သွေးလွန်တုပ်ကွေးရောဂါအကြောင်း

wunnakokoJune 3, 20101min1333

ခုလို မိုးရာသီမှာ ဖြစ်တတ်တဲ့ရောဂါပါ။ ကလေးတွေအတွက် မိဘများသိထားသင့်တယ်လို့ထင်ပါ တယ်။ ဗဟုသုတအတွက် လည်းသိထားသင့်ပါတယ်။ လေ့လာရှာဖွေ တင်ပြထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်အဖြစ်များသောရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးခေါ် ခြင်ကြားကိုက်ရာမှ ကူးစက်တတ်သော ရောဂါ ဖြစ်သည်။

အေဒီးခြင်ကြား

အေဒီးခြင်ကြားသည် နေ့အချိန်တွင် ကိုက်လေ့ရှိသည်။ အိမ်တွင်းရှိမှောင်သော နေရာများတွင် ခိုအောင်းလေ့ရှိသည်။ ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။ အိမ်အတွင်းရှိ စဉ့်အိုး၊ သုံးရေအိုး၊ သောက်ရေအိုး၊ ဘုရားပန်းအိုး၊ အလှပန်းအိုး၊ ရေထည်íရသောအိုးခွက်များတွင် ပေါက်ပွားလေ့  ရှိသည်။ ခြင်သည် ဥဥပြီးလျှင် လောက်လန်းဖြစ်သည်။ ထိုမှ ပိုးတုံးလုံးဘဝသို့ ရောက်သည်။ ထိုမှတဆင့် ခြင်ဖြစ်လာသည်။ခြင်တစ်ကောင်သည် ဥမှအကောင်ဖြစ်ရန် (၈)ရက်မှ (၁၀)ရက် အထိကြာတတ်သည်။ သို့သော် အပူချိန်ပေါ်တွင် မူတည်သည်။

ပိုး

သွေးလွန်တုပ်ကွေး ဖြစ်စေသောပိုးမှာ (၄)မျိုးရှိသည်။ FENV(1),(2),(3),(4) ဟူ(၄)မျိုးရှိသည်။ အချို့တိုင်းပြည်များတွင် တစ်မျိုးတည်းသာ တွေ့ရတတ်သော်လည်း မြန်မာနိုင်ငံတွင် (၄)မျိုးလုံး တွေ့ရသည်။(၃)၊(၄)နှစ်တစ်ခါ ရောဂါပိုးတစ်မျိုးစီ လှည့်ဖြစ်သည်။ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် (၃)၊(၄)နှစ်တစ်ခါ အစုလိုက် အပြုံလိုက် ဖြစ်လေ့ရှိသည်။

ရောဂါလက္ခဏာ

သွေးလွန်တုပ်ကွေးရောဂါ ပျိုးချိန်သည် (၃)ရက်မှ(၁၄)ရက် ကြာတတ်သည်။ ရောဂါပိုးဝင် ရောက်ပြီး အစပိုင်းတွင် ရောဂါလက္ခဏာမပြဘဲ နေတတ်သည်။ ကနဦးတွင် တုပ်ကွေးကဲ့သို့သော သာမာန် ဖျားနာလက္ခဏာများ ပြတတ်သည်။ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း ဖြစ်သည်။ (၃)၊ (၄)ရက်ကြာသောအခါ အဖျားကျသွားပြီး အနီအစက်များထွက်ခြင်း၊ တစ်ကိုယ်လုံးအေးစက်ခြင်း၊ စေးကပ်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်တတ်သည်။ ထိုသို့ဖြစ်လာပါက အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေဖြစ်ပါသည်။ ခန္ဓာကိုယ်ထဲတွင် သွေးယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် အန်သောအခါ ကော်ဖီရောင် အန်ခြင်း၊ ဝမ်းသွားသောအခါ အမည်းရောင်သွားခြင်း၊ အနီစက်များထွက်ခြင်း

တို့ဖြစ်လာရခြင်းဖြစ်သည်။

ကုသခြင်းနှင့်ပြုစုစောင့်ရှောက်မှု

အတိအကျကုသသည့်ဆေးမရှိပါ။ ထို့ကြောင့် ကလေးများ နေမကောင်းပါက တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများနှင့်သာ ကုသသင့်သည်။ ကလေးများ နေမ ကောင်း ပါက အာဟာရပြည့်ဝသော အစားအစာများကျွေးခြင်း၊ အရည်၊ သစ်သီးဖျော်ရည် များများတိုက်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ကလေးများ နေမကောင်းပါက အကိုက်အခဲ ပျောက်ဆေးများ တိုက်ခြင်း၊ အညိုရောင်ရှိသော အစားအသောက်များ ကျွေးခြင်း၊ အညိုရောင် တိုင်းရင်းဆေးများတိုက်ကျွေးခြင်း တို့ကို ရှောင်ကြရမည်။ဆရာဝန်၊ ဆရာမများက သွေးလွန် တုပ်ကွေး ဟုတ်၊ မဟုတ် သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးရုံဖြင့် အလွယ်တကူ သိရှိနိုင်မည် ဖြစ်သည်။သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့်အပေါ်သွေးနှင့် အောက်သွေးကိုပေါင်း၊ (၂)နှင့်စားရမည်။ ရရှိသောအဖြေအတိုင်း လူနာ၏ လက်တွင် (၅)မိနစ်ခန့် ပတ်ထားပါ။ (၅)မိနစ်ပြည့်ပါက သွေးပေါင်ချိန်တိုင်းကိရိယာကို ဖြုတ်ကြည့်လျှင် တစ်လက်မပတ်လည်တွင်

အနီစက် (၁၀)စက် အထက်ရှိပါက သွေးလွန်တုပ်ကွေး ဖြစ်နေပြီဖြစ်သည်။

ကာကွယ်ခြင်း

(၁)ခြင်မကိုက်အောင်ကာကွယ်ခြင်း
(၂)ခြင်မပေါက်အောင်ကာကွယ်ခြင်း

(၁)ခြင်မကိုက်အောင်ကာကွယ်ခြင်း

နေ့ရောညပါခြင်ထောင်ထောင်အိပ်ခြင်းနှင့်အဝတ်ထူထူရှည်ရှည်များ ဝတ်ခြင်းတို့ကို ပြုလုပ်ရမည်။

အထူးသဖြင့် ကလေးများနေ့ခင်းအိပ်ပါက ခြင်ထောင်ထောင်သိပ်ပါ။

(၂)ခြင်မပေါက်အောင်ကာကွယ်ခြင်း

ရေစည်ရေအိ်ုးများကို ဖုံးအုပ်ထားပါ။ တစ်ပတ်တစ်ခါရေသွန်í အတွင်းဘက်ကို ပွတ်တိုက်ပါ။အိမ်တွင်းနှင့် အိမ်ပြင်ရှိ မိုးရေတင်ကျန်နိုင်သည့် ပစ္စည်းများ ဥပမာ- ပုလင်းခွံ၊ ဗူးခွhhhံ၊ တာယာ၊ အုန်းမှုတ်ခွက်၊ ပလတ်စတစ်ခွက်များကို ဖယ်ရှားရှင်းလင်းပါ။

အလှပန်းအိုးများ၊ ပန်းပင်စိုက်သည့်အိုးများ၊ အောက်ခံပန်းကန်ပြားများ နှင့် နတ်ပန်းအိုးများကို သုံး၊လေးရက် တစ်ခါ ရေမှန်မှန်လဲလှယ်í အတွင်းပိုင်းကိုပွတ်တိုက်ဆေးကြောပါ။

လောက်လန်းရှိသောအိုးများကို သွန်ပစ်ပါ။ မသွန်နိုင်ပါက ရေစစ်ဖြင့်စစ်ပါ။

အိမ်အနီးပတ်ဝန်းကျင်ရှိ ရေတင်နိုင်သော  ပစ္စည်းများကို စနစ်တကျစွန့်ပစ်ပါ။

ထိုကဲ့သို့ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မေလမှအောက်တိုဘာလ အထိအဓိကဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါဖြစ်လာပြီဆို သက်ဆိုင်သူတွေလည်းစိတ်မချမ်းသာရပါဘူး။ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါဘဲ။ မဖြစ်သင့်တာ မဖြစ်အောင် မကြားချင်တဲ့ သတင်းဆိုးတွေ (ဂျာနယ်တွေမှာ ပါပါတယ်) လည်း မကြားရအောင် အခြေခံဗဟုသုတလေးတော့ ရှိထားသင့်ပါတယ်။

3 comments

  • Shwemannmay

    June 4, 2010 at 4:29 am

    တစ်ခုသိချင်တာ ရေကြည်ရေသန် ့မှာ ပေါက်တဲ့ ပိုးလောက်လန်းတွေကို ဘယ်လို သတ်လို ့ရမလဲ။ အိမ်က ရေချိူးခန်းကလည်းမှောင်တယ်ဆိုတော့ အုတ်ကန်ထဲမှာ ခြင်တွေက အကြိုက်တွေ ့ပြီး ပေါက်ပွားနေတာပါ။ ဒီနေ ့ကန်ဆေးပြီးရင် တစ်ရက်ကျော်လောက်ဆို ပိုးလောက်လန်း ပေါက်စလေးတွေကို တွေ ့ရပါပြီ။ သွန်ပစ်ရအောင်ကလည်း ချိူးရေဆို တော့ ခက်ပါတယ်။ ရေကလည်း လာတစ်ချက်မလာတစ်ချက်ဆိုတော့ ရှိပြီးသားရေလည်း ဆက်သုံးလို ့ရအောင် ၊ ပိုးကောင်လည်းသေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ပါတယ်။

  • wunnakoko

    June 4, 2010 at 5:05 am

    ဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး။ ပညာပေးအဖွဲ့ကလည်းမဟုတ်ပါဘူး။
    ဒါပေမဲ့ ဖတ်တဲ့သူတွေ အကျိုးရှိ ဗဟုသုတလည်းရစေချင်တဲ့စေတနာနဲ့ ကိုယ်ဖတ်ထားတာလေးကို ပေးတာပါ။
    အခက်အခဲအတွက် အကြံပေးချင်တာက ကန်ဆေးပြီးရင် ထုံးအနည်းငယ်ထည့်ပါ။ ထုံးဓါတ်က ရေသန့်စေသလို ပိုးတွေကိုလည်းသေစေပါတယ်။ အလင်းရောင်လုံလောက်အောင် ပေးပါ။ ရေသန့်စေတဲ့ ပိုးသေစေတဲ့ ဓါတုဗေဒ ဆေး တွေရှိပါ တယ်။ ဒါပေမဲ့ အဲဒါကိုတော့ အကြံမပေးချင်ပါဘူး။

  • wunnakoko

    June 4, 2010 at 6:21 am

    လောက်လန်းရှိသော ရေကန်ကို အရိုးပါသောရေစစ်ဖြင့်မွှေပါ။လောက်လန်းများအလယ်မှာစုလာပါမယ်။ ရေစစ်ဖြင့်ဖယ်ထုတ်ပါ။
    ငါးများမွေးထားခြင်းဖြင့်လည်း လောက်လန်းမရှိနိုင်ပါ။
    ရေကန်ကို အဖုံးဖုံးထားပါ။ ခြင်များ ဥမဥစေနိုင်ရန်ဖြစ်ပါတယ်။
    တစ်ပတ်တစ်ခါ ရေကန်ဆေးခြင်း။ ရေလှယ်ခြင်း ပြုလုပ်ပါ။

Leave a Reply