ညအက်သံ

လင္းစက္ရာFebruary 6, 20121min672

သွေးစုပ်ဖုတ်ကောင်ဆန်ဆန်
အမှောင်   ၊  ခံစားမှု
ကပြောင်းကပြန် ကိုယ်ခန္ဓာ
လွတ်ကျနေသော ဝါကျများ
မနေ့တစ်နေ့က ရှိနေသေးတဲ့________၊
ဒီနေ့နဲ့မနက်ဖြန်
ရှိပါဦးတော့မလား ?

ရထားတစ်စင်းနင်းကြိတ်ခံရတာတောင်
ခေါင်းထောင်ကြည့်ပြီး
နံပါတ်မှတ်တယ် ။ (ဖို့ကြိုးစားတယ် ။ )
ကဲ…
ဘယ်လောက်များ
သူရဲကောင်းဆန်လိုက်ပါသလဲ ?

နှင်းဆီပွင့်ချပ် ၊
အမည်းရောင်အသည်းပုံ ၊
အဆိပ်လူးမြား ၊
ခေါက်သိမ်းထားလိုက်စမ်းပါ
သင်တုန်းဓါးတစ်လက်လို…။

ခဲဖျက်တစ်တုံးရဲ့
အဖျက်စွမ်းအား ၊
နူကလီးယားဗုံးတစ်လုံးရဲ့
အဖျက်စွမ်းအား ၊
ငြိမ်းချမ်းမှုချင်း
ဘယ်လောက်တောင် ကွာခြားလိုက်ပါသလဲ ?

သမိုင်းဝင်တဲ့
အလှဆုံးလက်နက်များ ၊
သမိုင်းမဝင်တဲ့
မျက်ရည်အပိုင်းအစများ ၊
‘ ပန်း ‘ ဆိုတာ
နှစ်ခါပြန်မဖူးကြဘူးရယ်…။

အကွာအဝေးတွေ
ပုံသဏ္ဍာန်ပျက်လာတယ် ။
ဖန်ဆင်းမှုဆိုတာ
စနစ်တကျ ရှုပ်ထွေးမှုနဲ့
ရှုပ်ထွေးစွာ စနစ်ကျမှုလို့
ဆိုတဲ့လူက ဆို…၊
အကြောင်းအကျိုးတရားက
အရိုးစွဲနေခဲ့မှတော့
‘ ကယ်တင်ခြင်း ‘ ကို
မတပ်မက်မိတော့တာ အမှန်….။

လမ်းမှန်မှန်လျှောက်
ရေများများသောက်
လေဝဝရှူ
organic တွေစား
ကမာ္ဘခပ်စောင်းစောင်းက
အဟောင်းတွေပဲ ကောင်းလာသလိုလို….။

ထားလိုက်ပါ
ဒါတွေ….
အစပြန်ကောက်ကြစို့ရဲ့…..

ပျားရည်စက်က
ဓါးသွားပေါ်မှာမှ ပိုချိုနေလို့…
ဝတ်မှုန်အစအနတွေထဲက
ရတတ်သမျှအဆိပ်နဲ့
သွေးတဖျင်းဖျင်း ပွက်လာတယ်….။

အိမ်ခေါင်မိုးပေါ်က
ဝိညာဉ်တွေရဲ့ချောင်းဆိုးသံ  ၊
အဝေးက
နာရီအိုရဲ့ ကြို့ထိုးသံ  ၊
လမ်းမပေါ်က
တွားသွားသတ္တဝါတွေရဲ့ ညည်းသံ  ၊
သစ်ရွက်တွေရဲ့
လန့်ဖျားနာကြည်းသံ ၊
( အားလုံးနဲ့ )
………………………….
………………………….
သွေးအစက်စက်ရဲ့သီချင်းကို
ဒီည…ငါဆိုတယ်……….။    ။
လင်းစက်ရာ

2 comments

  • bluerose

    February 7, 2012 at 1:28 pm

    အားပေးသွားတယ်နော်

  • သမိုင်းဝင်တဲ့
    အလှဆုံးလက်နက်များ ၊
    သမိုင်းမဝင်တဲ့
    မျက်ရည်အပိုင်းအစများ ၊
    ‘ ပန်း ‘ ဆိုတာ
    နှစ်ခါပြန်မဖူးကြဘူးရယ်…။
    နှစ်ခါပြန်မဖူးတဲ့ ပန်းလေးအလှကို အားပေးသွားတယ်နော်

Leave a Reply