တစ်နေ့တာ မောပန်းနွမ်းနယ်မှုတွေကို ကျော်ဖြတ်ရင်း ၊ဆေးခန်းမှ ပြန်ရောက်ပြီး ခဏနားနေစဉ်တွင် “ ဂျိန်း …ဂျိန်…. ဂျိန်း  “ ဆိုသည့်အသံနှင့်အတူ အော်ဟစ် ဆူပူသံများ ညံသွားတော့သည် ။ မည်သည့်အကြောင်းကြောင့်ဟု သိလိုသည့်အတွက် အိမ်ရှေ့ထွက်ကြည့်မိသော အခါ ရုပ်ပျက်ဆင်းပျက် ယာဉ်တိုက်မှုတစ်ခုဧ။် အနိဌာရုံမြင်ကွင်းကို မြင်လိုက်ရသည် ။ လူများအုံခဲလျှက်ရှိသဖြင့် တစ်စုံတစ်ရာ အကူညီပေးနိုင်ရန် အနားကပ်သွားမိသည် ။ မြင်ရသည့်မြင်ကွင်းမှာ သာမန်လူတွေအဖို့သွေးပျက်ခြောက်ချားဖွယ်ကောင်းလွန်းလှပြီး ၊ နှလုံးရောဂါရှိသူအဖို့ ရှော့ရသွားနိုင်သည့် သွေးသံတရဲရဲ မြင်ကွင်းမျိုးဖြစ်သည်။

 

ဘေးလူများဧ။်ပြောပြချက်အရ လိုက်အေ့စ်ကားတစ်စီမှာ ညအချိန် မီးစုံမဖွင့်ပဲမောင်းလာပြီး ရှေ့ကား အကွယ်မှ လမ်းဖြတ်ကူးရန်ကြံစည်နေသော ကာယအလုပ်သမား လေးဦးအား အရှိန်ပြင်းထန်စွာဖြင့် ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည် ။တိုက်ပြီးပြီးချင်းမောင်းပြေးသွားသော်လည်း ပတ်ဝန်းကျင်မှ လူအများ ကားနံပါတ်ကို မှတ်နိုင်ခဲ့သည် ။  ကျွန်တော်ရောက်သွားသော အချိန်တွင် တစ်ဦးမှာ ကားကြိတ်ဒဏ်ဖြင့် ပွဲချင်းပြီးသေဆုံးပြီး ကျန်သုံးဦးမှာ အသက်ငွေ့ငွေ့ဖြင့် ကူညီရာမဲ့ ဖြစ်နေတော့သည် ။ ပတ်ဝန်းကျင် လူအုပ်ကြီးသည် ကားလမ်းပိတ်မျှ ၀ိုင်းကြည့်နေကြပြီး အကူညီတစ်စုံ ပေးရန် မည်သည်ကစပြီး လုပ်သင့်သည်ကို ဝေခွဲမရပဲ သွေးအလိမ်းလိမ်းတို့ကို ကြည့်ပြီးမှင်သက်နေတော့သည် ။ တစ်ချို့ ရပ်ကွက်သားတို့မှာလည်း သက်ဆိုင်ရာကိုဖုန်းဆက် သတင်းပို့သူက ပို့ ၊ ကားသမားကို ဆဲသူကဆဲနှင့် ရုတ်ရုတ်သဲသဲဖြစ်နေတော့သည်၊၊

 

ကျွန်တော်ရောက်သွားချိန်တွင် ထိုလူအများ ဆေးရုံပို့ဖို့အရေး ၀ိုင်းကူကြရန် ပတ်ဝန်းကျင်ကိုပြောသောအခါ ၊ မှင်သက်နေရာမှ သတိဝင်လာပြီးကူညီမည့်သူများ ထွက်လာကြသည် ။ ထို့နောက် အားလုံးတက်ညီလက်ညီဖြင့် ကားတားသူကတား ၊ ဒဏ်ရာရသူကိုပွေ့ချီသူက ပွေ့ပြီး ဆေးရုံရောက်ရေး ကြိုးပမ်းခဲ့ကြသည် ။ လူနာတင်ကားခေါ်ဖို့ထက် ဆေးရုံအရင်ရောက်ရေးသာ ဇောကပ်နေခဲ့သည် ။ ဆေးရုံသို့ကိုယ်တိုင် လိုက်ပါ ကူညီသူများလည်းရှိသည် ။ ခဏအကြာတွင် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ရောက်လာကြပြီးယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး သတင်းယူကြရာ တာဝန်သိ မျက်မြင်သက်သေ ပြည်သူများက သေချာစွာ အသေးစိတ်ပြောပြပေးကြပြီး ၄င်းတို့ သိသမျှ ကားနံပါတ်အပါဝင် အခြားအချက်လက်များကိုပြောပြပြီးသတင်းပေးခဲ့ကြသည် ။

 

အဖြစ်ပျက်တို့လျှင်မြန်စွာ ဖြစ်ပျက်သွားသည့်ခဏ သွေးပျက်ဖွယ်မြင်ကွင်းကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း ဖြစ်နေသော လူတို့ ၊ အကူညီတောင်းသော အခါ မရွံမရှာ ကူညီသောမြင်ကွင်းသည် ကျွန်တော့်အာရုံတွင်စွဲထင်နေတော့သည် ။ မကြာသေးခင် အချိန်က အီးမေးလ်နှင့် ဘလော့အချို့တွင် အလွန်ပေါ်ပြူလာဖြစ်ခဲ့သော သတင်း တစ်ပုဒ်ကို သတိရမိသည် ။ တရုတ်နိုင်ငံတွင် နှစ်နှစ်အရွယ်ကလေးငယ်ကားတိုက်မိသော အခါ မည်သူမျှမကူညီသောကြောင့် ကားက နောက်တစ်ကြိမ် ထပ်ကြိတ်မိခြင်းဖြစ်သည့် ကြေကွဲဖွယ်ရာဖြစ်ရပ်ပင်ဖြစ်သည်။ ၄င်းတို့ဧ။် လူနေမှုအဆင့်တန်း ၊ စီးပွားရေး အခြေအနေ မည်မျှပင် တိုးတက်ကောင်းမွန်သည်ဖြစ်စေ ကျွန်တော်တို့ မြန်မာလူမျိုးတို့ဧ။် ရိုင်းပင်းသည့်စိတ်ဓါတ် နှင့် အရင်းခံစိတ်ရင်းဖြင့် ကူညီတတ်သော စိတ်ဓါတ်ကို မမှီနိုင်ကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့မြင်ခဲ့ရသည် ။

 

ဤဖြစ်စဉ်ဖြစ်ပွားရခြင်းသည် အကြောင်းရင်းများစွာရှိသည် ။ သက်မှတ်နှုန်းထက် ပိုမိုကာကားအရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် လည်းကောင်း ၊ ရှေ့မီးအစုံဖွင့်မမောင်း၍သောကြောင့်လည်းကောင်း ၊ သတိလက်လွတ်မောင်းနှင်ဖြင်းကြောင့်လည်းကောင်း ၊ လူကူးမျဉ်းကြားမှ မကူးသောကြောင့်လည်းကောင်း ၊ သတိလက်လွတ် လမ်းဖြတ်ကူးသောကြောင့်လည်းကောင်း ၊ လမ်းမီးများ မလင်းတလှည့်လင်းတလှည့်ဖြစ်နေခြင်းကြောင့် လည်းကောင်း ၊ စသည့် များစွာသော အချက်တို့ပေါ်တွင် မူတည်နေသည် ။ အဆိုးထဲမှ အကောင်းဟုဆိုရမည့်အချက်မှာ ထိုနေ့ညက မီးလာသောကြောင့်ပင်ဖြစ်သည် ။ ယခင်နှစ်လို မီးပျက်သော့နေ့မျိုးတွင် ဖြစ်ပွားပါက ပိုမို ထိခိုက်နစ်နာမည့် အခြေနေမျိုးဖြစ်နိုင်သည် ။

 

အချို့သောကားများသည် ရှေ့မီး တစ်လုံးကျွမ်းဖြင့် မောင်းနှင်ကြသည် ။ ထိုအချိန် လမ်းဖြတ်ကူးသူမှာ ကားဟု မထင် ဆိုက်ကယ် နှင့် အခြား ယာဉ် ဟုသာထင်ပြီး ကားလမ်းဖြတ်ကူးကြသည် ။ ထိုအခါမျိုးတွင်လည်း ယာဉ်တိုက်မှု ဖြစ်နိုင်သေးသည် ။ နေ့အခါတွင် ဟန်မပျက်မောင်းနှင်နေကြသဖြင့် မသိသာသော်လည်း ညအခါတွင် မီးတစ်လုံးတည်း ထွန်းခြင်းကြောင့် လမ်းဖြတ်ကူးသူ ကားတိုက်မှု ဖြစ်ပွားနိုင်သည် ။ signal ပြမီးများမကောင်းလျှင် ကွေ့သောအခါ အချက်ပြမီး မလင်းနိုင်သဖြင့် အလားတူ ယာဉ်တိုက်မှုမျိုးဖြစ်နိုင်သည် ။ ညအချိန် ဖြစ်လင့်ကစား ချမှတ်ထားသည့် မောင်းနှင်နှုန်းသာ မောင်းနှင်သင့်သည် ။ အချို့သော သစ်လုံးကားများ နှင့် ကွန်တင်နာ မောင်းနှင်သူများသည် ညအချိန် သောက်စားထားသော အရှိန်ဖြင့် မိမိတို့မောင်းနှင်သော ကားဝိတ်၊ ထုထည်ကို မငှဲ့တွက်ပဲ ကားသေးလေးများ နီးတူ ၊ ကျော်တတ်ခြင်း ၊ လမ်းကြောလုခြင်း ၊ ပြိုင်မောင်းခြင်းများကို ရဲတင်းစွာ ပြုလုပ်လျှက်ရှိသည် ။ ညဘက်တွင် ရှောင်တခင် စစ်ဆေးခြင်းမျိုး မရှိသောကြောင့်လည်း ဤသို့ မောင်းနှင်ခြင်းဟုပင် ယူဆမိပါသည် ။

အချို့သောလမ်းများသည်လည်း အိမ်ဆောက်ပစ္စည်းသယ်ယာဉ်များဧ။် မဆင်မခြင်တင်ဆောင်မှုကြောင့် မြေမှုန်များ ၊ ကျောက်စရစ်ခဲများ ပြန့်ကြဲလျှက် ရှိပြီး ၊ အချို့သော ယာဉ်များမှ ဆီယိုဖိတ်မှုများကြောင့် လမ်းမထက်တွင် ဆီများပေပွလျှက်ရှိပြီး ၊ အရှိန်ဖြင့် မောင်းနှင်လာသော ကားများ မတော် တဆ slip ဖြစ်နိုင်သည် ။ မိုးတွင်းအခါမျိုးတွင် ပို၍တောင် slip ဖြစ်နိုင်သေးသည် ။ လူတစ်ဦးတစ်ယောက်ဧ။်  ဆင်ခြင်တုံတရားနှင့် အသိဥာဏ် ခေါင်းပါးမှုတို့ကြောင့် လမ်းပေါ်တွင်ပင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူအချို့ အသက်ဆုံးရှုံးမှုနှင့် ကိုယ်လက်အင်္ဂါပဲ့ကြွေမှု ဖြစ်ပွားနိုင်သည် ။

ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာတွင်ရှိသော လူကူးမျဉ်းကြားဆွဲထားသော မျဉ်းများသည် ဆွဲတုန်းခဏသာ ထင်သာမြင်သာရှိပြီး နောက်ပိုင်းမျဉ်းကြားပျောက်သွားတော့သည်  ။ ပျောက်သွားသောအခါ ထပ်မံ ဆေးခြယ်ခြင်းနှစ်ခါ သုံးခါသာ ပြုလုပ်ကြသော်လည်း ၊ နောက်ပိုင်းတွင် လုံးဝမပြုတော့ပဲ လူအများလည်း ကြုံလျှင် ကြုံသလို ဖြတ်ကူးကြတော့သည် ။ ဤသို့ဖြစ်ရခြင်းမှာ မည်သူတွင် တာဝန်ရှိပါသနည်း ။ မျဉ်းကြားထင်သော နေရာမျိုးတွင်သာ မျဉ်းကြားပေါ်က ကူးစေပြီး မျဉ်းကြားမထင်သောနေရာမျိုးတွင် မည်သို့သော အရေးယူမှု များ မပြုလုပ်ခြင်းသည် အမှန်တကယ် စည်းကမ်းလိုက်နာစေလိုသော ပြယုဂ်မှ ဟုတ်ပါလေစဟု တွေးတောမိပြန်သည် ။ စည်းကမ်းချမှတ်ထားသည့်အတိုင်း မျဉ်းကြားမှ ကူးစေလိုလျှင် မျဉ်းကြားကို ထင်သာ မြင်သာရှိအောင်ဆွဲပေးထားရမည်  ။  ရေတက် ငါးဇင်ရိုင်းလို အခု တမျိုး တော်ကြာတမျိုး ထလုပ်၍ ရသည့်ကိစ္စမဟုတ်ပေ ။ လမ်းကူးသူများ အနေဖြင့်လည်း တွေဝေငေးမောခြင်း ၊ စကားအလွန်ကျွံပြောဆိုခြင်းများဖြင့် သတိလက်လွတ် လမ်းမကူးသင့်ပါ ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် တိုးလျှင် ဖမ်းကာဒဏ်ရိုက်ရုံသာ ရှိသော်လည်း ဘရိတ်ပေါက်သော ကားမျိုးနဲ့ တိုးပါက အသက်သေခြင်းအပြင် ၊ ဒုက္ခိတပါဖြစ်နိုင်ကြောင်း သတိရစေလိုပါသည်  ။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက်တစ်ရက် ဆေးရုံသွားဖို့ လမ်းမထွက်တော့ မြင်ရခဲတဲ့ မြင်ကွင်းမျိုးတွေ့လို့ အံ့အားသင့်မိပါတယ် ။ လမ်းသွယ် သုံးလမ်းခြား စီလောက်ကို ယာဉ်ထိန်းရဲ တစ်ယောက်နှုန်းဖြင့် လူများ ယာဉ်များ ထိန်းကျောင်းနေသည်ကို မြင်ရသောကြောင့်ပါ ။ ယာဉ်တိုက်မှုတစ်ခုကြောင့် ထိုသို့ စည်းကမ်းထိန်းသိမ်းပေးခြင်းသည် မှန်ကန်သော်လည်း ရက်ပေါင်းမည်မျှသာ ထိုသို့လုပ်ဆောင်မည်ဟု မခန့်မှန်းနိုင်ပေ ။ တစ်ရက်သော်လည်းကောင်း ၊ နှစ်ရက်သော်လည်းကောင်း ၊ တပတ်သော်လည်းကောင်း ၊ တစ်လသော်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်သည် သို့သော် အချိန်တိုင်းတာ တစ်ခုထိသာ ယာဉ်တိုက်မှုကို ကာကွယ်နိုင်ပြီး နောက်ပိုင်းတွင်လည်း အလားတူ ကိစ္စရပ်များပြန်လည်ဖြစ်ပေါ်နိုင်သေးသည် ။ ခဏတာ စည်းကမ်းပေးခြင်းမျိုးထက် တစ်သက်တာ ခေါင်းထဲ စွဲစေမည့် ပညာပေးခြင်းမျိုး ၊ ဒဏ်ရိုက်ခြင်းမျိုးလည်း မလွဲမသွေ လိုအပ်သေးသည် ။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး အော်တိုကောင့် လုပ်သော မီးပွိုင့်များလည်း မှန်ကန်ဖို့ လိုသေးသည် ။ အထူးသဖြင့် လှည်းတန်းမီးပွိုင့်လိုနေရာမျိုးတွင် ဒစ်ဂျစ်တယ် မီးပွိုင့်အသုံးပြုထားသော်လည်း သတ်မှတ်ထားသော ကြာချိန်အတိုင်း မရေတွက်စေပဲ တစ်ခါတစ်ရံ မီးပွိုင့်ကိုရပ်ပြီး တဖက်ယာဉ်ကြောကိုသာ ဖြတ်သန်းခွင့်ကြာမြင့်စွာပေးထားခြင်းဖြင့် တခြားယာဉ်ကြောမှ စောင့်ဆိုင်းရသော ယာဉ်များ မျဉ်းသေဖြတ်ပြီး ကျော်တက်လာကာ မီးပွိုင့်ြ့ဖတ်ဖို့ စောင့်စားကြတာကြောင့် မလိုလားအပ်တဲ့ယာဉ်လိုင်းရှုပ်ထွေးမှုတွေ ဖြစ်ပေါ် စေပါသည်။ ပြည်လမ်းဘက် ယာဉ်ကြောသည် အင်းစိန်လမ်းယာဉ်ကြောလောက် ကားရှုပ်ထွေးမှု မရှိသော်လည်း ၊ ထို ယာဉ်လိုင်းကိုသာ ကြာမြင့်ချိန် ပိုမိုပေးကာ ဖြတ်သန်းစေခြင်းသည် နည်းနည်းလေးတော့ လွဲနေသည်ဟုထင်မိသည် ။ ဒါ့ပြင် လှည်းတန်းဈေးဘက်မှ မီးပွိုင့်ကိုပေါင်းစုံသော လမ်းသည် တခြားလမ်းများထက်ပိုမိုသေးငယ်ပြီး လမ်းဘေးဈေးသည်များ ၊ စည်းကမ်းမဲ့ ကားပါကင်ထိုးသူများကြောင့် သွားရအလွန်ကြပ်ပြီး ၊ မီးပွိုင့်ကြောင့်လည်း ကြံ့ကြာမှုများ ရှိနေသည် ။

စေတနာထား၍ပြောလိုက်ချင်ပါသည် လမ်းကူးသူဆိုလျှင် ယာဉ်တိုက်ခံရလျှင် ဒဏ်ရာ အသေးစားမှ သေသည့်အထိဖြစ်တတ်သည် ။ ယာဉ်မောင်းသူမှာလည်း တရားစွဲခံရ ၊ ထောင်ချခံရနိုင်သည် ။ ယာဉ်မောင်းမှာ အတိုက်ခံရသူသေလျှင် ပုဒ်မ ၃၀၄(က) ပေါ့လျှော့ခြင်းဖြင့် သေစေမှုဖြင့် တရားစွဲခံမည် ခုနှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင်  ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည် ။ ရဲအရေးပိုင်သည့် အမှုဖြစ်သည် ။ အာမခံ လုံးဝမရနိုင်ပါ ။ကြေအေးခွင့်လုံးဝမရှိနိုင်ပါဟု ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေစာအုပ်တွင် ဖော်ပြထားသည် ။

လူမသေလျှင် ပုဒ်မ ၃၃၇ ၊ အခြားသူဧ။် အသက်ကို (သို့) လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှုတစ်ခုကို ပြုလုပ်ခြင်းဖြင၊့် နာကျင်စေမှုဖြင့် ယာဉ်မောင်းမှာ တရားစွဲခံရမည် ။ ၂နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ။ ဤအမှူသည်လည်း ရဲအရေးပိုင်သော အမှုဖြစ်သည် ။ အာမခံရသည် ၊ ကြေအေးခွင့်မရှိပေ။

ပုဒ်မ ၃၃၈ အရ အခြားသူဧ။် အသက်ကို (သို့) လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု တစ်ခုခုကို ပြုခြင်းဖြင့် အပြင်းထန်နာကျင်စေမှု ။ ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ခ့ရမည့်အပြင် ၊ ငွေဒဏ်လည်းချမှတ်နိုင်သည် ။ရဲအရေးပိုင်သည်။ အာမခံရသည် ။ ကျေအေးခွင့်ရှိသည်ဟု ဖော်ပြထားသည် ။

ပုဒ်မ ၃၃၇သည် နာကျင်စေမှု ၊ ပုဒ်မ ၃၃၈သည် အပြင်းထန်နာကျင်စေမှု ဖြစ်သည် ။ ယင်းကို သက်ဆိုင်ရာတာဝန်ရှိ ဆရာဝန်ကြီးများက ဆုံးဖြတ်ပေးရသည် ။ တရားသူကြီးက စစ်ဆေးချက်များကို နားထောင်ပြီး အမိန်ချသည် ။ သတိတစ်ချက်လွတ်ရုံမျှဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်ပြီး ၊ မိမိနှင့်တစ်ကွ အိမ်သူအိမ်သားများပါ စိတ်ထောင်းကိုယ်ကြေဖြစ်နိုင်ပါသဖြင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း သတိရှိကြဖို့ နှိုးဆော်လိုက်ချင်ပါတော့သည် ။ စာဖတ်သူများနှင့် ရွာသူရွာသားတို့လည်း ယာဉ်တိုက်ခံရခြင်း ၊ ယာဉ်တိုက်မှုဖြစ်ခြင်း စသော ဘေးဥပါဒ် အန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးနေမိပါတော့သည် ။

About AKKO

A K K O has written 50 post in this Website..