အန္တရာယ်ရှိ အဆောက်အအုံ ၂၅လုံးအနက် အဆောက်အအုံအချို့ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမည်

klnJune 3, 20101min350

ပြိုကျနိုင်သည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၅လုံးအနက်မှ အဆောက်အအုံအချို့ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမည်ဖြစ်ကြောင်း အဆိုပါအဆောက်အအုံအချို့ကို ဆောက်လုပ်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီအချို့မှ သိရှိရသည်။ ရန်ကုန်တိုင်းရှိ အဆောက်အအုံ ၂၅လုံးကို အချိန်မရွေးပြိုကျနိုင်သည့်အတွက် အများပြည်သူများနေထိုင်ခြင်းမပြုကြရန် သက်ဆိုင်ရာမှ မတ်လအတွင်းကထုတ်ပြန်ခဲ့သည်။ ထို့နောက် အန္တရာယ်ရှိ အဆောက်အအုံများတွင် နေထိုင်သည့် ပြည်သူများကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းများ စာချုပ်ချုပ်ဆိုကာ စတင်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “အန္တရာယ်ရှိ အဆောက်အအုံတွေကို ဆောက်လုပ်တော့မယ်ဆိုရင် နေထိုင်တဲ့သူတွေကို အရင်ရွှေ့ပြောင်းဖို့ ဆောင်ရွက်ရပါတယ်။ ပြီးရင် သက်ဆိုင်ရာကို ဆောက်လုပ်ခွင့်ရဖို့ လုပ်ထုံလုပ်နည်းအတိုငး အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ကျွန်တော်တု့ိ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ပန်းဘဲတန်းမြို့နယ်က ပြိုကျသွားတဲ့ အဆောက်အအုံကိုတော့ ဖောင်ဒေးရှင်းစတူးတဲ့အချိန်ကစပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးဖို့ ပါဝင်ပါတယ်။ ကျန်တဲ့အဆောက်အဦတွေကိုတော့ ဆောက်လုပ်မှုပုံစံပေါ်မူတည်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်ကြား ကာလအတွင်း အပြီးတည်ဆောက်ပေးဖို့ ညွှန်ကြားထားပါတယ်” ဟု Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ယခုအချိန်၌ ပြန်လည်ဆောက်လုပ်ရန် သတ်မှတ်ထားသည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၅လုံးအနက်မှ အချို့ကို စတင်ဆောက်လုပ်ရန် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် စီမံကိန်းဝင်အဆောက်အအုံအချို့ကို ၂၀၀၉ခုနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဟု သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း အဆိုပါအဆောက်အအုံအများစုမှာ လုပ်ငန်းပြီးပြတ်ခြင်း မရှိသေးကြောင်း သိရသည်။