Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၂)

kaiFebruary 6, 20121min1305

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၂)

အခန်း (၂)

” ကျွန်မဟာ သချင်္ာ ပညာရှင် တယောက်ပါ”

ကျွန်မ ဒီလိုဆိုလိုက်ချိန်မှာ အေးဂျင့် Miller က ခေါင်းညိတ်ပြပါတယ်။ ပြီးတော့မှ

” ဒီထက်နည်းနည်းပိုပြီး နောက်ကြောင်း ပြန်ပေးပါလား။ ဒီနေ့ မင်းရောက်နေတဲ့ အခြေအနေဆီကို ဘယ်လိုဖြတ်သန်းရောက်ရှိခဲ့လဲ ဆိုတာကိုပေါ့။ သချင်္ာပညာရပ်ကို ဘယ်အချိန်မှာ စပြီး စိတ်ဝင်စားခဲ့သလဲ။ ဘာကြောင့် မင်းအဖိုး ပရော်ဖက်ဆာ Henreid ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရသလဲ ဆိုတာတွေပေါ့”

” ကျွန်မ အမေကလဲ သချင်္ာပညာရှင် တယောက်ပါပဲ။ ကျွန်မထင်တာတော့ သူ့အဖေ၊ ကျွန်မ အဖိုးဆီက အမွေဆက်ခံခဲ့တာ နေမှာပေါ့။ ကျွန်မရဲ့ အဖိုးက သချင်္ာပညာရပ်ကို အလွန်စွဲလန်း မြတ်နို;ပါတယ်။ မေမေကလဲ ငယ်စဉ်ကလေးဘဝ ကတည်းက အတော်လေးကို ထူးချွန်ထက်မြက်ခဲ့တယ်။ အနာဂတ်တက်လမ်းတွေ အများကြီးနဲ့ပေါ့”

ပြောရင်းနဲ့ ကျွန်မ သက်ပြင်းမောချလိုက်မိပါတယ်။

တကယ်တမ်းကျတော့ မေမေ့ဘဝမှာ ပြင်ဆင်မျှော်မှန်းထားခဲ့တဲ့အတိုင်း သတ်သတ်မှတ်မှတ် မဖြစ်လာခဲ့တာကို သတိသွားရမိလို့ပါ။

” ဘာတွေမှားယွင်းသွားလို့လဲ”

အေးဂျင့် Miller က ကျွန်မရဲ့ သက်ပြင်းမောကို သတိထားမိသွားတယ်ထင်ပါရဲ့။ စကားဆက်ထောက် ပေးလိုက်ပါတယ်။

” ဘယ်သူ သိနိုင်မှာတဲ့လဲ။ မေမေပြန်ပြောပြတာကတော့ အဲဒီအချိန်တုန်းက သချင်္ာပညာရပ်ကမ္ဘာမှာ အမျိုးသမီးတယောက် အနေနဲ့ ခြေလှမ်းချရတာ သိပ်ခက်တာပဲတဲ့။ အမျိုးသားတွေက သူပြောတာတွေကို လေးလေးနက်နက် မထားကြဘူးတဲ့။ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ သူရှိနေတာကို အသိအမှတ်မပြုသလို ပြုမူနေခဲ့ကြတယ် ဆိုပဲ။ မေမေက အကြံပြုချက်တွေ ပေးပြီးရင် လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက ဂရုမစိုက်ကြဘူး။ နောက်မိနစ်နှစ်ဆယ်အကြာမှာ အမျိုးသားတယောက်က မေမေ့အကြံပြုချက်နဲ့ သဏ္ဍာန်တူတဲ့ အတွေးအမြင်တခုကို ချပြပါလေရော။ အဲဒီအခါကျရင်တော့ တခြားလူတွေက ကျေနပ်အားရ ထောက်ခံကြတယ်တဲ့။ ဒါကတော့ မေမေ့ ပြောပြချက်တွေပေါ့။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတာကလဲ မေမေ့မှာ အောင်မြင်မှုကို ရယူနိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေနဲ့ ခိုင်မာသော ဆုံးဖြတ်ချက်တွေ မရှိလို့လဲ နေမှာပေါ့”

အေးဂျင့် Kirwan က သက်မချရင်း

” ဒါတွေက ခုချိန်ထိလဲ ဖြစ်နေဆဲပါ။ အထူးသဖြင့် အစိုးရအေဂျင်စီတွေမှာပေါ့ ”

လို့ တိုးတိုးလေး ဝင်ပြောပါတယ်။

” ဒီလို ကိစ္စတွေက မေမေ့ကိုတော့ အတော်ပဲ စိတ်အနှောင့်အယှက် ပေးခဲ့တယ်။ နောက်ဆုံးတော့ မေမေက ဆပ်ကပ်လို့ သူအမည်ပေးထားတဲ့ ကောလိပ်ပညာရေး အသိုင်းအဝိုင်းကို စွန့်ခွာပြီး၊ စက်ပြင်ဆရာ ဖေဖေ့ကို လက်ထပ်ခဲ့တယ်”

” ဒီလိုနဲ့ မင်းမွေးလာတာပေါ့”

အေးဂျင့် Miller က စကားဝင်ထောက်ပါတယ်။

” ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မိဘတွေက ကျွန်မကို သိပ်စိတ်မဝင်စားပါဘူး။ သူတို့က အသက်ငယ်သေးတယ်လေ။ သူတို့ဘဝမှာ ကျွန်မက အနှောင့်အယှက်လို ဖြစ်နေတယ်။ ဒီလိုနဲ့ ကျွန်မအသက် သုံးလေးနှစ် အရွယ်မှာ အိမ်ကို အဖိုးအလည်ရောက်လာခဲ့တယ်။ ကျွန်မ ကစားနေတာတွေကို ကြည့်ပြီး အဖိုးက တခုခုကို သတိထားမိသွားမိတယ် ဆိုပဲ။ ကျွန်မဆီမှာ ထက်မြက်တဲ့ သချင်္ာဦးနှောက်ရှိတယ်လို့ အသိ အမှတ်ပြုမိခဲ့တာကြောင့် ကျွန်မကို သူခေါ်သွားပြီး၊ ပညာသင်ပေးမယ်ဆိုပြီး မိဘတွေဆီမှာ တောင်းသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသိပါတယ်။ တကယ်တော့ လွတ်လွတ်လပ်လပ်၊ အနှောင်အဖွဲ့ကင်းကင်း နေချင်တဲ့ ကျွန်မရဲ့ မိဘတွေဆီကနေ ကျွန်မကို ခေါ်ထုတ်သွားတာပါပဲ။ သူတို့ကလဲ ကျွန်မကို သူတို့နားမှာ ဆက်ထားဖို့ အဖိုးနဲ့ အတိုက်အခံ မပြုကြပါဘူး”

ပြောလက်စ စကားကို ကျွန်မ ဖြတ်လိုက်ပါတယ်။ ကျွန်မရဲ့ စကားလုံးတွေက ခါးသီးမှုတွေနဲ့ ရောထွေးနေတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ ဂရုမစိုက်ပါဘူးလေ။ တကယ်တမ်းကျတော့ အဖိုးဟာ ကျွန်မဘဝရဲ့ အကောင်းဆုံးတွေကို ဆောင်ကျဉ်းပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ တချို့ကလေးတွေမှာ စက်ဘီးဘယ်လို စီးရမယ်ဆိုတာ သင်ပေးတဲ့ အဖိုးတွေ၊ ဒါမှမဟုတ် အတိတ်ဘဝ ဇာတ်ကြောင်းပုံပြင်လေးတွေကို ပြန်ပြောပြပေးတဲ့ အဖိုးတွေ ရှိတတ်ကြပါတယ်။

ကျွန်မရဲ့ အဖိုးကတော့ ဒီလို မဟုတ်ပါဘူး။ အဖိုးက အလွန်နက်နဲ ရှုပ်ထွေးတဲ့ သချင်္ာပညာရပ်ဆိုင်ရာ ပုစာ္ဆတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ပြပေးခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သိပ္ပံစမ်းသပ်ချက်တွေ အကြောင်းကို ပြောပြခဲ့ပါတယ်။ တချို့စမ်းသပ်ချက်တွေ အကြောင်းကို လူအများကို သူပြောပြလို့ မရပါဘူး။ သူတို့က မယုံကြဘူးလေ။ ဒါနဲ့ သူလဲ ဘယ်သူ့ကိုမှ မပြောပြတော့ပဲ ကျွန်မကိုပဲ ဆက်ပြောပြတယ်။ ကျွန်မရဲ့ ငယ်ရွယ်နုနယ်တဲ့ စိတ်တွေကို ကမ္ဘာသစ်တခုဆီ ရောက်သွားအောင် သူလမ်းပြပေးခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူပြောပြတာတွေကို ကျွန်မ ယုံပါတယ်။ သူက ကျွန်မရဲ့ အဖိုးဖြစ်လို့ မဟုတ်ဘူး။ ကျွန်မက ဘာမှ မသိသေးတဲ့ ကလေးဖြစ်လို့လဲ မဟုတ်ဘူး။ သူပြောတာတွေကို ယုံကြည်တာက ကျွန်မဆီမှာလဲ သူ့လို သချင်္ာ ဦးနှောက် ရှိနေလို့ပါပဲ။ သူပြောတာတွေက ဖြစ်နိုင်ချေတွေ ရှိပါတယ်။ ဒီလိုနဲ့ တစတစနဲ့ ကျွန်မ ကြီးပြင်းလာတော့ သချင်္ာနဲ့ ရူပဗေဒ ပညာရပ်ကမ္ဘာထဲမှာပဲ ကိုယ့်ကိုယ်ကို မြှုပ်နှံထားလိုက်ပါတယ်။

ဒါကြောင့်လဲ Philadelphia Experiment အကြောင်းက ကျွန်မရဲ့ အတွေးထဲကို ရောက်လာခဲ့တာပါ။ အဖိုးပြောပြတဲ့ ပုံပြင်တွေထဲမှာ စစ်သင်္ဘောကြီးတစင်း ပျောက်သွားတဲ့ အကြောင်း ပါပါတယ်။ နစ်မြှုပ်သွားတာ၊ ဒါမှမဟုတ် မုန်တိုင်းကျပြီးချိန်မှာ ပျောက်ဆုံးသွားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်သင်္ဘောကြီးက ပါးလွှာတဲ့ လေထုထဲမှာ ပျောက်ကွယ်သွားတာပါ။ ပြီးတော့ ချက်ချင်းပဲ အခြားတနေရာမှာ ပြန်ပေါ်လာခဲ့တယ်လေ။

ဘယ်အချိန်တုန်းက ဒီပုံပြင်ကို ကျွန်မကို အဖိုးပြောပြခဲ့လဲ ဆိုတာတော့ သေချာ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီတုန်းက ကျွန်မရဲ့ အသက် (၁၃) နှစ် ဝန်းကျင်လောက်မှာပါ။ အဖိုးကတော့ ဒါဟာ အရေးပါတဲ့ စမ်းသပ်ချက်တခုရဲ့ တစိတ်တဒေသလို့ ဆိုပါတယ်။ ဒီစမ်းသပ်ချက်မှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကိုလဲ ရှင်းပြခဲ့ပါတယ်။

ကျွန်မအသက် (၁၄) နှစ်လောက် ရောက်တော့ ဒီစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြန်တွေးမိရင်း ဖြစ်နိုင်ချေရှိမရှိကို တွက်ချက်လာမိပါတယ်။

ဒီလိုနဲ့ တညနေမှာ ကျောင်းကနေ အိမ်ကို ပြန်ရောက်တော့ အဖိုးကို ကျွန်မရဲ့ သချင်္ာသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ အကူအညီ တောင်းလိုက်ပါတယ်။ ကျောင်းမှာ သချင်္ာဘာသာရပ်ဆိုင်ရာ ပရောဂျက်တခု လုပ်စရာ ရှိပါတယ်။ ဒီပရောဂျက်အတွက် အဆင်မြင့် သချင်္ာသီအိုရီတခုကို လေ့လာမယ်လို့ ကျွန်မ ဆုံးဖြတ်ထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြောပြတော့ အဖိုးက ကျွန်မကို ကြည့်ပြီး

” ပြီးရင် ဘာဆက်လုပ်မလို့လဲ၊ အဲလစ်” လို့ မေးပါတယ်။

“ Philadelphia Experiment နဲ့ အိုင်းစတိုင်းရဲ့ Unified Field Theory ကို ဆက်လေ့လာမယ်”

ကျွန်မ ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။

” အချက်နှစ်ချက်ကို ကျွန်မ သက်ပြေပြမယ်။ တခုကတော့ Philadelphia Experiment ဟာ တကယ်ရှိခဲ့တယ် ဆိုတာနဲ့ နောက်တခုကတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဆိုတာ သီအိုရီအဆင့်ထက် ကျော်လွန်ခဲ့တယ် ဆိုတာပဲ”

ကျွန်မ ဒီလို ပြောလိုက်တော့ အဖိုးက ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ ခေါင်းကို ကုတ်လိုက်ပါတယ်။ အရောင်ကင်းမဲ့နေခဲ့တဲ့ သူ့ရဲ့ မျက်လုံးပြာလေးက အရောင်တောက်လာပါတယ်။ ဒါပေမယ့် သူက ကျွန်မထင်ထားခဲ့သလို ကျွန်မကို မရယ်မောပါဘူး။

” လူတွေက အိုင်းစတိုင်းဟာ Unified Field Theory နဲ့ ပတ်သက်တဲ့ လေ့လာချက်တွေ မပြီးဆုံးခဲ့ဘူးလို့ပဲ ယုံကြည်ထားခဲ့ကြတယ်”

သူက ဆက်ပြောပါတယ်။

” ဒါပေမယ့် ပြီးဆုံးခဲ့တယ်လို့ အဖိုးယုံကြည်နေတယ် မဟုတ်လား။ (၁၉၄၃) ခုနှစ်တုန်းက အိုင်းစတိုင်းကို အဖိုး ဆုံတွေ့ခဲ့တာကို ပြန်ပြောပြပါလား”

အဖိုးကို ကျွန်မရဲ့ လေ့လာချက်တွေထဲမှာ ပါဝင်ကူညီလာအောင် ကျွန်မ အားပေးချင်တဲ့အတွက် နောက်ကြောင်းတွေ ပြန်ပြောဖြစ်အောင် တွန်းအားပေးလိုက်မိပါတယ်။

အဖိုးက ခြေထောက်တွေကို ဆန့်လိုက်ပါတယ်။ ခါးကို မတ်မတ်ထားလိုက်ပေမယ့် သူ့ပခုံးတွေကတော့ ထိုင်နေတဲ့ ရှေးဟောင်းကုလားထိုင်မှာ နစ်ဝင်နေပါတယ်။ ကျွန်မတို့နှစ်ယောက် အိမ်နောက်ဖေးကို ထွက်လာပြီး၊ ကြမ်းရှရှ မြက်ခင်းပေါ်ကနေ ပျောက်ကွယ်လုနီးနီး လိမ္မော်ရောင် နေဝန်းနီကြီးကို ကြည့်နေမိခဲ့ကြပါတယ်။ နောက်တော့ အဖိုးက Philadelphia Experiment အကြောင်းကို ပြန်ပြောပြပါတယ်။ ဒီတခါမှာတော့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်လာပါတယ်။

” ဒီတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်ပေါ့။ အဖိုးက ရေတပ်သုတေသန ကော်မတီမှာ အငယ်တန်း သိပ္ပံပညာရှင်အဖြစ် အမှုထမ်းခဲ့တယ်”

” လျှို့ဝှက် လက်နက်ပစ္စည်းတွေ တီထွင်တာလား”

ကျွန်မက စကားထောက်ပေးလိုက်ပါတယ်။

သူက မျက်မှောင်ကျုံ့လိုက်ပြီး

” ဒီထက် ပိုတာပေါ့။ စစ်ပွဲကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ အတွေးအမြင်သစ်တွေကို လက်တွေ့တီထွင် အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဥပမာအားဖြင့် ဆိုရရင် မင်းက မင်းရဲ့ ရန်သူကို သတ်ချင်တယ် ဆိုပါတော့။ လုပ်ရမှာက သွေးထွက်ပြီး သေဆုံးသွားအောင် မင်းရန်သူရဲ့ ခန္ဓာကိုယ်မှာ အပေါက်ဖြစ်သွားစေရမယ်လေ။ ကျောက်ခေတ်လူသားတွေက ဒါကို ဓားတွေ၊ လှံတွေနဲ့ ပြုလုပ်ခဲ့ကြတယ်။ တို့ခေတ်ရောက်လာတော့ ကျည်ဆံတွေနဲ့ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခြေခံအတွေးအခေါ်ကတော့ အတူတူပဲ မဟုတ်လား။ ဓားလှံနဲ့ ကျည်ဆံတွေဟာ တူညီတဲ့ သက်ရောက်မှု ရှိစေတဲ့ အလားသဏ္ဍာန်တူ လက်နက်ပစ္စည်းတွေလို့ ဆိုနိုင်တယ်။

နောက်တော့ ပထမကမ္ဘာစစ်မှာ ရန်သူတွေက အဆိပ်ဓာတ်ငွေ့တွေကို စသုံးလာကြတယ်။ ဒါကကျတော့ ရန်သူကို သွေးထွက်ပြီး သေဆုံးစေတာ မဟုတ်ဘူး။ အသက်ရှူကျပ်ပြီး သေဆုံးစေတာ ဖြစ်တယ်။ ဒါဟာ လက်နက်အသစ်ပဲ။ နောက်တော့ ဒုတိယကမ္ဘာစစ်မှာ မြို့ကြီးတွေမှာ ရှိတဲ့ ပြည်သူလူထုတွေအပေါ် ဗုံးတွေကြဲခဲ့ကြတယ်။ ဒါကကျတော့ terror ဆိုတဲ့ လက်နက်သစ်ပဲ။ ဒီလိုပဲ ရေဒါစနစ်ဟာလဲ လက်နက်အသစ်တမျိုးလို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ ရေငုပ်သင်္ဘောတွေ ဆိုပါစို့။ စစ်သင်္ဘောတွေကို မြှုပ်ပစ်တဲ့ ရေငုပ်သဘောင်္ဆိုတာက စစ်လက်နက်သမိုင်းမှာ အသစ်အဆန်း မဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့ရေး သင်္ဘောတွေကို ဖျက်ဆီးမြှုပ်ပစ်တဲ့ ရေငုပ်သင်္ဘောဆိုရင်တော့ ဒါက စစ်လက်နက်သစ်တမျိုး ဖြစ်သွားပြီ။ ဒီအတွေးအခေါ်ကို စဉ်းစားလို့ ရပြီလား”

” နားလည်ပါပြီ။ လေထီးတွေကလဲ လက်နက်အသစ်တွေပဲလို့ ဆိုနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ စစ်သားတွေကို ရန်သူ့နောက်ကျောမှာ သွားချပြီး၊ behind the enemy lines ကနေ တိုက်ပွဲဝင်ခိုင်းလို့ ရတယ်လေ”

ကျွန်မရဲ့ စကားကို အဖိုးက ပြုံးပြီး လက်ခံလိုက်ပါတယ်။

” သိပ်ဟုတ်တာပေါ့။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ လက်နက်အသစ်အဆန်း အိုင်ဒီယာတချို့ကိုဆိုရင် မင်းယုံတောင် ယုံမယ် မထင်ဘူး။ သိပ္ပံပညာရှင်တယောက်က ရန်သူရဲ့ သင်္ဘောဆိပ်တွေကို frozen sawdust တွေ ဖြန်းပက်ဖို့ကိုတောင် အကြံပေးဖူးတယ်”

” ဒါတွေက အိုင်စတိုင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ”

ကျွန်မက စကားဖြတ်ပြီး မေးလိုက်ပါတယ်။

” အိုင်းစတိုင်းက ဂျာမဏီမှာ မွေးတာဖြစ်ပေမယ့် သူက ဟစ်တလာနဲ့ နာဇီပါတီကို မုန်းတီးခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒကို သူမကြိုက်ဘူးလေ။ သူက အစွန်းရောက် အမျိုးသားရေးဝါဒဆိုတာ မွေးကင်းစ ကလေး ဖျားနာမှု၊ တနည်းဆိုရင် measles of the human race လို့ ဆိုခဲ့တယ်။ သူဟာ ကြီးကျယ်မြင့်မြတ်သူ တယောက်ပဲ”

အဖိုးစကားပြောနေစဉ်မှာ သူ့မျက်လုံးတွေကတော့ အိုင်းစတိုင်းကို ပြန်ပြီး သတိရလွမ်းဆွတ်နေသလိုပါပဲ။

” ဒါဆို သူက အမေရိကားကို လာခဲ့သလား”

” ဟုတ်တယ်။ သူအမေရိကားကို ကူညီဖို့ လာခဲ့တယ်။ သူဟာ သချင်္ာပညာရှင်တယောက်သာ ဖြစ်တယ်။ လက်နက်ပစ္စည်း တီထွင်သူ မဟုတ်ဘူး။ သူ့ဆီမှာ သီအိုရီတွေ အများကြီး ရှိတယ်။ ဒါတွေကို အဖိုးတို့က လက်တွေ့အသုံးချနိုင်အောင် ကြိုးပမ်းကြရတယ်”

” အဲဒီမှာ အဖိုး နဲ့ သူနဲ့ ဆုံခဲ့တာပေါ့”

” ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်တုန်းက အဖိုးက အငယ်တန်း ပညာရှင်တယောက်ပဲ ရှိသေးတာ ဆိုတော့ ထိပ်တန်း လျှို့ဝှက် စီမံချက်တွေ အားလုံးကိုတော့ မသိဘူး။ အဖိုးရဲ့ ဘဝက မင်းရဲ့ အိတ်ဆောင်ဂဏာန်းပေါင်းစက်လေးလို ဘဝပေါ့။ ဂဏာန်းပေါင်းစက်လေးလိုပဲ အဖိုးကလဲ အဖြေမှန်တွေကို တွက်ပေးနိုင်တယ်လေ။ ဒါပေမယ့် ဘာကြောင့် ဒီအဖြေတွေ လိုအပ်လဲ ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် အိုင်းစတိုင်းရဲ့ Unified Field Theory ကို အဖိုးသိသလို၊ သူလာတွေ့ခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုလဲ အဖိုးသိနေတဲ့အတွက် ဆက်စပ်ကြည့်လိုက်တော့ ရုပ်လုံးက ပေါ်လာတယ်။ သူတို့တွေက defensive weapon တခုကို တီထွင်ဖို့ ကြိုးပမ်းခဲ့ကြတယ်လေ။ Star Trek ထဲက စတားသင်္ဘောကို မှတ်မိလား”

အဖိုးက မေးတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

” ဒီသဘောင်္က invisible shield နဲ့ သူ့ဘာသာသူ ကာကွယ်ထားတယ်လေ။ force field တခုခုပေါ့”

” ဒါပဲပေါ့။ တွေးကြည့်စမ်းပါ။ သံချပ်ကာကားတွေ၊ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေကို invisible shield နဲ့ ကာကွယ်ပြီး စစ်မြေပြင်ကို ပို့နိုင်တယ်ဆိုပါစို့။ ကိုယ့်ဘက်မှာ ဘယ်လို အထိအခိုက်မှ မရှိပဲ ရန်သူရဲ့ အသည်းနှလုံးထဲအထိ ဝင်ပြီး ချေမှုန်းနိုင်မယ် မဟုတ်လား။ ဒီလိုသာဆိုရင် စစ်ပွဲဟာ တပတ်အတွင်း ပြီးသွားနိုင်တယ်လေ”

” ဒါပေမယ့် ဘယ်သူကမှ ဒီလို invisible shield ကို မတီထွင်ခဲ့ဖူးပါဘူး။ ဒါတွေက သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲမှာပဲ ရှိပါတယ်”

ကျွန်မက ဒီလို ပြန်ငြင်းတော့ အဖိုးက ကျွန်မကို စေ့စေ့စပ်စပ် ကြည့်ပြီး၊ စကားတိုးတိုးလေး ပြောလိုက်ပါတယ်။

” သိပ်ပြီး မသေချာပါနဲ့ အဲလစ်ရယ်”

သူက ညင်သာစွာ ပြုံးလိုက်ပါတယ်။ ပြီးတော့

” မသေချာစမ်းပါနဲ့”

(ဆက်လက်ဖော်ပြပါမည်)

ရေးသားသူ- Terry Deary

စာအုပ်အမည်- The Philadelphia Experiment

စာအုပ်အမျိုးအစား- လူငယ်စာပေ

ဘာသာပြန်သူ- ခင်မမမျိုး (၀၅၊ ဝ၂၊ ၂၀၁၂)

5 comments

  • Khin Latt

    February 6, 2012 at 6:00 am

    ဆက်တင်ရန် မေ့မသွားလို့ သင်းခရုပါ သူကြီး ရှင့်။
    ကျွန်မ က ဆက် ဖတ်ဖို့ သတိရပါသည်။
    နောက်ဆက်တွဲ တွေ ကိုလဲ ဆက်မျှော်နေပါသည်။ 😉

  • ဦးဦးပါလေရာ

    February 6, 2012 at 9:54 am

    အော်…
    ပြန်လာသေးတာကိုး..
    သူကြီးမေ့သွားပြီးတောင်ထင်တာ။
    တော်တော်ကြာတာရယ် တပုဒ်မှာ တော်တော်တိုတာရယ်ကလွဲရင်
    အလွန်ကောင်းလှပါကြောင်း…
    ဘာသာပြန်သူကိုရော တင်ပေးသူကိုပါ (နှစ်ယောက်ဆိုရင်) ကျေးဇူးတင်ပါကြောင်း….။

  • awra-cho

    February 6, 2012 at 12:00 pm

    အကုန် ပြီးမှ ဖတ်တော့မယ်။ နောက်နှစ်မှ ဖတ်ရမယ် ထင်ပါ့။

  • စိန်ပေါက်ပေါက်

    February 6, 2012 at 2:23 pm

    အခန်းဆက်တောင် ပြတ်သွားတယ်..
    မေ့တောင်မေ့နေဒါ ဖတ်ဖို ့
    ခွဲခွဲဖတ်တာလဲ ကောင်းပါတယ်..
    တစ်ပြုံတစ်မကြီးဖတ်ရတာမျက်စိညောင်းလို ့
    ဆက်ရန်မျှော်နေလျက်
    ဒေါ်စိန်ပေါက်

  • nature

    February 8, 2012 at 11:19 pm

    ငယ်ငယ်တုန်းက ဘာမြူဒါတြိုင်ဂယ်မှာ သဘောင်္တွေပျောက်သွားတဲ့အကြောင်း ဖတ်ဖူးတယ်။ စိတ်ဝင်စားစရာကောင်းပြီး တော်တော်ထူးဆန်းတယ်။

Leave a Reply