရမလားဆိုပြီး သူ့အမေကို ရိုက်လားနှက်လား လုပ်တော့တာပဲ။ ဖုန်း..ဒိုင်း အသံတွေနဲ့ သူ့သူငယ်ချင်းတွေ တားမှ အမေ့ကို ရိုက်သံနှက်သံတွေ ရပ်သွားတော့တယ်။ ဒါလည်းပြီးရော သူငယ်ချင်းတို့ကို “မင်းတို့အတွက် ငါ အမြည်းသွားရှာမယ်” ဆိုပြီး အပြင်ကို ပြေးထွက်သွားတယ်။

သူ့သူငယ်ချင်းတွေလည်း သူ့နဲ့အတူ ပြေးလိုက်သွားကြတယ်။ သူငယ်ချင်းနှစ်ယောက်နဲ့ အိမ်ကလှေကို အတူထမ်းပြီး ပင်လယ်ထဲမှာ ငါးဖမ်းထွက်ဖို့ ကွန်တွေလည်း ယူသွားတာပေါ့။ သူ့အမေကတော့ အရိုက်အနှက်ခံရတာတောင် မငြူစူဘဲ သူ့သားကို အဝေးကနေ

“သားရယ်.. မိုးတွေ ကြီးနေတယ်

မသွားပါနဲ့ ” လှမ်းအော်ပြောသေးတယ်။

အဲ့အသံကြားတော့ မောင်မောင်က ဒီအဘွားကြီး ဒီလောက်လုပ်ထားတာတောင် မမှတ်သေးဘူးလို့ စိတ်ထဲက ရေရွတ်ရင်း သူငယ်ချင်းတွေနဲ့အတူ ငါးဖမ်းထွက်ခဲ့တာပေါ့။ အကုသိုလ်များ နောက်ဘဝမကူးပါဘူးဆိုတာကို မောင်မောင်နဲ့ တွေ့မှ ကျွန်တော် သင်ခန်းစာရလိုက်တော့တာပဲ။

သူတို့ မိုးတအုံးအုံးကြားမှာ ငါးဖမ်းထွက်နေတုန်း လျှပ်စီးတစ်ချက် အလက်မှာ “ဝုန်း…” အသံကြီး လှေပေါ်ကို ခုန်ဆင်းလာပါတယ်။ အဲ့ဒီအသံက ဗုံသံနီးနီးကျယ်ပြီး လှေပေါ်မှာရှိတဲ့ မောင်မောင် ခေါင်းပေါ် တည့်တည့်သို့ တိုက်ရိုက်ထိမှန်သွားတယ်။ မောင်မောင်လည်း ဘာဖြစ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ မိုးကြိုးအထိမှာ သူ့အကုသိုလ်နဲ့အတူ မိုက်ဇာတ်သိမ်းတော့တာပါပဲ။

သူနဲ့ လှေပေါ်မှာ ပါလာတဲ့ မိုက်ဖော်မိုက်ဘက် ညီနောင်နှစ်ယောက်ကလည်း တစ်ယောက်က နားပင်းပြီး တစ်ယောက်ကလည်း မောင်မောင်နောက် လိုက်သွားရှာတယ်။ ကျန်ခဲ့တဲ့တစ်ယောက်က ရွာကလူတွေတွေ့ပြီး ကယ်နိုင်လို့ ပင်လယ်ထဲမှာ ရေနစ်မသေတာပါ။ လှေတစ်ခုလုံးလည်း မီးစွဲလောင်လို့ ပင်လယ်ပြင်မှာ မီးလောင်ဂယက်တွေ ထသွားတော့တာပဲ။

မနက်မိုးလင်းတော့ မောင်မောင့် အလောင်းဟာ ကမ်းစပ်မှာ လာတင်နေတယ်လေ။ မီးသွေးတစ်တုံး ညှော်နံတသင်းသင်းနဲ့ လူသေအလောင်ကြီးကို အဲဒီ့ရွာကလူတွေ အထူးအဆန်းမို့ တအုံးအုံးနဲ့ လာကြည့်ကြတယ်။ သူ့အမေလည်း သူ့သားကို မြင်ရော “အမယ်လေး.. အမေ့သားမိုက်ကြီးရဲ့..” လို့ပြောပြီး သတိလစ်သွားတော့တာပဲ။ ရွာကလူတွေကတော့ အိမ်က သားသမီးတွေကို ခေါ်ပြီး “အမေစော်ကားရင် အဲ့လိုမျိုး ကံကြီးထိုက်တတ်တယ်” ဆိုတာကို ပြနေကြတယ်လေ။

ကျွန်တော်လည်း အဲ့ဒီအကြောင်းကို တွေ့တဲ့သူတိုင်း သင်ခန်းစာရအောင် လက်ဆင့်ကမ်းပြောနေတော့တာပဲ။ အခုတောင် သူငယ်ချင်းတွေကို သိစေချင်လို့ ဤဘလော့ဂ်မှာ တင်လိုက်ရပါတယ်။

***အမေဆိုတာ အနန္တော အန္တနငါးပါးထဲမှာပါပြီး မစော်ကားထိုက်ကြောင်းနှင့် စော်ကားပါက ကံကြီးထိုက်တတ်ကြောင့် ဤဇာတ်လမ်းကို ပမာပြု၍ သင်ခန်းစာယူနိုင်ကြပါစေ။***

စေတနာဖြင့်…
စေပိုင်ထွဋ်(ပုသိမ်)

About စေပိုင်ထွဋ် (ပုသိမ်)

စေပိုင်ထွဋ် (ပုသိမ်) has written 62 post in this Website..