ADSL အင်တာနက်လိုင်းများ ပြတ်တောက်နေ

klnJune 3, 20101min631

ရတနာပုံတယ်လီပို့မှ ဝန်ဆောင်မှုပေးလျက်ရှိသည့် ADSL အင်တာနက်လိုင်းများ မေလ ၂၆ရက်မှစတင်ပြတ်တောက်မှုကြောင့် အင်တာနက်ဆိုင်များနှင့် သုံးစွဲသူများ အခက်ကြုံလျက်ရှိကြောင်း သိရှိရသည်။ “ပြီးခဲ့တဲ့ ၃ရက်လောက်ထဲက ရတနာပုံကမရတော့ဘူး။ ခုလောလောဆယ် MPT လိုင်းနဲ့သုံးနေရတယ်” ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းပြတ်တောက်မှုနှင့်ပတ်သက်၍ ရတာနာပုံတယ်လီပို့မှ ယခင်ကဲ့သို့ သုံးစွဲသူများထံအကြောင်းကြားခြင်းမရှိသေးဘဲ အင်တာနက်ဆိုင်များကမူ မခန့်မှန်းနိုင်သေးကြောင်း သိရသည်။ အင်တာနက်ဆိုင်များမှာ YDP အပြင် MPT အင်တာနက်လိုင်းကိုပါ ပူးတွဲရယူထားကြသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများတွင်မူ ရတာနာပုံလိုင်းကိုသာ အားထားအသုံးပြုသည့်အတွက် ယခုကဲ့သို့ ပြတ်တောက်မှုကြုံပါက လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ရကြောင်း သိရသည်။ ရတာနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ ဝန်ဆောင်မှုပေးနေသည့် ADSL အင်တာနက်လိုင်းများ ယခုကဲ့သို့ ပြတ်တောက်သွားရခြင်းမှာ အရှေ့တောင်အာရှနှင့် ဥရောပတိုက်ဆက်သွယ်ထားသော ရေအောက်ကေဘယ်ကြိုး SEME-WE 3 ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။ အရှေ့တောင်အာရှအလယ်ပိုင်းနှင့် အနောက်ဥရောပတိုက်ကို ဆက်သွယ်ထားသော အဆိုပါ SEME-WE 3ကေဘယ်လ်ကြိုးသည် မြန်မာရေပိုင်နက်ဖြစ်သော ဖျာပုံမြို့နှင့် ၁၅မိုင်ဝန်းကျင်ဝေးသောနေရာတွင် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ သို့ဖြစ်၍ လတ်တလော ဆက်သွယ်မှုပြတ်တောက်နေသော ADSL အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလက်အောက်တွင်ရှိသော ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၈မိုင်ရှိ ဆက်သွယ်ရေးအိတ်ချိန်းရုံးရှိ ပြည်ပဆက်သွယ်ရေးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

One comment

  • thihayarzar

    June 3, 2010 at 10:04 am

    ဟုတ်တယ်ဗျို့ ကျွန်တော်တို့မြို့မှာလည်း တစ်ရက်လောက်ပျက်သွားသေးတယ် ဘယ်လိုမှမရဘူး အခုနောက်ပိုင်းလည်း လိုင်းအားကျနေတယ် .. သူများနိုင်ငံနဲ့ယှဉ်ရင်ရင်နာဖို့တောင်ကောင်းတယ် …

Leave a Reply