မိုးစတင်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်ပြန်လည်မြင့်တက်

klnJune 3, 20101min520

စံချိန်တင်ရေခန်းခြောက်မှုနှင့် ကြုံတွေ့နေရသော အင်းလေးကန်တွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက မိုးစတင်ရွာသွန်းခဲ့ပြီး ရေပြင်အနည်းငယ်မြင့်တက်လာခဲ့ကြောင်း အင်းလေးဒေသခံများက တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။ “ မေလ ၂၂ရက်က အင်းလေးမှာ မိုးစရွာတယ်။ အပူတော့ တော်တော်သက်သာသွားတယ်။ ရေကတော့ သိသိသာသာကြီး တက်မလာသေးပေမယ့် တစ်လက်မလောက်တော့တက်တယ် ” ဟု အင်းလေးကန် အရှေ့ဘက်ခြမ်းရှိ ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက အင်းလေးတွင် မိုးရွာသွန်းမှု အခြေအနေကို ပြောသည်။ အင်းလေးကန် တောင်ဘက်ခြမ်းအင်းပေါခုံရွာတွင် နေထိုင်သူတစ်ဦးကမူ “ မိုးကတော့ ရွာပြီ။ ဒါပေမယ့် နည်းသေးတယ်။ မေ ၂၄ရက်ကတော့ တော်တော်လေးသည်းတယ်။ ဒီလိုဆက်ရွာမယ်ဆိုရင်တော့ ရေပြန်တက်ကောင်းပါရဲ့ ” ဟု ပြောကြားသည်။ ယခုနှစ်တွင် အင်းလေးကန်၌ မိုးရွာသွန်းမှုမှာ ပုံမှန်နှစ်များထက်နောက်ကျခဲ့ပြီး မေလတတိယပတ်အတွင်းမှ စတင်ရွာသွန်းခြင်းဖြစ်သည်။ “အင်းထဲမှာ ပုံမှန်ဆိုရင် သင်္ကြန်လောက်ဆို မိုးစကျပြီ။ ဒီနှစ်က တော်တော်နောက်ကျတယ်။ ရေကလည်းတော်တော်ခန်းတယ် ” ဟု အင်းလေးဒေသခံတစ်ဦးကလည်းပြောသည်။ အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာသည်နှင့်အတူ မေလ ၂၂ရက်တွင် အင်းလေးကန်နှင့် အနီးတစ်ဝိုက်မြို့များနှင့် တောင်ကြီးမြို့များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ မိုးရွာသွန်းသဖြင့် သောက်ရေ၊ သုံးရေ အခက်အခဲ အနည်းငယ်ပြေလည်သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ကြောင်း သိရသည်။