မန်းသူမန်းသားများနဲ့ ကျွန်တော်။

black chawFebruary 7, 20124min18347

မဒမ်ဘလက်နဲ့ ကျွန်တော် 4-2-2012 စနေနေ့ မနက် ၅ နာရီတိတိမှာ မန္တလေးခရီး စတင်ခဲ့ပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ လမ်းပိုင်းက လှိုင်းတွေ တော်တော် များနေတာကို သတိထားမိပါတယ်။ ၁၁၅ မိုင် ကိုရောက်တော့ မနက် ၈ နာရီ။ အိမ်က ဘာမှ စားမလာသဖြင့် ဖီးလ် မှာ နံနက်စာ စားဖြစ်ကြပါတယ်။ စားသောက်ပြီး ဓါတ်ဆီ ဆိုင်မှာ ဓါတ်ဆီ ဝင်ဖြည့်။ နေပြည်တော်ဘက်သို့ ဆက်ထွက်ခဲ့ကြသည်။ လမ်းက လှိုင်းတွေ တော်တော်ဆိုးနေပါသည်။ နေပြည်တော် တိုးဂိတ်ကိုရောက်တော့ မနက် ၁ဝ နာရီ။ နေပြည်တော်ကျော်တော့ လမ်းက လှိုင်းမရှိတော့။ တော်တော် သိသာသည်။ ရှုခင်းလေးတွေကလည်း လွင်ပြင်ကျယ်ကျယ် ပြန့်ပြန့်ဆိုတော့ သာသာယာယာ ရှိသည်။ ၂၈၄ မိုင် မိတ္ထီလာ ရပ်နားစခန်းကိုရောက်တော့ မနက် ၁၂ နာရီ ထိုးလုလု။ ဖီးလ်မှာပဲ ထမင်းစား ကြသည်။ စားသောက်ပြီး ခရီးဆက်ကြပြန်တော့ မွန်းလွဲ ၁ နာရီ ခွဲလောက်မှာ မန္တလေး တိုးဂိတ်ကိုရောက်ပါပြီ။ လေဆိပ်အဝိုင်းအရောက်မှာ ရန်ကုန်-မန်း လမ်းဟောင်းဘက်သို့ ညာကွေ့ချလိုက်ပြီး စဉ့်ကိုင် သို့ ခရီးဆက်ကြတယ်။ စဉ့်ကိုင်မှာ မဟာသိမ်တော်ကျောင်းမှ ဆရာတော်ကို ဝင်ရောက် ဝတ်ပြုကြသည်။ မန္တလေးရောက်တော့ ညနေ ၆ နာရီ။ ရေချိုးပြီးတော့ ကိုပေါက်ကို ဖုန်းခေါ်လိုက်တော့ သူရှိမယ့်နေရာကို ချိန်းပါတယ်။ တိုက်ဆိုင်ချင်တော့ ကိုပေါက် ချိန်းတဲ့နေရာ က ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ လုပ်နေတဲ့နေရာ ကွက်တိ။ ကားပေါ်ကဆင်းပြီး ဓါတ်ပုံတစ်ချို့ရိုက်ဖြစ်ပါတယ်။ ပြပွဲထဲ ဝင်မလို့လုပ်နေတုန်း ကိုပေါက်ရောက်လာတာ မြင်သဖြင့် မဝင်ဖြစ်တော့။ ကိုပေါက်ကို ခေါ်ပြီး ဆရာမကြီး TTNU တို့အိမ်သို့ နှစ်ယောက်သား ချီတက်ခဲ့ကြပါတယ်။ မန်းသားစစ်စစ်ကြီး ကိုပေါက်ရဲ့ ဦးဆောင်မှုနဲ့ သွားတာတောင် လမ်းကျော်သွားပါသေးတယ်။ ဆရာမကြီးအိမ်ကိုရောက်တော့ ဆရာမကြီးက ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်ပါတယ်။ တကယ့် ဆရာရင်း တပည့်ရင်းတွေ ပြန်တွေ့ကြသလို ဖီလင်မျိုးပါပဲ။ အဲဒီအချိန်မှာတွေးမိတာ တစ်ခုက မန္တလေး ဂဇက် ရဲ့ အရိပ်အာဝါသ က ကျွန်တော်တို့ ကို စုစည်းစေခဲ့တာပါလားဆိုတဲ့ အတွေးလေးပါပဲ။ ကျေးဇူးပါ သူကြီးရေ။ ဆရာမကြီးက အခုထိ အင်္ဂလိပ်စာသင်တန်းတွေဖွင့်ပြီး စာသင်နေတုန်းပါ။ ရန်ကုန်မှာဆို ဆရာဦးဝင်းနိုင်တို့ သင်တန်းမျိုးတွေပေါ့။ ဆရာမကြီးက ကိုကာကိုလာ ဗူးကြီးတစ်ဗူးနဲ့ ဖန်ခွက်နှစ်ခွက်ချပေးပြီး ကျွန်တော်နဲ့ ကိုပေါက်ကို ဧည့်ခံပါတယ်။ ချောကလက်တွေလည်း ချကျွေးပါသေးတယ်။ ကျွန်တော်က ရန်ကုန်က ပါလာတဲ့ သုံးဆယ်ဆရာတော်ကြီး အတ္ထုပတ္တိ စာအုပ် အတွဲ သုံးတွဲကို ဆရာမကြီးဖတ်ဘို့ လက်ဆောင်ပေးပါတယ်။ ခဏနေတော့ နန်းမတော်မယ်ပုချ်လို့ ကိုပေါက်နာမည်ပေးထားတဲ့ pooch ရောက်လာပါတယ်။ ပုချ်က သူရေးတဲ့စာတွေနဲ့ စာရင် အတော် ငယ်သေးတယ်လို့ မှတ်ချက်ချရမှာပါ။ သူရေးခဲ့တဲ့ နန်းမတော်မယ်နုလို ထက်ထက်မြက်မြက် ရှိမယ့် ရုပ်မျိုးပါ။ ပုချ်အတွက်တော့ ကျွန်တော်က ဆရာထိပ်တင်သက်ရဲ့ ဘာသာပြန်စာအုပ် မှန်နန်းတော်ဆိုတဲ့ သမိုင်းနောက်ခံ ဝတ္ထုတစ်အုပ်လက်ဆောင်ပေးဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဆရာနေဝင်းမြင့်ကလည်း ရေကန်သာကြာတိုင်းအေး နာမည်နဲ့ ဘာသာပြန်ပြီး အမျိုးသားစာပေဆုတောင် ရသွားပါသေးတယ်။ ပုချ်က သမိုင်းအကြောင်းတွေ အရေးများလို့ သမိုင်း စိတ်ဝင်စားမယ် ထင်မိလို့ပါ။ စကားပြောကြရင်း ကိုပေါက် နဲ့ မဒမ်ပေါက်တို့ရဲ့ ၂၉ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့က ၅ ရက်နေ့ လို့ သိလိုက်ရပါတယ်။ အဲဒါနဲ့ ကိုပေါက်နဲ့ မဒမ်ပေါက်အတွက် ဆရာနေဇင်လတ်ရေးတဲ့ စာအုပ်တစ်အုပ် အမှတ်တရ လက်ဆောင်ပေးဖြစ်ပါတယ်။ ဆရာမကြီးက ကျွန်တော်တို့ လင်မယားကို မနက်ဖြန် နေ့လယ်စာ ကျွေးမယ်ဆိုတော့ အားနာနာနဲ့ ငြင်းရပါတယ်။ ကျွန်တော်တို့က မနက်စောစော ရန်ကုန်ပြန်မှာမို့ပါ။ ဆရာမကြီးက သားဖြစ်သူ ကိုဆန်နီကို ချက်ခြင်း ဖုန်းဆက်ပါတယ်။ ကိုဆန်နီကလည်း ဒီညစာပဲ ရွှေဘဲမှာကျွေးတော့မယ်ဆိုပြီး ချက်ခြင်းရောက်လာပါတယ်။ ရွာထဲမှာ ကွန်းမန့်တွေနဲ့ အပြန်အလှန်ရင်းနှီးနေခဲ့ကြပြီးသား ဆိုတော့ အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးစရာမလိုတော့ပဲ ချက်ခြင်း ရင်းနှီးသွားကြပါတယ်။ ပြီးတော့ ဆရာမကြီး စာသင်ခန်းထဲမှာပဲ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကိုဆန်နီက ကင်မရာမန်း။ ကျွန်တော်ရယ် ကိုပေါက်ရယ် ဆရာမကြီးရယ် ပုချ်ရယ် က မော်ဒယ်လ် တွေပေါ့ခင်ဗျာ။ ဆရာမကြီးက ကျွန်တော့်ကို စာအုပ်တစ်အုပ်လက်ဆောင် ပြန်ပေးပါတယ်။ ဆရာမကြီးနဲ့ ပုချ်ကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ ရွှေဘဲကို ဆက်ချီတက်ခဲ့ကြပါတယ်။ ရွွှေဘဲကိုရောက်တော့ ဖုန်းတွေနဲ့ ဟိုချိတ်ဒီချိတ် ချိတ်လိုက်ကြတာ မောင်ပေရယ် ကိုစိန်သော့ရယ် ကိုရွှေမင်းသားရယ် ပါ ရောက်လာတော့ ကျွန်တော်တို့ စားပွဲသောက်ပွဲက ပိုမြိုင်သွားပါတော့တယ်။ မောင်ပေကတော့ ရန်ကုန်သားတွေ အကုန်နီးပါး သိပြီးသားမို့ သူ့အကြောင်းမပြောပြတော့ပါဘူး။ ကိုစိန်သော့ ဆိုတဲ့ လူကလည်း နာမည်နဲ့ လိုက်အောင်ကို ရိုးဂုဏ်ရှိတဲ့ လူပါ။ ရွှေမင်းသားဆိုတဲ့ ဓါတ်ပုံဆရာလေးကတော့ ဗီဒီယိုမင်းသားလုပ်လို့ရတဲ့ ရုပ်မျိုးခင်ဗျ။ ကိုဆန်နီကတော့ ကျွန်တော်တို့ အရွယ်တန်းပါခင်ဗျာ။ ဥပဓိရုပ်ကောင်းကောင်းနဲ့ ဩဇာရှိတဲ့ ရုပ်မျိုးပါ။ ကျွန်တော့်အတွက် သူ့တပည့်တွေကို ပစ်ထားခဲ့ပြီး ထွက်လာခဲ့တယ်ဆိုလို့ အားနာရပါသေးတယ်။
စားကြသောက်ကြရင်း ပြောလိုက်ဆိုလိုက်ကြတာ ငယ်ပေါင်းကြီးဖေါ်တွေ အတိုင်းပါပဲ။
ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသပါလို့ အကြည်တော် ကပြောခဲ့ဘူးပါတယ်။
ရွှေဘဲမှာ ကျွန်တော် ဒုက္ခလေးနည်းနည်း တွေ့ရတာလေးကို အခု ဟာသအဖြစ်ပြန်ပြောပြချင်ပါတယ်။
ကျွန်တော်တို့ စကားတွေပြောနေကြတုန်း ကျွန်တော့်ကျောပြင်ပေါ်ကို ဟင်းချိုပူပူတွေ မတော်တဆ မှောက်ကျတာကို ကြုံလိုက်ရတာပါ။ ဟင်းချိုတွေက အိုးကချလာကာစ ဆိုတော့ အတော်ပူပါတယ်။ ဖြစ်ချင်တော့ ကျောကနေ စီးကျပြီး ကျွန်တော် ဝတ်ထားတဲ့ ရှော့ပင် ကိုပါ ဆိုကုန်တာပါ။ စည်းကပ်ကပ်နဲ့ လူက ထိုင်လို့ မကောင်းတော့ပါဘူး။ လူတွေကလည်း အများကြီးခင်ဗျ။ ဒေါသကလည်း တော်တော်ထွက်သွားတာပါ။ ဪ ငါ ဧည့်သည်ပါလား ဆိုတဲ့ စိတ်ကလေးနဲ့ ကျွန်တော် စိတ်ကိုတည်ငြိမ်အောင်ပြန်ထိန်းလိုက်နိုင်ပါတယ်။ ချက်ခြင်း ဖြစ်သွားတဲ့ ဒေါသအတွက် ရှက်တောင်ရှက်မိသွားပါသေးတယ်။ အော် ငါရိုင်းများသွားလေသလားပေါ့။ မန်းသားတွေကြားမှာ ရန်ကုန်သား ယဉ်ကျေးမှု မရှိရာ ကျနေလေရော့သလားပေါ့ဗျာ။ အဲဒါလေးပါ။ အခုပြန်ပြောတော့ ဟာသပေါ့ဗျာ။
စားသောက်ပြီးတော့ ကိုပေါက်နဲ့ ရွှေမင်းသားက အရင်ပြန်ကြပါတယ်။ ကျွန်တော်ရယ် ကိုဆန်နီရယ် ကိုစိန်သော့ရယ် ကိုပေရယ်က ရွှေဘဲရှေ့မှာ ဓါတ်ပုံရိုက်ကြပါသေးတယ်။ ကိုပေက ကျွန်တော့်ကို ကာရာအိုကေ လိုက်ပို့မယ်ပြောပါသေးတယ်။ သို့သော် ကျွန်တော် ခရီးပန်းနေပြီ ဖြစ်တာကြောင့် မသွားဖြစ်တော့ပဲ အိမ်ကိုသာ ပြန်ခဲ့ပါတော့တယ်။
မနက်ကျတော့ ကိုပေါက်တို့လင်မယားနဲ့ တော့ချွိုက်စ် လဖက်ရည်ဆိုင်မှာ ဆုံပြီး စကားပြောဖြစ်ပါသေးတယ်။ ကိုပေါက်က သူရေးတဲ့ ဆောင်းပါးတွေပါတဲ့ ဂျာနယ်တွေ နဲ့ ပြက္ခဒိန်တွေ လာပေးပါတယ်။ ကိုပေါက်က အပြင်မှာလည်း စာရေးဆရာတစ်ယောက်ပါခင်ဗျာ။
မန်းက မနက် ၁ဝ နာရီလောက်ထွက်ဖြစ်ပါတယ်။ အပြန်မှာတော့ မိတ္ထီလာ FAMOUS မှာ နေ့လယ်စာ စားကြပါတယ်။ FAMOUS က ခရီးသွားသံဃာတော်တွေမှန်သမျှကို အမြဲတမ်း အခမဲ့ ဆွမ်း ကျွေး တဲ့အကြောင်းလေး ဒီနေရာက သတင်းကောင်းပါးပါရစေခင်ဗျာ။ ဆွမ်းချိန်ကျော်သွားရင်လည်း အအေးစသည်ဖြင့် ကပ်ပါတယ်တဲ့။ သာဓု သာဓု သာဓု ပါဗျာ။ ကိုသစ်မင်း ရေးခဲ့ဘူးတဲ့ အလှူပို့စ်လေးထဲက အတိုင်းပဲဗျ။ တစ်နေ့ခြင်း ဆွမ်းကပ်လာခဲ့တာ သံဃာတော်အပါး ၁၅၀၀ဝ ကျော် ဆွမ်းကပ်ခဲ့ပြီးပါပြီတဲ့။ လမ်းမှာ ကလေးငယ်တစ်ယောက် တံပျက်စည်း ပင်တွေ သယ်လာတာတွေ့လို့ ဓါတ်ပုံဆင်းရိုက်ဖြစ်ပါတယ်။ မဒမ်ဘလက်က မုန့်ဘိုးတစ်ထောင်နဲ့ shark တစ်ဗူးပေးလိုက် တော့ ပျော်သွားတာလေးကို ဓါတ်ပုံတောင် မရိုက်ရက်တော့ပါဘူး။ ချောင်းသာက ကလေးလေးတွေကို ဓါတ်ပုံရိုက်တင်တဲ့ etone ကိုတောင် သတိရလိုက်ပါသေးတယ်။ လမ်းတစ်လျှောက်အေးအေးဆေးဆေး ဓါတ်ပုံရိုက်လိုက် မောင်းလိုက်နဲ့ ရန်ကုန်ကို ညနေ ၆ နာရီလောက် ရောက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော့် ရဲ့ မန္တလေးသို့ ခရီးသွားခြင်းကတော့ ဒီလောက်ပါပဲ။ တစ်ခုသတိပေးချင်တာက အမြန်လမ်းကိုသုံးမယ်ဆိုရင် ရန်ကုန်-နေပြည်တော် အသွားလမ်းပိုင်း လှိုင်း များနေပါတယ်။ သတိထားပြီးမောင်းကြပါ။ နေပြည်တော်-ရန်ကုန် အပြန်လမ်းပိုင်းကတော့ လှိုင်းနည်းနည်းပဲ ရှိပါတယ်။ မန်း-နေပြည်တော် ဘက်ပိုင်းကတော့ အိုကေပါတဲ့အကြောင်း သတင်းလေးပေးပါရစေခင်ဗျာ။
ဒီပို့စ်လေးကို ကျေးဇူးတင်စကားလေးနဲ့ နိဂုဏ်းချုပ်ခွင့် ပြုပါခင်ဗျာ။
မန်းသူမန်းသားတွေ ဖြစ်တဲ့ ကိုပေါက်၊ တီချာကြီး TTNU ၊ ပုချ် ၊ ကိုဆန်နီ ၊ ကိုစိန်သော့၊ ကိုပေ ၊ ကိုရွှေမင်းသားတို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နောက် ကျွန်တော်တို့ ဒီလို မတွေ့ဘူး မမြင်ဘူး မသိဘူးကြသူတွေကို စုစည်းခင်မင်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ မန္တလေး ဂဇက် နဲ့ သူကြီးတို့ကိုလည်း ကျေးဇူးစကားပြောချင်ပါတယ်။ မန်းဂဇက်ဆိုတော့ ပဲ့ကိုင်ရှင် သူကြီး ပါကိုပါရမှာ ပေါ့ဗျာ။
အဲအဲ သူကြီးရေ။ သူကြီးပေးလိုက်တဲ့ လက်ဆောင်လည်း အခုပဲ သွားယူတော့မှာ ခင်ဗျ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။
နောက် ဒီပို့စ်ကို ဖတ်ကြတဲ့ ရွာသူရွာသားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မန္တလေး ရဲ့ ပါရာဒိုင်း အသစ်။ ရန်ကုန်ကလာတဲ့လူတွေကို ဒီအဝိုင်းကြီးက ဆီးကြိုနေပါတယ်ဗျာ။ ဒါ အမြန်လမ်းမကြီး အဆုံးပါပဲ။
မိုင်တိုင် ၃၅ဝ မှာ ရှိနေတဲ့ စေတီတော်။ နာမည်တော့ မသိဘူးဗျ။
အမြန်လမ်းဘေးက နွားလှည်းတစ်စီးကို လက်ဆော့ထားတာပါ။
အမြန်လမ်းပေါ်က ရှုခင်း တစ်ခု။
အရွယ်နဲ့ မမျှတဲ့ အလုပ်ကိုလုပ်နေရရှာတဲ့ ဘဝတစ်ခု။
နားမလည်စွာကြည့်နေတဲ့ ကလေးငယ်ရဲ့ အကြည့်။
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ အပြင်ဘက်က မြင်ကွင်း။
၁၁၅ မိုင် မှာ အသစ်ဖွင့်လိုက်တဲ့ TRAVELLER'S Inn
မိုင်တိုင် အမှတ် ၄ နားက ဆည်းဆာချိန်။
နှုတ်ဆက်သွားတဲ့ နေမင်းကြီး။
ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ဝေးသွားတဲ့နေမင်းကြီး။
နှုတ်ဆက်ခဲ့ပါတယ် မန္တလေးရေ။

47 comments

  • Moe Z

    February 7, 2012 at 10:27 am

    ပျော်စရာကြီးပါလား ဘဘဘလက်ရေ အားကျပါ၏ 🙂
    လေးပေါက်တို့ မမပူးချ်တို့ရေ မိုးစက်လည်း နောက်လထဲတော့လာဖြစ်မယ်
    ကြိုပြီးသတင်းပေးထားလို့ မရှောင်ရ 😀

    • စိန်ပေါက်ပေါက်

      February 7, 2012 at 11:13 am

      ကိုမိုးဇက် မသွားခင် ဘီအီးအကြွေးလေး ဆပ်သွားစေချင်ပါတယ်..
      ဒီနေ ့ရောင်းရငွေဟာ မနက်ဖြန်အတွက် ထမင်းစရိတ်ဖြစ်လို ့ပါ

      • Moe Z

        February 7, 2012 at 11:22 am

        အမယ်လေး ဒေါ်စိန်ပေါက်ရယ် ရောင်းရသမျှငွေက မိတ်ကပ်ဖိုး နှုတ်ခမ်းနီဖိုးနဲ့ကုန်နေပြီးတော့များ ထမင်းဖိုးလုပ်နေသေးတယ် ကလေးတွေကိုလည်း ထမင်းဝဝကျွေးပါဦး ကျုပ်မသွားခင် အထည်ဖိုးတွေအကုန်ရှင်းပေး ဒါဗျဲ 😀 😀

    • inz@ghi

      February 7, 2012 at 11:19 am

      ဟုတ်ပါတယ် ကိုမိုးဇက် …
      သများတို့ ဆိုင်က ဒညင်းသီး နဲ့ လက်ဖက် ၂၀ဝဖိုး အကြွေးယူမြည်းသွားတာလည်း
      မန်းလေး မသွားခင် ပြန်ပေးစေချင်ပါတယ်….။

      😀

    • pooch

      February 7, 2012 at 11:26 pm

      မိုးဇက်ရေ အမဖုန်းနံပါတ်ပေးထားမယ်လေ ရောက်ရင်ဆက်လိုက် 🙂

      ကိုဘလက်ပေးတဲ့ စာအုပ်ကို အလွန်နှစ်သက်ပါတယ် ။ တကူးတက ပေးတာ ကျေးဇူးတင်ပါတယ်။ ဟင်းရည်ပူလောင်သွားတာလေးက အမှတ်တရပေါ့။ မဟုတ်ရင် သတိရမှာမဟုတ်ဖူး။ 😀

      နောက်ခါလာရင် မဒမ်ဘလက်ကိုရော တွေ့ရအောင် ခေါ်ခဲ့ပေးပါ။ ဒါနဲ့ ကိုဘလက်ရေ အမှန်က ကျမက မထက်မြက်ပါဘူး ။ တုံးတိတိနဲ့ ပြောချင်တာတွေ လျှောက်ပြောတတ်တာ တခုပါပဲ။ ပြီးတော့ နည်းနည်းစွာတယ်။ :mrgreen:

  • စိန်ပေါက်ပေါက်

    February 7, 2012 at 10:54 am

    ဟာ..
    အူးလေးတို ့…မောင်ပေက ကာဒါအိုခေ လိုက်ပို ့တာ ဘာပြုလို ့မလိုက်သွားတာလဲဂျာ
    နာ၏တာ..
    သများသာဆို နန် ့နန် ့နန် ့နန် ့နဲ ့ အူးဆောင်ပြီး ခေါ်တွားမှာ..
    ဘောဒါတွေဆုံလာဘီဆို မိုက်ခဲမယ်..ရို ့..ရို ့..မိုက်ခဲမယ်..အို့ ..ရို ့. 😆
    ဓာတ်ပုံလေးတွေ မိုက်သဗျာ.
    ပန်းချီကားတွေကျနေတာပဲ
    သများလဲ ဓာတ်ပုံရိုက်သင်ဦးမယ်.
    မန်းသူမန်းသားတွေ သဘောပြည့်မနောပြည့်အကုန်ပြည့်တာတော့ ယုံသဗျာ..
    အူးဘလက်ဂျီး အိုခေဆင်ပြေအောင် ဧည့်ခံကြတာ များတောင် လည်လည်ဒိုးချင်သွားတယ် 😀

  • amatmin

    February 7, 2012 at 11:01 am

    ဝင်ဖတ်ပြီးမုဒိတာ ပွားသွားပါတယ် ကိုဘလက်ရေ..
    ကျောင်းနေရွယ်ကလေးတွေ ဝမ်းရေးအတွက် လုပ်ကိုင်စားနေတာလေးတွေ မြင်ရတိုင်းရင်မောရပါ၏..
    ဒုတိယမြောက်ပုံက စေတီတော်အမည်နာမလေး ကျနော်လည်းသိချင်သား..တလောလေးက မြင်ခဲ့ရလို့ပါ..
    ဒါနဲ့ကိုဘလက်မရိုင်းပါဘူးဗျ.လိုအပ်လို့ထွက်လာတဲ့ ဒေါသကိုထိန်းလိုက်နိုင်တာကိုက လူယဉ်ကျေးလုပ်ရပ်ကိုးး
    မန်းလေးရောက်ဖြစ်ရင်တော့ ကိုစိန်သော့တင်ထားဖူးတဲ့ ထမင်းဆိုင်လေးကိုသွားစားအုံးမယ်.. 🙂

    • စိန်ပေါက်ပေါက်

      February 7, 2012 at 12:11 pm

      ဟုတ်ပါတယ်..ဒေါ်ဘလက်ရေ
      ဒီအဒေါ်ကြီး ပြောသလိုပါပဲ..မရိုင်းပါဘူး
      သည်းခံခြင်းဟာ အောင်မြင်ခြင်းပဲ ဖြစ်ပါတယ်..

  • TTNU

    February 7, 2012 at 12:55 pm

    ကိုချောရေ…
    မင်းလေဒီနဲ့အတူတူကို ဧည့်ခံကျွေးမွေးချင်တာပါ။ တီချာလည်းမင်းကိုတွေ့တွေ့ချင်း
    တပည့်ရင်းတစ်ယောက်တွေ့ရသလိုခံစားမိပါတယ်။

    ဒီတစ်ခါလာရင် ဟင်းရည်ပူလောင်မိတဲ့ ရွှေဘဲ မသွားတော့ဘဲ
    အခြားဆိုင်သွားကြတာပေါ့နော။

    Dသော့နဲ့ Sသားကိုလည်းမတွေ့ဖူးသေးဘူး။

    • ရွှေ မင်း သား

      February 7, 2012 at 5:43 pm

      ကျနော်လဲ တီချာကြီးရဲ့ စာတွေဖတ်ပြီးတော့
      တီချာကြီးနဲ့ တွေ့ချင်နေမိတယ်။
      တီချာဆီလာဖို့ လေးပေါက်နဲ့ တော့ ပြောထားတာရှိပါတယ်။
      တစ်ရက်လောက် လေးပေါက်နဲ့ ချိန်းပြီး တီချာ ဆီ လာလည်ပါဦးမည်။

  • ကိုရင်စည်သူ

    February 7, 2012 at 1:01 pm

    အားကျလိုက်တာ ကိုဘလက်ရေ… မန်လေးသူားများကို တွေ့ဆုံခဲ့တဲ့အတွက်
    ထပ်တူ ဝမ်းသာပီတီဖြစ်ပါတယ်… ပထမတော့ ကျနော်၊ လေးဖက်နဲ့ ကိုကမ်းကြီးတို့
    ရထားနဲ့ မန်းလေးတက်မလို့ ကြံနေတုန်း ကိုဘလက်က ခရီးရောက်မဆိုက်
    ရောက်သွားတယ်… ကောင်းပါ့ဗျာာ…
    ကျနော်သွားဖြစ်ရင်တော့ ရွှေဘဲမသွားဘူး။
    ရွှေဘီယာဆိုင်သွားမယ်.. အဟီး 😀 😀

    • inz@ghi

      February 7, 2012 at 1:10 pm

      ဘယ့်နှယ့် ကိုရင်စည်. …
      မန ္တလေးကို မော့သောက်ကြည့်မယ်ပေါ့ ..ဟုတ်စ…??

  • nozomi

    February 7, 2012 at 1:09 pm

    ကိုချော ပို့စ် လေး ဖတ်ပြီး
    မန်းလေးက ရွာသူားတွေကို တွေ့ချင်တာနဲ့
    မန်းလေးတောင် သွားချင်စိတ်ပေါက်လာတယ်

  • inz@ghi

    February 7, 2012 at 1:09 pm

    ရန်ကုန်ပြန်ချင်စိတ် မန ္တလေး လာချင်စိတ်ကို ထိန်းမနိုင် သိမ်းမရဖြစ်စေတဲ့
    ပုံနဲ့ စာတွေပါ ကိုဘလက်ရေ…. အားကျတယ်ဗျို့ ….

    ခုတလော ကြုံတွေ့ လုပ်ကိုင် သမျှမှာ အပြောင်းအလဲတွေများနေလို့ ..
    ဘယ်တော့ လာနိုင်မယ် ဆိုတာ မသိသေးဘူးဗျာ ….
    အခြေအနေများပေးရင်တော့ လူစုပြီး သွားချင်သား….

    ခင်တဲ့
    ဂီ

    • ကိုရင်စည်သူ

      February 7, 2012 at 1:17 pm

      သွားရင်တော့ လူစုပြီး ရထားနဲ့ သွားမယ်..
      ရထားပေါ်မှာ အထူးတန်းယူပြီး..
      ပလက်တီနမ်လေဘယ်လေးနဲ့…
      မန်းလေးတက်လိုက်ရလို့ကတော့..
      သေပျော်ပါပီ… 😎 😎

      ခင်တဲ့
      စည်

  • Diamond Key

    February 7, 2012 at 2:05 pm

    ကိုချောကြီး ခရီး အလယ်ကောင်ကြီး ကားရပ်ပြီး ပုံတွေ ရိုက်နေတယ်ပေါ့လေ။ မဒန်ချောတော့ စောင့်ပေအုံးပေါ့ :mrgreen:

  • ကိုချောရေ တကယ့်အမှတ်တရ ရဲ့အမှတ်တရ
    တေ့လွဲလေးမဖြစ်အောင် ဆွဲစိရတာကို ကပျော်စရာ။
    ဓါတ်ပုံတွေ တကယ်မိုက်တယ် အရင်ပုံတွေနဲ့ဘာမှ မဆိုင်ဘူး။

  • ကောင်းတာက သင်္ကြန်ရက် ရန်ကုန်အဖွဲ့တွေအားလုံး ကားစင်းလုံးငှားပြီးတက်ခဲ့ကြဗျာ။
    မန်းသင်္ကြန်ပျော်ဘို့ကောင်းတယ်။
    သူကြီးက စရိတ်ထုတ်ပေးလိမ့်မယ်

    • Moe Z

      February 7, 2012 at 2:45 pm

      သင်္ကြန်တော့ တရားစခန်းဝင်မယ်လေးပေါက်ရေ
      တစ်နှစ်မှတစ်ခါရတဲ့ပိတ်ရက်ရှည်လေး အကျိုးရှိအောင်လုပ်ရမယ်
      နောက်လ တကယ်လာမှာနော်။

      • pooch

        February 7, 2012 at 11:31 pm

        အတူတူပဲမိုးဇက်ရေ တို့လည်း စခန်းဝင်မှာ ။ ဆက်တိုက်ဝင်တာ ၅ နှစ်လောက်ရှိနေပြီ။ မနှစ်က အကြောင်းကြောင်းကြောင့် မဝင်ဖြစ်တာ။ ဒီနှစ်ကို အဒေါ်တာဝန်ကျရာ ကျိုင်းတုံလိုက်ရမလား ရိပ်သာပဲ ဝင်ရမလား မလား မလား ဖြစ်နေတာ။ ရိပ်သာပဲ သွားလိုက်တော့မယ် အခါပြီးမှ သွားလည်လည်း ရတာပဲလေနော့ ။

  • awra-cho

    February 7, 2012 at 2:32 pm

    ဒိုင်းမွန်း ပလာဇာ တို့ဘာတို့ လည်းမရိုက်ခဲ့ဘူးလား မသိ၊ အပြိုင်အဆိုင် ဘီယာဆိုင် လဲမပါ။ လွမ်းလိုက်တာ နော်။

  • blackchaw

    February 7, 2012 at 2:44 pm

    အဲဒါအကောင်းဆုံးပဲဗျာ။
    သူကြီး ပွိုင့်တွေ ကြိုထုတ်ပေးလိုက်ရင် ဘတ်ဂျက်က အိုကေသွားမှာပါ။
    သူကြီးဆီက လက်ဆောင် ရနေပြီ ကိုပေါက်ရေ။
    ကျွန်တော်တော့ နှစ်ရက်လောက် မချွတ်ပဲ ဝတ်ထားလိုက်ဦးမယ်ဗျ။
    အခုလို ကျွန်တော် ဝတ်ဖို့ တီရှပ် လက်ဆောင်ထည့်ပေးတဲ့ သူကြီးတစ်ယောက်
    ရုန်းထွက်လို့ မရနိုင်တဲ့ မြန်မာတွေကို နားလည်သော သူကြီးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။

  • မန်းလေးရောက်ဖြစ်ရင်တော့ ကိုစိန်သော့တင်ထားဖူးတဲ့ ထမင်းဆိုင်လေးကိုသွားစားအုံးမယ်.. 🙂
    ကိုသော့ ခင်ဗျားဒီထမင်းဆိုင်ကို ကျနော့် ခေါ်မသွားရင် ခင်ဗျားနဲ့ကျနော်သံတမန်ဖြတ်မယ်။
    မိုးဇက်ရေ
    အတော်ဘဲ ဂီကလဲနောက်လ မတ်လထဲလာမှာတဲ့။
    အတူတူသွားကြမယ်နော့်။
    ကိုချော
    မန်းလေး ပေါက်ပေပု အသင်းဝင်က သုံးယောက်။
    သူကြီးပေးမှာက တစ်ခုထဲဆိုရင်တော့
    ………………………………………………ကွိုင်

  • blackchaw

    February 7, 2012 at 3:24 pm

    ကိုသော့ကြီးတင်ထားတဲ့ ထမင်းဆိုင်ကို
    ဒီတစ်ခါ လာရင် သွားစားကြမယ်ဗျာ။
    မတ်လထဲပဲ ကျွန်တော်ကလည်း လာမှာဗျ။
    ဒီတစ်ခါလာရင် ကိုသော့ဆီက ဓါတ်ပုံသင်တန်းပါ တက်မယ်လို့ စိတ်ကူးထားပါတယ်။
    ကိုသော့အနေနဲ့ ထမင်းလည်း လိုက်ကျွေး၊ နေ့လယ်ခင်း လဖက်ရည်လေးတိုက်၊
    ညနေခင်း ဘီယာလေးနည်းနည်းပါးပါးတိုက်မယ်ဆိုရင် တပည့်ခံတော့မည်ဖြစ်ပါကြောင်း။
    ကိုပေါက်ရေ။ အဲဒီလက်ဆောင်ကို ဒီလိုစီစဉ်လိုက်ဗျာ။
    ကိုပေါက်တို့ ဓါတ်ပုံပဟေဌိ အဖြေမှန်တဲ့သူကို ဆုပေးလိုက်။
    မကောင်းဘူးလား။…:D

    • နေဝန်းနီ

      February 7, 2012 at 4:07 pm

      နာ့ မထော်ဘူးရား ဟင့် ဟင့် ရွှတ် ….။ :)) ;)) ;;) 😀 😉 :p :(( 🙂 🙁 :X =(( 😮 :-/ :* 😐 8-} :)] ~x( :t b( :-L x( =))

    • Diamond Key

      February 7, 2012 at 4:21 pm

      အားပါး ………….. သင်တန်းကြေး အတော်ကောင်းဗျာ …….. အချိန်ရအောင်သာ လာပါဗျာ .. လိုက်ပို့ရမှာပေါ့ 😀

  • MaMa

    February 7, 2012 at 6:02 pm

    ကိုချောတစ်ယောက်တော့ မန်းလေးသားတွေ ဧည့်သည်များအောင် လုပ်နေပါပြီ 😛
    ဓာတ်ပုံတွေကို တစ်ပုံတစ်မျိုး မရိုးရအောင် အရသာတွေပေးတယ်။
    ဒါ့ထက် ဒေါ်စိတ်ပေါက် အဲ ယောင်လို့ ဒေါ်စိန်ပေါက်ကို ခင်လို့ လက်တို့ရဦးမယ်။
    ဟိုတလောကတင် ဆရာဆန်နီ ဝစ်စနှစ်လုံးပေါက်နဲ့ ဒုက္ခရောက်တော့မလို့။
    ဒေါ်စိန်ပေါက်လည်း တအူးတည်း အူးနေတာ ဝစ်စနှစ်လုံးပေါက် ကျန်ခဲ့လို့ကတော့ ကြောင်ကြီးရန်သူဖြစ်သွားမယ်။ 😀

    • စိန်ပေါက်ပေါက်

      February 7, 2012 at 6:18 pm

      ဟုတ်ကဲ့ပါ အကိုရီး

      • MaMa

        February 7, 2012 at 8:56 pm

        ဟားဟားဟား ဘာတတ်နိုင်သေးလဲ ဒေါ်စိန်ပေါက်-
        အကိုရီးနာမည်တော့ ထည့်မပြောနိုင်တော့ဘူး မဟုတ်လား 😆

  • weiwei

    February 7, 2012 at 6:49 pm

    ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ ….
    လောလောဆယ် ခရီးမထွက်အားသေးလို့ သူများတွေသွားနိုင်တာကိုပဲ မုဒိတာပွားပေးတော့မယ် …

  • thit min

    February 7, 2012 at 8:27 pm

    အေးဗျာ။
    အားနာစရာကြီးပါဘဲ။ တီချယ်က ဘော်ဒါစိတ်ရှိတယ်။ ကိုဆန်နီကလဲ ခင်တတ်တယ်ဆိုတော့
    အားလုံး အားနာဖို့ကောင်းနေမှာပါဘဲ။
    အင်း ရွှေဘဲမှာ သွားစားရင် ဟင်းချိုမမှာတော့ဘူးဗျာ။ 🙂
    ကိုဘလက်ကတော့ မန်းတလေးကို မကြာ၊မကြာသွားရတယ်လို့တွေးမိတယ်။
    ခုလို အသိမိတ်ဆွေတွေတိုးနေတော့ သွားရတာ ပိုလို့တောင်ကောင်းတာပေါ့ဗျာ
    —————–
    သူများရဲ့ဆိုဒ်မှာတဲ့ (ဟိုနေ့ကပို့စ်လေးမှာ) အဒ်မင် က လုပ်စားတယ်တဲ့။
    ဒီ ဆိုဒ်ကတော့ အဒ်မင် ကိုလုပ်စားတဲ့ ဆိုဒ်ကွနော်။
    မမြင်ဘူးရင် ကြည့်ထား။
    သူကြီးခမြာ လောလောလတ်လတ် တသိန်း ပေးလိုက်ရပြီ။
    တီရှပ်တွေပို့ပေးလိုက်သေးတယ်။
    ခုလဲ မန်းလေးသွားဖို့ ကားစင်းလုံးနဲ့ ပွိုင့်ကြိုထုတ်ပေးရအုန်းမတဲ့။
    သိပ်မပြောကြနဲ့ သူကြီးကစိတ်မခိုင်ဘူးရယ်။
    အဟုတ်တကယ် ထ ပေးနေမှ ။ 🙂
    (—-ဘိုးဘိုးအောင် ဓားမြောင်နဲ့ ပေါ်လာပြီ—-)

  • surmi

    February 7, 2012 at 11:01 pm

    ဒီတစ်ခါမန်းလေးသွားရင်ပြောဦး—-ဂျလေဘီ လက်ဆောင်ထည်.ပေးလိုက်ချင်လို.—–

  • ကိုဘလက်ချောတို ့လို တွေ ့ကြဆုံကြ၊ပျော်ရွှင်ခွင့်ရချင်မိပါတယ်ဗျာ။
    အရမ်းကို ကြည်နူးစရာခရီးတစ်ခုပေါ့ဗျာ။
    ကိုဘလက်ပြောသလိုပေါ့……အဲဒီအချိန်မှာတွေးမိတာ တစ်ခုက မန္တလေး ဂဇက် ရဲ့ အရိပ်အာဝါသ က ကျွန်တော်တို့ ကို စုစည်းစေခဲ့တာပါလားဆိုတဲ့ အတွေးလေးပါပဲ။ ကျေးဇူးပါ သူကြီးရေ။

  • Khin Latt

    February 8, 2012 at 4:33 am

    ကိုဘလက် ရေ ပုံလေး တွေ အားလုံး ကောင်းလိုက်တာ။ သက်တန့်ကြီးတောင် ပါလိုက်သေး။
    ဟုတ်လားမသိ။ ၄ပုံမြောက်မှာ ????
    ခလေးလေးကို ကြည့်ရတာ စိတ်မကောင်းဘူး။
    Sun Set ကို ကြည့်ရတာ လွမ်းတယ်။
    နောက်ဆို စားစရာပုံတွေပါ တင်ပေးစေလိုပါတယ်။ 😆
    ကျွန်မ လဲ စိတ်နဲ့ လိုက်လည် ပြီး အားလုံးကို မျက်စိထဲ မြင်ကြည့်ခဲ့ပါသည်။
    ရှေးရေစက် ဆိုတာ တကယ်ရှိတယ် ထင်ပါ့။
    အပြင်မှာတစ်ခါမှ မသိဘူး မတွေ့ဘူးတဲ့ လူတွေ ကို ဒီလိုပုံစံ နဲ့ ခင်မင် သွားနိုင်လို့ တစ်ခါမှ မတွေးဘူးဘူး။
    ကိုဘလက် ပြောသလို ဘဲ ဂေဇက် ရဲ့ သူကြီး ကို ကျေးဇူးတင်ရမှာပါ။
    သို့သော် တစ်ခါတစ်ခါ အိပ်ရေးမဝတဲ့ အချိန်မှာတော့ …. အဟမ်း …. 😉

  • etone

    February 8, 2012 at 10:21 am

    ကိုချောကလက်ကြီးရေ … မန်းသူ မန်းသားတွေနဲ့ ဆုံတွေ့တဲ့အကြောင်းဖတ်ရတာ … ဖတ်ရတဲ့ လူပါ .. အပျော်တွေ ကူးစက်စေပါတယ် …. . ။ မန်းလေးကဆိုလို့ …. ကိုပေါက်နဲ့ ကိုပေကိုပဲ တွေ့ဖူးတယ် … ။
    ဖေဖော်ဝါရီလကုန်လောက်ဖြစြ်ဖစ် ၊ မတ်လဆန်းလောက်ဖြစ်ဖြစ် မန်းလေးကိုရက်တို သွားလည်ဖို့ စိတ်ကူးတယ် …. သို့သော် …… စိတ်ဖြောင့်ဖြောင့်နဲ့ သွားဖို့ အခွင့်ရေးရှိပါ့မလား …. တွေးရင်း .. တွေးရင် … ။

  • blackchaw

    February 8, 2012 at 12:48 pm

    etone – ဖတ်ရတဲ့လူကိုပါ အပျော်တွေ ကူးစက်စေပါတယ် ဆိုလို့ ဝမ်းသာပါတယ်ဗျာ။
    မန်းသူမန်းသားတွေရဲ့ ဖေါ်ရွေမှုကို ကိုယ်တိုင်သွားရောက် ခံစားကြည့်ကြပါလို့
    ကြော်ငြာထိုးလိုက်ပါတယ်။

    အစ်မလတ်ရေ – ကွန်းမန့်လေးအတွက် ကျေးဇူးပါ။ အစ်မတို့လို အဝေးရောက်မြန်မာတွေအတွက်
    အလွမ်းပြေစေချင်ပါတယ်။ သူကြီးကို တကယ်ကျေးဇူးတင်လို့ ရေးထားတာပါဗျာ။

    မောင်သန်းထွဋ်ဦးရေ – ရန်ကုန်ရောက်ရင် အစ်ကိုတို့ကို ဆက်သွယ်ပါဦး။ ရန်ကုန်သားရန်ကုန်သူတွေရဲ့ ခင်မင်မှုကိုလည်း ခံစားကြည့်စေချင်ပါတယ် ညီလေးရေ။

    surmi – ဒီတစ်ခါ သွားရင် ပြောမယ်ဗျာ။ ဘယ်ကို ဆက်သွယ်ရမလဲ။

  • blackchaw

    February 8, 2012 at 12:55 pm

    ကိုသစ်ရေ။
    ခင်ဗျား ပြန်လာရင် ကျွန်တော် ကိုယ်တိုင်လိုက်ပို့မယ်ဗျာ။ (ခေါ်ရင်ပေါ့)
    မန်းသားတွေက သိတ်တော့ မသောက်တတ်ကြဘူး။
    အာဆွတ်ရုံပေါ့။ (ချွင်းချက် – ကိုပေ = ဘလက်)
    နွေးထွေးတဲ့ ဖီလင်လေးကို ကိုသစ်ခံစားရမယ်လို့ အာမခံပါတယ်ဗျာ။
    အဲအဲ ရန်ကုန်သား ရန်ကုန်သူတွေရဲ့ နွေးထွေးမှုကလည်း
    မန်းထက်တော့ မလျော့တာ သေချာပါကြောင်း။

  • blackchaw

    February 8, 2012 at 1:04 pm

    weiwei – ပျော်စရာကောင်းလိုက်တာ ဆိုလို့ ဝမ်းသာပါတယ်ဗျာ။
    အချိန်က နည်းတော့ အချိန်လု ပျော်ခဲ့ရတာပါ။
    ရန်ကုန်သူ ရန်ကုန်သားတွေ စုပြီး မန်းကို ခရီးထွက်ချင်ပါသေးတယ်ဗျာ။

    MaMa – မန်းဂဇက် ရဲ့ အရိပ်အောက်မှာရှိနေတဲ့ ရန်ကုန်သူရန်ကုန်သားတွေ စုပြီး
    ခရီးစဉ်တစ်ခုခုလောက် စီစဉ်ကြည့်ရင် ဘယ်လိုနေမလဲဗျ။

    ကိုစိန်သော့ ရေ။ မနေ့ကဓါတ်ပုံသင်တန်းပို့ချပေးတာအချိန်တိုတိုလေးအတွင်းမှာ ကျေးဇူးတင်ပါတယ်ဗျာ။ တော်တော်
    လေ့လာရဦးမယ်ဆိုတာလည်း သိသွားတယ်။ သင်တန်းထပ်တက်ဦးမယ်ဗျာ။ ကိုသော့ သင်ပေးမယ် ဆိုရင်ပေါ့။

    ကိုနေဝန်းနီ – ခင်ဗျားဆီကို သီးသန့် လာလည်မယ်ဗျာ။ ဘယ်ကိုလာရမလဲ။ ဘယ်လိုဆက်သွယ်ရမလဲ။ နေပြည်တော်ကို မကြာခဏရောက်ဖြစ်ပါတယ်။

  • blackchaw

    February 8, 2012 at 1:14 pm

    awra-cho ရေ။ ဒိုင်းမွန်းပလာဇာ ကျွန်တော် မသိဘူးဗျ။ ဘယ်နားမှာဖွင့်ထားတာလဲ။

    ကိုမိုးဇက်ရေ။ မပေါက်ဖေါ်ဆီက ဘီအီးအကြွေးလေး ဆပ်ပေးလိုက်ပါဦး။
    သင်္ကြန် တရားစခန်းဝင်မယ်ဆိုလို့ သာဓု ခေါ်လိုက်ပါတယ်ဗျာ။ သာဓု သာဓု သာဓုပါ။

    pooch ရေ။ စွာတာနဲ့ ထက်တာနဲ့က စည်းလေး ပါးပါးလေးပါ။ စံနစ်တကျစွာတတ်ရင် ထက်တဲ့ဘက်ကိုရောက်ပြီလေ။ ခင်ဗျားက စံနစ်တကျ စွာတယ်လို့ ပြောတာပါ။

    ဂီဂီ ရေ။ တောင့်ထားပါ။ ရေခြားမြေခြားမှာ အလုပ်လုပ်နေရတဲ့လူတွေအတွက် ကိုယ်ချင်းစာပါတယ်။ မြန်မာပြည် ပြန်ရောက်ရင် မန်းကို အတူတူ သွားကြတာပေါ့နော။

    ကိုရင်စည်သူ ပြောတဲ့ ပလက်တီနမ်လေဘယ် ဆိုတာကြီး ကျွန်တော် မကြားဘူးဘူးဗျ။ တကယ်ရှိလား။

    • inz@ghi

      February 8, 2012 at 1:22 pm

      အန်တီဘလက်ရေ …
      ပလက်တီနမ်လေဘယ်လ် ဆိုလို့ စာရှာဖတ်ကြည့်တာ
      အာရှဈေးကွက်အတွက် ထုတ်တဲ့ လေဘယ်လ် တမျိုးလို့ တွေ့မိတာပဲချင့် …
      ဂိုလ်း နဲ့ ဘလူး ကြား လောက် မှတ်တာပါပဲချင့်….။ သများလည်း မမြင်ဖူးပါချင့်…။

      ကိုမိုးဇီးက တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ ဆောက်မယ့် ပေ၁၂ဝကျော်တဲ့
      ဧရာမ တရားဟောစင်မြင့် မှာ စခန်း ဝင်မှာလား မသိလို့ သာဓုကြိုမခေါ် သေးပါချင့် …။
      😀

      • Moe Z

        February 8, 2012 at 2:04 pm

        အဲဒီနေရာမျိုးကို ဆယ်ကျော်သက်တုန်းကတောင်မသွားခဲ့ဘူး
        နှစ်တိုင်း အိမ်မှာပဲဥပုပ်စောင့်တယ် တရားစခန်းဝင်တာ ၃ နှစ်မြောက်
        သူတော်ကောင်းကိုပြစ်မှားရင် ငရဲကြီးမှာစိုးလို့ ပြောပြတာ 😛
        ရန်မစကြနဲ့ ဒီရက်ပိုင်းလုံးဝမအားဘူး ဒါဗျဲ

        • inz@ghi

          February 8, 2012 at 2:12 pm

          ဥပေါသထ ဆိုတဲ့ ပါဠိ ကလာတဲ့ ဥပုသ် မဟုတ်ဘူးလား အစ်ကိုဂျီးရယ်…?
          ဥပုပ် ရင်တော့ မြေမြှုပ်လိုက်ကွဲ့ အနံ့အသက်မကောင်း ဖြစ်မှာစိုးလို့ပါ …..။

          😀

          ပုံ
          မယ်ဇာဂီ

  • blackchaw

    February 8, 2012 at 1:17 pm

    ဗိုလ် နိုဇို။ သွားချင်စိတ်ပေါက်လာရင် သွားကြမယ်လေဗျာ။ စီစဉ်လိုက်ပါ။

    အမတ်မင်း လေးလည်း လိုက်မယ်မဟုတ်လား။

    ပေါက်ဖေါ်ကတော့ သူ့ နက်ဆိုင်ပစ်ပြီး လိုက်မယ် မထင်င်င်င်…..။

    ကိုပေါက်ကတော့ မန်းကနေ ကြိုဆိုနေမှာပါ နော့ာ့ာ့……..။

    တီချာကြီး TTNU – ကျေးဇူးပါတီချာကြီးခင်ဗျာ။ အားလုံး အားလုံးအတွက်ပါဗျာ။

    • စိန်ပေါက်ပေါက်

      February 8, 2012 at 1:39 pm

      လိုက်ချင်ပါတယ် အမရေ
      မန်းလေးက အိမ်ရှေ ့မင်းထန်းတောကို အရမ်းလွမ်းလို ့ပါ
      ဒေါ်ပေတို ့အဖွဲ ့ကို ဆိုင်ကယ်စီးလဲ သင်ခိုင်းချင်ပါတယ်..
      ခွင့်သာခိုက်မှ မလိုက်ချင်ရင် ဘာဖြစ်တယ်ဆိုလားပဲ..မိုလို ့..
      ခွင့်သာရင် လိုက်ခဲ့ပါဦးမယ်..ဒေါ်ချောရေ
      ညက များတွားလို ့..လည်ချောင်းနာနေတယ်ဗျာ.
      လည်ချောင်းနှိပ်တဲ့မာဆတ်ရှိရင် လက်တို ့ပါဦး

  • blackchaw

    February 8, 2012 at 1:43 pm

    လည်ချောင်းနှိပ်တဲ့ မာဆတ်ကတော့ ကရင်စည် ပဲ ရှိတယ်။
    မနေ့က ဘလက်လေဘယ် တစ်လုံးလုံး သူသယ်သွားပါတယ်ကွယ်။
    အဲဒီလည်ချောင်းနာရင် လေဘယ်လေးနဲ့ ဖြေပေးရတယ်ကွယ့်။

  • blackchaw

    February 8, 2012 at 2:10 pm

    ကိုမိုးစက်ရော မဂီဂီ ရော ရန်မဖြစ်ကြနဲ့ကွယ့်
    တော်ကြတော်ကြ။

Leave a Reply