ကျွန်တော့်မိဘတွေက ၀န်ထမ်းတွေဗျ… အတိအကျပြောဆိုရင်တော့ ဆရာ၊ ဆရာမလုပ်တယ်ပေါ့။ ကျွန်တော့် မွေးချင်းက (၃) ယောက်၊ ကျွန်တော်ကအလယ်လူ။ တစ်နှစ်ကြီးတစ်နှစ်ငယ်နဲ့မွေးလိုက်တဲ့ အဖေနဲ့အမေကြောင့် ကျွန်တော့်တို့မိသားစု ကသီတယ်။ လစာထုတ်ရက်ဆိုရင် အဖေက အမေကိုလခအပ်တယ်။ အမေကကျွန်တော်တို့ သုံးယောက်ကိုခေါ်ပြီး မိသားစု စာရင်းရှင်းတမ်းဖွင့်တယ်။ ဒီလကုန်ခဲ့တာ ဘယ်လောက်၊ ဘယ်လောက်က သားကြီး မင်းဖျားတုန်းက အမေ အမေ့သူငယ်ချင်း ဆီကယူထားတာ ဆပ်လိုက်ရတယ်။ ဘယ်လောက်က စားစရိတ်ကုန်တယ်။ ဒီလဘယ်လောက်ရတယ်ပေါ့ စသည့်ဖြင့် လတိုင်းရှင်းတယ်။ အဲဒိတုန်းက အမေရှင်းပြတာတဲ့ ပမာဏတွေ ဘယ်လောက်အရေးကြီးလဲ ကျွန်တော်နားမလည်ဘူး၊ ခေါ်ပြောရင်နားထောင်တယ်ပေါ့။  ကျောင်းတက်တဲ့အရွယ်ရောက်တော့ သူငယ်ချင်းတွေက ကျောင်းမုန့်ဈေးတန်းမှာ မုန့်ကိုယ်စီဝယ်စားကြတယ်။ အဲဒီမှာ ကျွန်တော့်အထက်အစ်ကိုက အမေကို မုန့်ဖိုးစတောင်းတယ်။ အမေက ကျွန်တော်တို့ (၃)ယောက်စလုံးကိုမေးတယ်။ ငါ့သားတွေ သူများကျောင်းမှာမုန့်စားလို့ စားချင်ကြလားတဲ့။ ကျွန်တော်တို့ကလည်း စားချင်တယ်ပေါ့။ အဲဒိတော့အမေက “အမေတို့က ၀န်ထမ်းတွေဆိုတော့ သားတို့ကို သူများလိုမုန့်ဖိုးတော့မပေးနိုင်သေးဘူးတဲ့။ သားတို့ကလည်းစားချင်တယ်ဆိုတော့ အမေကျောင်းကို မုန့်ထည့်ပေးမယ်။ သူများစားတာတော့ သွားမမျှော်နဲ့ ”ဆိုပြီး နောက်နေ့ကစ မုန့်ထည့်ပေးတယ်။ ကျွန်တော်တို့လည်း သူများနည်းတူစားရတော့မပြောတော့ပါဘူး။ အမေကတော့ရှင်းပြတယ်။ သားရဲ့ကျောင်းမှာရောင်းတာလဲ ဒီမုန့်ပဲ၊ ဒါပေမဲ့ အမေက သားတို့သုံးယောက်ဆိုတော့ မုန့်ကိုအတွဲလိုက်ဝယ်ရင် ပိုဈေးသက်သက်သာသာရတယ်။ တစ်ခါဝယ်ရင် တစ်ခုစာလောက်သက်သာတယ်။ သုံးခေါက်လောက်ဝယ်ရင် သားတို့အတွက် တစ်ရက်ဖိုး အမေတို့သက်သာတယ်။ တစ်ရက်ဖိုးပိုရတော့ သားတို့အတွက် လိုအပ်တဲ့ဒိပြင်အရာတွေ ၀ယ်ဖို့ဆုထားနိုင်တာပေါတဲ့။ ကျွန်တော်တို့မိသားစု လခပေါ်မှာပဲ သုံးနေရတော့အပြင်အကြွေးဘယ်ကင်းပါ့မလဲ။ ဒါပေမဲ့ ကျွန်တော်တို့သုံးယောက်စလုံးကိုတော့ ပညာရေး ပြည့်ပြည့်၀၀ပေးနိုင်ခဲ့တဲ့ အဖေနဲ့အမေကို အမြဲတမ်းကျေးဇူးတင်မိတယ်ဗျာ။

ကျွန်တော်တို့အရွယ်ရောက်လာတော့ အဖေက မင်းတို့ဝန်ထမ်းမလုပ်ကြနဲ့တဲ့။ အပြင်စီးပွားရေးကို နံမည်တစ်ခုယူပြီး အဲဒီနံမည်နဲ့မင်းတို့တစ်သက်လုပ်စား၊ မင်းတို့သားသမီးကို ကျန်တာအမွေမပေးနိုင်ရင်တောင် အဲဒီနံမည်ကို အမွေပေးဆက်လုပ်စားပါစေတဲ့။ နံမည်မပြောင်းခိုင်းနဲ့တဲ့။ မင်းတို့သားသမီးတွေ အဲဒိအမွေကို ထိန်းသိမ်းနိုင်အောင် မင်းတို့ သင်ပေးခဲ့တဲ့။ အဖေဘာကြောင့်ဒီလိုပြောတာလဲ ကျွန်တော်နားမလည်ဘူး။ အဖေဘာဆိုလိုတယ်ဆိုတာ ရွာသူရွာသားတွေ သိခဲ့ရင် ကျွန်တော့်ကိုပြောပြပေးပါ။

 

 

Categories မခွဲတတ်တော့လို့ Ideas & Plans ထဲထည့်လိုက်တယ်။ မှားခဲ့ရင် အကြံပေးကြပါအုံးဗျာ

 

About ကောင်းမြတ်သူ

has written 7 post in this Website..