ပန်းများနှင့်အလွမ်း

aye.kkFebruary 4, 20121min13316

နွေ,မိုး,ဆောင်း၊သုံးရာသီ ကာလပတ်လုံး ဖူးပွင့်သည့် ပန်းမျိုးကွဲ အများအပြား
စုံလင်စွာကို အဖေက တယုတယ စိုက်ပျိုးထားပါတယ်။
ကျမတို့ရဲ ့ နေအိမ်ခြံဝန်း(အိမ်ရဲ ့အနောက်ဖက်)မှာတော့၊ ဆလပ်,ဇီဖဝါ (အထပ်တရာ),ခေါန်ရန်းမျိုးကွဲပေါင်းများစွာနဲ့ အတော်ကို စုံလင်လှပါတယ်။
စံပယ် အမျိုးမျိုးလည်းပါဝင်ပါတယ်။ ခြင်းလုံးပန်းခေါ်ဘော်လုံးပန်း,ပိန်းပန်းတို့အပြင်၊အိမ်(အနောက်ဖက်)ခြံစည်းရိုးတစ်လျှောက်မှာလဲ၊တိုက်ပန်း(အဖြူ), တိုက်ပန်း(ပန်း),ပုံနရိပ်(နီ),ပုံနရိပ်(ဝါ),တဇောင်းဆူးပန်းပင် ၊တို့ကိုအိမ်ခြံစည်းရိုးအဖြစ်ကာရံပြီး၊အဖေက။ အလှစိုက်ပျိုးထားပါတယ်။

ကဆုန်လ မိုးဦးရာသီ ရောက်ပြီဆိုတာနဲ့ မိုးဖွဲဖွဲလေးရွာလိုက်တာနဲ့၊အိမ်ခြံနောက်ဖေးမှာ မြေသင်းရနံ ့တွေနဲ့အတူ ပန်းရနံ့တွေ မွှေးကြိုင်လန်းဆန်းလို့လာပါတယ်။

အိမ်ခြံနောက်ဖက်ထဲ မဆင်းရမနေနိုင်တာက၊ကျမပဲဖြစ်ပါတယ်။မြေသင်းရနံ့နဲ့အတူ၊ မိုးဦးစကို ပထမဆုံး ကြိုဆိုပြီး စစခြင်းပွင့်တဲ့၊၊ ခြင်းလုံးပန်း နီတျာရဲရဲလေးတွေကို အမြဲနှစ်စဉ်တွေ ့မြင်ရလို့ဖြစ်ပါတယ်။
ခြင်းလုံးပန်းနီနီလေးကို လှမ်းတွေ ့တာနဲ့၊ ကျမက အိမ်နောက်ဖေး မီးဖိုဆောင်က၊ဓားပါးလေးယူပြီး ခြင်းလုံးပန်းနီနီကို၊ ခူးယူပြီး ဘုရားတင်ရတာ အရမ်းပျော်ပါတယ်။
နှစ်တိုင်းခူးခွင့်ရအောင်၊ အမြဲကြံဆောင်ကြိုးစားခဲ့လို့၊မောင်နှမတွေထဲမှာတော့ ကျမထက်ဦးအောင် မခူးယူနိုင်ခဲ့ကြပါဘူး။ ဒါကိုကျမက ကြိတ်ပြီး ဝမ်းသာတတ်တဲ့သူ ပါဘဲ။ အဲဒါမို့လည်း တစ်ခါတစ်ခါ မှာတော့၊ ညီမလေးတွေက ကျမကို တအားဆိုးတာပဲလို့ သတ်မှတ်ပြောဆိုကြပါတယ်။
မောင်နှမများထဲမှာ ကျမက အရင်ဦးအောင် ခူးယူပြီး ၊ ဘုရားမှာ ဦးဦးဖျားဖျား တင်နိုင်တာကို အင်မတန်ပဲ ဘဝင်မှာ နှစ်ခြိုက်ပြီး သဘောကြလှပါတယ်။

ဒါကို ကျမရဲ ့အစ်မက ရံဖန်ရံခါဆိုသလို၊ ကျမထံမှအနိုင်ပြန်ကျင့်တတ်တာ ခံရပါတယ် ။ အစ်မက ကျမကို နင်ကတအားဆိုးတာပဲ ။ နှစ်တိုင်းဘဲ ခြင်းလုံးပန်းနီနီပွင့်ရင် ငါ့ထက် အရင်ဆုံးဦးအောင်ခူးပြီးတော့ နင်ပဲအမြဲဦးအောင် ဘုရားတင်တယ် ။ ငါတို့က ဘယ်တော့မှ မတင်ရဘူးဟုပြောပြီး အနိုင်ကျင့်ပြီး ၊ကျမလက်ထဲကိုင်ထားသော ခြင်းလုံးပန်းနီနီအား ပြန်လည်တောင်းယူပါတယ် ။ ကျမမပေးရင် အစ်မက အတင်းလက်ထဲကနေ ပြန်လုယူတတ်ပါတယ် ။
အဖေက အိမ်ရဲ့ ခြံဝန်း(အနောက်ဖက်)က၊ မြေကြီးထဲမှာခြင်းလုံးပန်းနီနီရဲ ့မျိုးဥတွေချထားပါတယ် ။ မျိုးဥတစ်ဥက တစ်ကြိမ်သာပွင့်နိုင်ပြီး တစ်ပွင့်ထဲထွက်ပြီး မိုးထိတာနဲ့ပွင့်တတ်ကြောင်း အဖေ ပြောပြထားလို့ ကျမသိထားပါတယ် ။ မိုးစပြီးရွာလို့ မြေသင်းရနံ့ရရင် မြေကြီးထဲကနေ

ခြင်းလုံးပန်းနီနီက ရိုးတံရှည်ရှည်၊ စိမ်းစိမ်းလေးထိုးထွက်လာပြီး ပွင့်နေတာမြင်ရပါတယ်။ ပွင့်ဖတ်ဝတ်ဆံက က တုတ်တံချောင်းနီနီလေးများက ခြင်းလုံးသဖွယ် လုံးဝန်းစွာဖြစ်ပေါ်ပြီး ပွင့်ဖတ်ထိတ်ဆံက ဝါဝါဝတ်မှုံလေးတွေဖြစ်လို ့အလွန်ကြည့်ကောင်းပါတယ်။ လွန်စွာလှပပါတယ် ။
ခြင်းလုံးပန်းနီနီက မြေသင်းရနံ့ရလာတာနဲ ့အဖေပြောပြတဲ့အတိုင်းပါဘဲ ပွင့်လာပါတယ် ။ နောက်ထပ် ထပ်မံပွင့့်နိုင်ခြင်းမရှိတဲ့ ပန်းမျိုးဖြစ်လို ့ခြင်းလုံးပန်းနီနီကို၊မောင်နှမများက ဘုရားတင်ချင်ကြပါတယ်။
ကျမကတော့ ဦးစွာခူးပြီး ။ ခြင်းလုံးပန်းနီနီပွင့်လေးများအား၊ ဘုရားတင်လှူပူဇော်ပြီး ဘုရားစင်ရှေ့မှာ ထိုင်ပြီး တစိမ်စိမ့်ကြည့်ပြီး ကြည်နှူးဖူးမျှော်တတ်ပါတယ် ။

<မိုးကောင်းကောင်းလေး ရွာလာရင်တော့၊ခြံနောက်ဖေးက အုန်းပင်ဘေးတွေမှာ ကပ်ရက်စိုက်ထားတဲ့၊ ဆလပ်ပန်းပင်၊ဇီဇဝါပန်းပင်,အထပ်တစ်ရာပန်းပင်
စသည်ဖြင့်ပေါ့နော်၊ပန်းပင်တွေ များပြားလွန်းတဲ့ အတွက် တစ်ပင်ခြင်းစီ အဖူးလေးများအား လိုက်ပြီးရေတွက်တတ်တဲ့ ကျမက မောရမှန်းမသိပါဘူး။။
ပွင့်ပြီဆိုလျှင်တော့ ။ ခူးလို့က မကုန်နိုင်ပါဘူး။ အိမ်ကဘုရားမှာ ဝေနေအောင်တင်ရပါတယ် ။ ဘေးအိမ်တွေလည်း ဝေပေးနိုင်ခဲ့ပါတယ် ။ တစ်ခါတစ်ခါလာတောင်းဝယ်တတ်သူရှိလို့ ရောင်းပေးတတ်ပါတယ် ။ ပွင့်ပြီဆိုလျှင်တော့ တစ်ခြံလုံးမွှေးပျံ ့သင်းထုံ
လို့နေပါတယ် ။ ဆလပ်ပန်းလေးများပွင့်ရင်တော့ ကျမတို့အတွက် ဆော့ကစားစရာပန်းလေးများ ဖြစ်ရပါတယ်။ စံပယ်က အပင်နိမ့်မျိုးဆိုတော့၊ အုန်းပင်ကြီးတွေ လောင်းရိပ်ကျတာ မလွတ်လို့ အပွင့်ကတော့ ထွက်အားနည်းပါတယ်။ အပွင့်ထွက်တာနည်းလို့ အားမရမိတာက ကျမပါဘဲ။

စံပါယ်ပန်းတွေပွင့်ရင်တော့ မောင်နှမတွေ ခူးဆွတ်ကြပြီး ဘုရားမှာ ။ ပန်းကန်လုံးများနှင့် ထည့်ကာ ကပ်ကြပါတယ်။
အိမ်နောက်ဖေး ဂိုဒေါင်နားမှာ စိုက်ထားတဲ့ အုန်းပင်ရဲ ့လူတစ်ရပ်လောက်အမြင့်မှာတော့ အုန်းခွံဖတ်ကပ်ပြီး သွတ်ကြိုးချည်ကာ
စိုက်ထားတဲ့ ဖယောင်းသစ်ခွ ။ ကြက်တူရွေးသစ်ခွ၊ ခိုင်ရွှေဝါသစ်ခ ွများကလည်း မိုးရာသီမှာပွင့်ကြပါတယ်။
အိမ်ရှေ့ပန်းခြံထဲမှာ စိုက်ထားတဲ့ ပုလဲပန်းပင်ကတော့ အပင်ကြီးမျိုးဖြစ်ပြီး မိုးကုန်ကာနီးမှ ပွင့်ပါတယ် ။

ပုလဲပန်းပင်က (အူတိုင်ခေါင်းပွ)မျိုးမို ့။နွေရာသီရောက်လာလျှင်တော့ ။ ရွက်ခြောက်တို့အကုန်ကြွေပြီး ။
အပင်မှာခွန်အားယုတ်သွားပါတယ် ။ မိုးကောင်းကောင်းနိုင်မှသာ အားပြန်ယူပြီး အပင်အရွက်အသစ်တို ့ထွက်နိုင်ပြီး အဖူးဖူးပါတယ် ။ အပင်ခွန်အားပြန်ပြည့်မှဘဲ အပွင့်ပွင့်ရသဖြင့် အပွင့်ပွင့်တာနောက်ကျပါတယ် ။
ပုလဲလုံးဖြူဖြူ လေးတွေလို ပွင့်တာမို ့အပွင့်နဲ ့အဖူးခွဲမရ ။ အတူတူဟု ပြောရမလို ဖြစ်ပါတယ်။ တစ်ခိုင်တည်းမှာ အပွင့်ရိုးတံ
အချောင်းများ၏ ထိတ်ဖျားအလိုက် ပုလဲလုံးလေးများဖြန့်ကာ ။ စီထားသကဲ့သို့ ပွင့်ခြင်းဖြစ်၍ လွန်စွာကြည့်ကောင်းပါတယ် ။ အပွင့်မှာ အလုံးလုံးလေးများ ဖြစ်ပြီး ဖြူဖွေးဆွတ်ပြီး ပုလဲလုံးလေးတွေနဲ့တူပါတယ် ။
အပင်ကြီးမျိုးဖြစ်ပြီး တံချူနှင့်ဆွတ်ခူးယူရပါတယ် ။ မိုးကုန်ခါနီးမှပွင့်လို ့စောင့်မျှော်ရသူအဖို့တော့ မောရပါတယ် ။

ကျမက ထိုပုလဲပန်းပင်အား အိမ်တိုင်း စိုက်ပျိုးထားနိုင်မှု မရှိ ။ ရှားပါးသဖြင့် တွေ ့ရခဲ၍ နှစ်သက်မိပါသည် ။ အဖေကတော့ ကျမတို့အပေါ်၊အပင်ရဲ ့ အကိုင်းတွေ ကျိုးကျမှာကို စိတ်ပူပြီး စိုးရိမ်စိတ်နှင့် ခုတ်ပစ်ခဲ့ပါတယ် ။ ကျမမှာနှမြောပြီး ငိုရပါတယ်။ ထိုပုလဲပန်းပင်အား စိတ်ထဲမှာ အမြဲလိုလို စွဲလန်းတဲ့စိတ်နဲ ့ လွမ်းရပါတယ် ။
ခေါန်ရန်းတွေက မျိုးကွဲများပြားလှလို့ ပွင့်ရင်အရမ်းလှပါတယ် ။ ရေလောင်းပေးရင်တော့ သုံးရာသီလုံး အမြဲလိုလိုပွင့်ပါတယ် ။

ခေါန်ရန်းပန်း(သုံးပန်လှ)က၊ ကျမရဲ ့စိတ်ကို ဖမ်းစားနိုင်စေခဲ့တဲ့၊ ကျမအတွက်က ထူးဆန်းနေတဲ့ ပန်းပဲဖြစ်ပါတယ် ။ နေတက်တဲ့အချိန် မနက်ခင်း (၉း၃၀)အချိန် လောက်ရောက်ရင် အရောင်(၃)မျိုးပြောင်းပါတယ် ။ ကြည့်နေရင်းနဲ့ ဖြေးဖြေးခြင်း၊ပြောင်းလဲသွားတာပါ။ ငယ်ငယ်တုံးကတော ့အထူးအဆန်းသဖွယ် သဖွယ်အဖြင့် စိတ်ဝင်စားမိပါတယ်။ အဖေကသူရုံးပိတ်သော နေ့ရက်များဆို ကျမတို့မောင်နှမတွေကို ခေါ်ပြပြီး ရှင်းပြတတ်ပါတယ် ။ သဘာဝတရား၏ ။ ဆန်းကျယ်မှုတွေ၊ ကျမတို့အား အားသိစေချင်ခဲ့ပါတယ် ။ နေမြင့်တက်လာတဲ့အချိန်မှာတော့ ခေါင်ရန်းပန်း(သုံးပန်လှ)က ငုံရာကနေ ပွင့်အာလာပြီး ။ အဖြူ မှ,အဝါ
၊အဝါမှ,ပန်းဆီရောင်ကို ကူးပြောင်းသွားပါတယ် ။ တစ်ဆက်စပ်တည်း(တစ်ချိန်တည်း)မှာပဲ မြင်တွေ ့ရပါတယ် ။

ခေါန်ရန်း(ခရမ်း)ပန်း အပင်က၊မြေနေရာ အလွန်ရွေးပြီး ဓတ်မြေဩဇာကို အလွန်နှစ်သက်ပါတယ် ။ ရှားပါးပြီး ။
တစ်ပင်ဘဲ ရှိပါတယ် ။ ပွင့်လျှင်တော့ မောင်နှမတွေ အလှည့်ကျနှင့် မလုရအောင် အမေကစီစဉ်ပေးပါတယ် ။
ခေါင်ရန်း(ခရမ်း)ပန်းက ကျမတို့မြို့မှာ အလွန်ရှားလှပါတယ် ။ ကျမတို့အိမ်ကလွှဲရင် မရှိပါဘူး(အရင်ကပေါ့နော်) အခုတော့ ကျမ မသိပါ ။ ကျမတို ့မောင်နှမတွေအားလုံး ကျမတို့တက်ရောက်ခဲ့တဲ့ အထက(၁) ကျောင်းက အတန်းပိုင်ဆရာမများက သိပြီး တောင်းကြပါတယ် ။ ကျမတို့မောင်နှမတွေက ယူသွားပေးကြရပါတယ်။ ဆရာမများက ထိုခေါင်ရမ်း(ခရမ်းရောင်)ပန်းအား အလွန် နှစ်သက် သဘောကျကြပါတယ်။
သူငယ်ချင်းများကလည်း တောင်းကြပါတယ်။ အဖေက ပန်းတွေ စိုက်ထားလို့သာ ကျမတို့မောင်နှမတွေ ကျောင်းမှာ၊အတန်းထဲမှာ မျက်နှာပန်းလှကြရပါတယ် ။

နောက်တစ်မျိုးကတော့ အင်္ဂလိပ်မရမ်းပန်းပင် ဖြစ်ပါတယ်။ အဖေက နိုင်ငံခြားတိုင်းပြည်မှ အပင်ပေါက်ကလေးအား
မှာယူရကာ ဂရုတစိုက် ကြီးထွားလာသည်အထိ ယုယကာစိုက်ပျိုးထားရပါသည်။ အခုချိန်ထိတော့ ဘယ်မှာမှမြင်ဘူးခြင်းတော့ မရှိသေးပါ ။ အခြားတစ်နေရာရာမှာ ရှိနေလျှင်တော့ မပြောတတ်ပါ ။အပင်မကြီးခင်ခိုးယူခံရမည်စိုးကာ တစ်ရေးနိုးလျှင်တောင် ထပြီးကြည့်မိတတ်သည်ဟုအဖေ ကပြောပြပါသည်။ ကျမတို့ အရွယ်ရောက်ချိန်မှာတော့ အပွင့်ကစားပြီး ပွင့်စပြုပါတယ် ။ ထိုအင်္ဂလိပ် မရမ်းပန်းကလေးများ အတွဲလိုက်ပွင့်လျှင်တော့ ကျမတို့အိမ်ရှေ့ ကို ဖြတ်သွားသူတိုင်းက ငေးမောကာ ကြည့်သွား တတ်ကြပါတယ် ။ မျိုးတောင်းသော်လည်း အစေ့ကစိုက်၍မရပါ ။ အပင်မဖြစ်ထွန်းပါ ။ အဖေကတော့ ကိုင်းကူးမျိုးဆက်ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆတာ ပြောပြပါသည်။ စိုက်၍မရတာက သေချာပါသည်။ မိုးနှင့်ဆောင်းမှာသာ ပွင့်ပါတယ်။ အပွင့်က အသီးပုံစံပါ ။ အပင်ကဆူးပါပြီး အသီးကကြက်ဥအလုံးဏ္ဌန်ပုံစံမျိုး အငယ်စားအရွယ်လေးများပဲဖြစ်ပါသည်။ အရောင်မှာအဖြူနှင့်ပန်းရောင်စပ်(အရောင်နှစ်မျိုး)ပါ။ အဖေက ထိုအင်္ဂလိပ်မရမ်းပန်း အတွဲလိုက်ပွင့်နေတာကလေးအား အလွန်လှသဖြင့် အပင်မှာပဲ အလှထားခိုင်းပါသည်။

လုံးဝပေးမခူးပါဘူး ။ ထိတ်ပိုင်းကဖြူပြီး အလယ်ကနေ အောက်နားအထိက ပန်းနုရောင်အဖျော့စားလေးဖြစ်ပါသည်။
ချဉ်ပြုံးပြုံးအရသာရှိပါသည်။ သူများလာတောင်းလျှင်တော့ အပင်မှာဘဲ အလှထားထားသည်ဟု ငြင်းပယ်ကာ ပြောပြရပါသည်။ ကျမတို့မောင်နှမများကတော့ အဖေ့အလစ်မှာ ခူးကာငါးပိရေနှင့်တို့စားကြပါသည်။ ဆရာမများတောင်းယူလျှင်တော့ အဖေ့အား ခွင့်ပြုပေးရန် မနည်းပင်ပြောပြကြရပါတယ်။ အဖေက ထိုအင်္ဂလိပ်မရန်းပန်းပင်လေးအား ကျောင်းမှာယူသွားပြီး ၊ မကြွားရန် အမြဲ ဆူပူတတ်ပါတယ်။ အဖေက မျက်နှာသိဖြစ်၍ သိသူများလှပါသည်။ ကျမတို ့အိမ်မှာ ပန်းမျိုးကစုံအောင် စိုက်ထားသဖြင့် မြို ့လူခံများ အားလုံးက စိတ်ဝင်စားကြပါသည် ။

ကျမတို့အိမ်(အရှေ့)ပန်းခြံထဲမှာတော့၊ နှင်းဆီ(တစ်ခိုင်လုံးနှင်းဆီ),နှင်းဆီ(အဝါ),နှင်းဆီအနီ(ရေမွှေးနှင်းဆီ),တိမ်ပြာ,ဒေလီယာ,ဒေစီ,
ဂန္ဓမာ(ရောင်စုံ), ခြောက်လပန်း,ဒန်းပန်းလေးများ(အရောင်စုံ),လေးနာရီ(မြဉ္ဇူသော်က),စွယ်တော်(အဖြူ),ဒီဇင်ဘာပန်း(နှင်းပန်း),
ဂေါ်သဇင်တို့ စိုက်ပျိုးထားပါသတယ်။ကျမငယ်ငယ်၊ကျောင်းကပြန်လာရင်
ရေမိုးချိုးပြီးပြီဆိုလျှင်တော့၊အိမ်ရှေ့ပန်းခြံထဲမှာ၊ ပုစဉ်းထိုးလေးတွေ ဖမ်းပြီးကစားရတာကို ပျော်ရွှင်ကြည်နှူးပါတယ်။
လေးနာရီထိုးချိန်လောက် နာရီသတိထားပြီး ကြည့်တတ်ပါတယ် ။ လေးနာရီပန်းက လေးနာရီအချိန်ရောက်မှ ပွင့်လို့ပါ။ လေးနာရီပန်း စောင့်စားကြည့်ရတာလည်း ကျမအတွက် ပုံမှန်ဖြစ်နေပါတယ် ။
လေးနာရီထိုးသည့် အချိန်ရောက်လျှင် လေးနာရီပန်း ကလေးများအား သတိယ လွမ်းမိတတ်တာ ကျမပါ။

ပန်းခြံထဲ ပန်းတွေပွင့်သည့် အချိန် ။ ပိတုန်းနှင့် လိပ်ပြာလေးတွေ အလာများပါတယ် ။ ပိတုန်းကတော့ ကိုက်တတ်လို့ ၊ ကျမ
ကြောက်ပါတယ် ။ ဝေးဝေးက ရှောင်ပါတယ် ။ အဖေသိရင် ။ ပန်းခြံထဲမဆင်းရမှာ ။ ပုစဉ်းထိုးမဖမ်းရမှာ ကျမစိုးရိမ်မိတတ်ပါတယ် ။ ကျမ ထိုပုစဉ်းထိုးလေးများ ဖမ်းတတ်ခြင်းကို ဘကြီးကသိပြီး ခေါ်ယူပြောဆိုဆုံးမဘူးပါတယ် ။ သူငယ်ငယ်က ပုစဉ်းထိုးမြင်လျှင် ပုစဉ်းဖင်ကလေးများအား အမြဲညှစ်တတ် ဆိတ်မိတတ်ကြောင်း ၊။ ကြီးလာ၍အိမ်ထောင်ပြုတော့ ။ မိန်းမနှင့်တစ်လမှသာ တစ်ခါအတူနေဖြစ်ကြောင်း ။ ဝဋ်လိုက်တတ်ကြောင်း ပြောဆိုရှင်းပြပါတယ် ။ ပုစဉ်းထိုးတွေ ဖမ်းယူ မကစားဘို့အတွက်ပါ။
ကျမ အသက်ရလာတော့ မိတ်ဆွေဘကြီး ပြောပြထားတာတွေ စဉ်းစားဆင်ခြင်တတ်လာခဲ့ပါတယ်။

ကျမဘဝ ပန်းများနှင့် ကြီးပျင်းလာသည်ဖြစ်၍ ပန်းများနှင့်အလွမ်းများ ခံစားရမှုအပေါ်ရေးသားမိခြင်းဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။။

16 comments

  • aye.kk

    February 4, 2012 at 3:22 pm

    သတ်ပုံမှားသွားသည်ထင်မြင်ချက်ဟုပြင်ဖတ်ပေးပါရန်..
    နားလည်ခွင့်လွတ်ပေးပါရန်တောင်းခံအပ်ပါသည်။

  • စိန်ပေါက်ပေါက်

    February 4, 2012 at 3:52 pm

    အန်တီအေးစာဖတ်မိတိုင်း ငယ်ဘဝ ပြန်ပြန်သတိရမိတယ်ဗျား..
    နှစ်သက်မိပါတယ်..
    စကားမစပ်..
    ခေါင်ရန်းပန်းကို တစ်ချို ့တွေ မပန်ကြဘူးနော်..
    ဘယ်လိုကွာသေးလဲ မသိဘူး..ပန်လို ့ရတာနဲ ့မရတာ ကွာသေးလားခင်ဗျ..
    နားမလည်လို ့ပါ

  • aye.kk

    February 4, 2012 at 4:25 pm

    စိန်ပေါက်ပေါက်..
    ခေါင်ရန်းပန်းကလူသေလျှင်ပန်းသည့်ပန်းဟု..
    အန်တီကြားဘူးပါသည်၊ဟုတ်မဟုတ်တော့အန်တီမသိပါ..
    ခေါင်ရန်း(ခရမ်း)၊ကအန်တီတို့ဒေသမှာမတွေ ့ရပါ၊အပွင့်ကနှင်းဆီပန်းမျှလောက်သာရှိပြီး..
    ရိုးရိုးခေါင်ရန်းများနှင့်လုံးဝမတူပါ၊ပွင့်ဖတ်နည်းပါသည်။အန်တီတို့ခေတ်ကတော့၊အဲဒီပန်းကိုဆရာမများက
    အလွန်နှစ်သက်တာအမှန်ပါ၊အန်တီတို့မောင်နှမတွေအားလုံးက..
    အတန်းပိုင်ဆရာမတွေကိုပေးကြရတာတူနေလို့ပါ။အဖေတို့လူမျိုးတွေအတွက်တော်ဝင်ပန်းလို့သိရပါတယ်။
    ဒေသကာလံအလိုက်ကွဲပြားကြပါတယ်၊ကြိုက်နှစ်သက်တာခြင်းမတူကြပါ…။

  • thit min

    February 4, 2012 at 5:17 pm

    ခေါင်ရမ်းပန်းက ဟိုးရှေးရှေးတုန်းက (ဘယ်လောက်ကြာမှန်းမသိတဲ့ကာလကိုယခုလိုပြောပါ)
    လူသေရင် လူသေအလောင်းကောင်ကိုရေချိုး သနပ်ခါးလိမ်းပြီး ခေါင်ရမ်းပန်းပန်၊ပါးစပ်ထဲ ကူးတို့ခ
    ထဲ့ပေး။ “ဖုတ်သွင်း”လိုက်ရင်လူသေက သူ့ဟာသူ သင်းချိုင်းကို သွားတာတဲ့၊။သင်းချိုင်းရောက်ရင်
    ဖုတ်ကထွက်သွားပြီး တုံးကနဲ၊လဲတယ်။ ကိတ်စပြီးပြီပေါ့နော်။

    လိုက်ပို့စရာလဲမလိုလို့ တိုင်း(မ) ဆေ့ဗင်း တော့ အတော်ဖြစ်တာ။ အမယ် လမ်းကို လူကြုံပေးလို့ရသေး
    တယ်။ ရွာထိပ်က ပေါက်ဖော်ကြီး ကုန်စုံဆိုင်မှာ ဒီအကြွေးလေးဝင်ပေးလိုက်ပါ။ စာလဲ လူကြုံယူသွား
    ပေးပါ။ အမယ် အလုပ်ဖြစ်မှာ။

    ဒါပေမဲ့ “မသာကောင်တွေ” များပြီး “ထရတ်ဖစ်ဂျန့်” ဖြစ်မှာလဲစိုးရတယ်။
    မသာပီကယ် လဲ လိုမယ်၊
    ရွှီ—-ညာဘက်ကမသာရပ်ပါ။ ရွှီ —ဘယ်ဘက်ကမသာသွားပါ။
    အဝိုင်းပါတ်မသာ အား ဦးစားပေးပါ။
    အနှေးမသာ (လူကြီးမသာ) မဝင်ရနယ်မြေ။
    မသာများ ညအိပ်ရပ်နားပါက ပြင်းထန်စွာအရေးယူမည်။
    မသာလိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ။
    ဘာညာနဲ့ မသာရေးရာဝန်ကြီးဌာန တွေဘာတွေသီးသန့် ရှိခဲ့သလားဘဲ။
    (မှတ်ချက်။ ရှေးခေတ် အကြောင်းသာဖြစ်ပါသည်၊ ယနေ့ခေတ်နှင့်မဆိုင်ပါ)

    သီဟတင်စိုး
    (အဲလေ)
    မောင်သစ်မင်း(^^)

  • aye.kk

    February 4, 2012 at 5:29 pm

    ကိုသစ်မင်း…
    ဘယ်ပန်းမဆိုတန်ဘိုးထားတတ်ရင်ဖြင့်..
    အဖိုးတန်လို့လူသေရင်၊ပန်းခွေတော့အဖြစ်ခံရတာချည်းပါ..
    ငါသူမရှိတဲ့ရုပ်နံနှစ်ဖြာရှုလို့၊ဘုရားကိုအာရုံပြုပြီးကပ်လှူကာပူဇော်မိပါတယ်။
    အားလုံးကတရားသဘောတွေချည်းပါပဲ..။

  • စိန်ပေါက်ပေါက်

    February 4, 2012 at 5:29 pm

    ရှေးခေတ်က မသာတွေက ခုခေတ် မသာတွေထက် ငွေကုန်ကြေးကျ သက်သာပြီး အင်မတန် ခေတ်မီကြတပဲဗျာ
    😆

  • Moe Z

    February 5, 2012 at 11:34 am

    အန်တီအေးရေ စာဖတ်ရင်း ပန်းနံ့လေးတွေတောင်ရလာသလိုပါပဲ
    စံပယ်ပန်းကို အရမ်းကြိုက်တယ်၊ စာထဲမှာ (၃) မျိုးတွေ့တယ်နော်
    နောက်ထပ်ရှိဦးမလားမသိဘူး၊

  • aye.kk

    May 10, 2015 at 2:40 pm

    Moe Z ရေ
    စံပါယ်က မျိုးကွဲ အများကြီးပါ ။
    အခြားတွေလည်းရှိမယ်ထင်ပါတယ်။
    အန်တီတော့ မသိပါ။

  • Alinsett @ Maung Thura

    May 10, 2015 at 3:12 pm

    သဘာဝတရားက ရေတံခွန်ကြီးတွေ… ပန်းကလေးတွေ… ငါးလှလျကလေးတွေ…တေးဆိုတဲ့ ငှက်ကလေးတွေ…
    စသည်ဖြင့်… ဖန်တီးပေးထားတယ်…
    လူတွေက… စစ်ပွဲတွေ… အာဏာနဲ့ လကနက်တွေအားကိုးပြီး… သဘာဝအလှတရားတွေကို မျက်ကွယ်ပြုသည်ထက် ပြုလာကြတယ်..

  • မြစပဲရိုး

    May 10, 2015 at 5:00 pm

    အစ်မအေး
    ဒါမျိုးလေးတွေ ရေးပါဦး။
    တကဲ့ကို ဖတ်လို့ ကောင်း တဲ့အပြင် ဗဟုသုတလဲအများကြီး တိုးပါတယ်။
    ပန်းတွေ နဲ့ ဝေဆာနေတဲ့ နေရာလေးတစ်ခု ကို မြင်လာရပါတယ်။

    ကိုသစ် မှတ်ချက် ဖတ်ပြီး ရီ လိုက်ရတာ။
    တစ်ခါတစ်လေလေး များ ပြန်လာကြပါဦး စိန်ပေါက်၊ ကိုသစ် နဲ့ မိုးဇက် တို့ရေ။

  • aye.kk

    May 10, 2015 at 9:28 pm

    Alinsett @ Maung Thura
    မှန်ပါတယ်။မေတ္တာတွေ မှေးမှိန်ကုန်ပြီနော်။။

    မလတ်ရေ
    ကျေးဇူးပါ။
    အခွင့်သာတဲ့အခါ ရေးလိုက်ပါ့မယ်။။

  • uncle gyi

    May 10, 2015 at 10:09 pm

    ပုဇဉ်းဖမ်းတယ်ဆိုလို့
    ကျွန်တော်တို့အထက်တန်းကျောင်းတုန်းကဘောလုံးကွင်းကြီးထဲမိုးရာသီဆို
    ပုဇဉ်းတွေတအားပေါ
    ပုဇဉ်းအကြီးအသေးအရွယ်စုံ
    အဲဒီမှာပုဇဉ်းအကြီးတွေကိုအနောက်ကနေအသာလေးသွားဖမ်း
    နောက်မြက်ရိုင်းကြီးတွေကိုပုဇဉ်းအမြှီးမှာချည်ပေးပြီးပြန်လွှတ်
    သိပ်ပျော်ခဲ့တာကိုသတိရသား
    ကြီးလာတော့မလုပ်ဖြစ်တော့ပါဖူး

  • ခင်ဇော်

    May 11, 2015 at 11:43 am

    ကြည်နူးစရာ ပတ်ဝန်းကျင် နဲ့ အတွေ့အကြုံပါပဲ တီအေးရေ

    :chit:

  • အောင် မိုးသူ

    May 11, 2015 at 11:52 am

    သစ်ပင်ပန်းပင်တွေနဲ့ပတ်သက်ရင် ကျတော့်မှာလည်း အတွေ့အကြုံတွေ့ရှိတယ်။ နောက်ကျမှ စာရေးဦးမယ်။ အပင်တွေကိုတော့ ချစ်တယ်။

  • aye.kk

    May 11, 2015 at 12:15 pm

    Uncle gyi
    ခလေးဘဝဆိုတာ
    စိတ်နှစ်သက်ရာတွေ့ရင် ဆော့ကစားချင်တယ်,ပျော်စရာပါ။
    အရွယ်ရလာတော့လည်း စဉ်းစားဆင်ခြင်ပြီး၊မလုပ်ဖြစ်ဘူး။

    ခင်ဇော်ရေ
    ကျေးဇူးပါ။တီအေး။

  • Ma Ei

    May 11, 2015 at 4:30 pm

    ခြင်းလုံးပန်းနီနီတွေကို ကျမတို့က ဘောလုံးပန်းလို့ခေါ်တယ်…
    ဘောလုံးနီနီနဲ့ တူတယ်လေ…ပန်းဖူးလေးတွေမြေကြီးထဲက တိုးထွက်လာပီဆို
    ကျမတို့ ညီအမတွေ သူ့အပင် ငါ့အပင်ခွဲမှတ်ကြတာ ..
    ငယ်ဘဝ ပန်းကလေးတွေ အမအေးနဲ့အတူ လွမ်းမိပါတယ်…

Leave a Reply