“ပါမောက္ခဂုရုလေပန်းနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်”

အွန်လိုင်းမှာ လူတွေကို အကူအညီပေးဖို့ ကျွန်တော် အကောင့်တစ်ခု ဆောက်ထားတာ ကြာပြီ။ အခုထက်ထိ အကောင်အထည် မဖော်ရသေးဘူး။ အင်း..ဒီတော့ ဒီအကောင့်ကို ဖွင့်လိုက်အုံးမှပဲ။

“ဂျောက်………ဂျက်”(ရက်ပ်ပါ အဆိုတော် မဟုတ်ပါ ခလုတ်နှိပ်နေခြင်းသာ)

သိပ်မကြာခင်မှာပဲ ကျွန်တော့ အကောင့်နာမည်လေး ပေါ်လာတယ်။ parmoutkhaghuyulaypan (မြန်မာလို=ပါမောက္ခဂုရုလေပန်း) ဆိုသော နာမည်လေးပေါ့။ နဂို အကောင့်မှာ ကြေညာထားလို့ အပ်ထားသူကလည်း မနည်း။ အာလုံးကို လက်ခံပြီး လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ရန် စီစဉ်လိုက်တယ်။ အဲ..အရင်ဆုံး custom message မှာ စာအရင် စတင်အုံးမှပဲ။ ကဲ…ရေးလိုက်ပြီ။

***(သင် ဘာပြဿနာပဲဖြစ်ဖြစ်

ဂုရုလေပန်းနှင့် ဆွေးနွေးလိုက်ပါက

မီးထိသောရေလို ငြိမ်းသွားစေရမည်)***

အဟဲ… စာတင်ပြီးတော့လည်း သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ အပူများနေသော လူဘုံ၌ အပူသည်တစ်ယောက် သူ့ကို လာမေးပါတော့တယ်။

“ဟိုင်း…ဆရာပါမောက္ခဂုရုလေပန်းလား ခင်ဗျား

အမယ်လေး ရှည်လိုက်တဲ့ နာမည်..ဆရာရေ

ဆရာလို့ပဲ ခေါ်တော့မယ်

ကျွန်တော်က ရှည်ရှည်ဝေးဝေး မပြောတတ်ပါဘူး

ပြဿနာ အစကို တစ်ခန်းရပ်ပြီး ပြောပြရင်ဖြင့်…

ရင်ထုမနာ လင်လုခံရသလို…အဲ ကျွန်တော်က ယောက်ျားဆိုတော့

မယားလုပေါ့ဗျာ အဟင့် ပြောရင်း တွေးရင်း ငိုချင်လာပြီ”

အမယ်ငီး သူငိုနေတုန်း ကျွန်တော် လုပြောရမယ့်ပုံ။ ဒါတောင် သူက ရှည်ရှည်ဝေးဝေး မပြောတတ်ဘူးတဲ့။ ရှည်ရှည်ဝေးဝေးသာပြောရင် အသံမစဲ ပဠာန်းရွတ်တာထက်တောင် ဆိုးအုံးမယ်။ ဒီတော့ ကျွန်တော် လုပြောလိုက်တယ်။

“ဒီမှာ မိတ်ဆွေ

မိတ်ဆွေ အပူတွေကို ရင်ဖွင့်ပြလိုက်

ဂုရုနဲ့တွေ့ရင် ပြဿနာတွေ အားလုံး အမွှေးမရှိတဲ့ ဂျိုင်းလို

ပြောင်တလင်း ဖြစ်သွားစေရမယ်”

“ဝေါ့…….ဒီမှာ အစားစားရင်း ငိုရင်း ရေးနေတာဗျ

ဘယ်လို ပြောလိုက်တာလဲ

ဒီဂုရုကတော့ အရိပ်အကဲကို နားမလည်ဘူး”

အဲ… သူပြောတာနဲ့ ကျွန်တော်လည်း အရိုင်းအစိုင်းကြီး ဖြစ်သွားတော့တာပဲ။ သူ မန်မန်စားနေတာ ကျွန်တော်က ဘယ်လိုလို့ သိမှာလဲ။ နတ်မျက်စိရှိရင်လည်း တစ်မျိုးပေါ့။ လုပ်ပုံကိုလည်း ကြည့်အုံး။ အလုပ်သုံးခုကို တစ်ပြိုင်တည်း လုပ်နေပုံက ကုလသမဂ္ဂဦးသန့်သေလို့ ဝင်စားတာလား မသိ။ အလုပ်ကို ရှုပ်နေတာပဲ။ ဒီပြဿနာက မြန်မြန်ပြီး အေးရော ဆိုပြီး သူ့ကို မေးလိုက်တယ်။

“မိတ်ဆွေရဲ့ ပြဿနာကို တိုတိုနဲ့

လိုရင်း ပြောလေ

ဒါမှ ထိရောက်တဲ့ အကူအညီ ပေးနိုင်မှာပေါ့”

အဲ့တော့ သူက…

“ ပြောတောင် မပြောချင်ပါဘူး ဂုရုရယ်

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရသလိုပဲ”

မပြောချင်လည်း မပြောနဲ့ပေါ့ကွာ။ ဟွန်း..သူ့ကိုများ ဘယ်သူက အတင်းပြောခိုင်းပြီး ကူညီပါရစေလို့ ပြောနေတာမို့လို့လဲ။ အဲ… ဒီလိုလည်း မဖြစ်သေးပါဘူး။ တော်ကြာ ပထမက အရိုင်းအစိုင်း ဒီတစ်ခါဆိုရင် အရိုင်းထွဋ်ခေါင်ဘုရင်လို့ နာမည်တပ်အုံးမလား မသိ။ အဲဒီ့တော့ ကြည့်ကောင်းအောင်တော့ ပြောလိုက်အုံးမှ။

“အင်း ဒီလိုမပြောရင် မိတ်ဆွေရဲ့ ကိစ္စက မပြေလည်နိုင်ဘူးလေ

ကဲ..ပြောသာပြော ကျွန်တော် ဖြေရှင်းပေးမယ်”

ကျွန်တော်လည်း ပြောပြီးရော သူက…

“ဒီလိုဗျ..ဂုရုရဲ့

ကျွန်တော်က ယောက်ျားလေးဗျာ

အွန်လိုင်းမှာ ဖွန်ကြောင်တာတော့ ရှိမှာပေါ့

ဂုရုပဲ စဉ်းစားကြည့်..

ယောက်ျားမှာ နှာဘူးနဲ့ ဂန်ဒူးပဲရှိတဲ့ဟာကိုး(သူပြောပုံက ကျွန်တော်တောင် ဂန်ဒူးဖြစ်သွားပြီ)

ကျွန်တော်က ဂန်ဒူး မဖြစ်ချင်လို့ ဖွန်ကြောင်တာကို

ကျွန်တော့ ချစ်သူက အခွန်မပေးရတိုင်း အွန်လိုင်းမှာ ဖွန်ကြောင်နေတယ်ဆိုပြီး

သူလည်း အခု အင်တာနက် သင်တန်းတွေတက်

ကျွန်တော့ကို ကလဲစားချေဖို့ဆိုပြီး ချက်တင်တွေထိုင်

တွေ့သမျှ ကြူလူ သူ့ချစ်သူဆိုပြီး ကျွန်တော့ကို အရွဲ့တိုက်နေတယ်ဗျ(ကျွန်တော် သူ့ကောင်မလေး အကောင့် မသိတာ နာတာပဲ အဟီး)

အဲ့ဒီတော့ ချစ်သူချင်းတောင် မတွေ့ရတော့ဘူး…သူကတော့ အွန်လိုင်းမှာ

ပျော်နေတယ်ဗျ…”

ပြောနေရင်း ရေတစ်ခွက် သူမော့လိုက်တယ်။ ပြီတော့ သူဆက်ပြောတယ်။

“အဲ့ဒါ ကျွန်တော် ဘယ်လို ခံစားရမလဲဆိုတာ သူမတွေးဘူး

ရင်ကွဲမတတ်ပါပဲဗျာ

ဂုရုရာ အဲ့ကိစ္စကို ကျွန်တော် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ

အကြံပေးစမ်းပါအုံးဗျာ”

တစ်သီတစ်တန်းကြီး သူပြောသွားတော့ ကျွန်တော့မှာလဲ ငြိမ်နားထောင်ရင်း အကြံပေးဖို့ စဉ်းစားရတော့တယ်။ ဒီမှာတင် အကြံမီးလက်သွားပြီး ဒီလို သူ့ကို ကျွန်တော် ပြန်ပြောလိုက်တယ်။

“ဒီလိုလုပ် မိတ်ဆွေ..

ငါ အကျန်ပေးရရင်တော့ ငါ့စားလို့ ကြံတဲ့အရိုး အဲမှားလို့..

သူ့ကိုကွာ ပုံပြင်တစ်ပုဒ် ပြောပြလိုက်..

အဲ့ဒီပုံပြင်က သူ့အသိဉာဏ်ကို ဖွင့်ပေးလိမ့်မယ်။

ကဲနားထောင်နော်..အဲဒီပုံပြင်က ထုံစံအတိုင်း

ဟိုရှေးရှေးတုန်းကပေါ့။

ရွာတစ်ရွာမှာ ယောက်ျားနဲ့ မိန်းမ ကုသိုလ်အတူတူ ပြုကြတယ်။

ကုသိုလ်ပြုပြီးရင် ထုံစံအတိုင်း ဆုတောင်းကြတာပေါ့။ ယောက်ျားက အရင်ဆုတောင်းတယ်။

သူဆုတောင်းက နတ်ပြည်မှာ နတ်သမီး တစ်ဖက် ငါးရာနဲ့ နေရပါစေလို့ ဆုတောင်းတာပေါ့။

အဲ့ဒါကို မိန်းမကလည်း အားကျမခံ ထိုနည်းအတိုင်း ဆုတောင်းတယ်လေ။

သူလည်း နတ်ပြည်မှာ နတ်သား တစ်ဖက် ငါးရာနဲ့ပေါ့။

သိပ်မကြာပါဘူး။ သူတို့လည်း ကွယ်လွန်ရော သူတို့ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံကြောင့်

ဆုတောင်းတဲ့အတိုင်း ဖြစ်လာခဲ့တယ်လေ။

နတ်ပြည်မှာ တစ်ဦးနဲ့တစ်ဦး ပြန်လည်းတွေ့ရော။

မိန်းမက ယောက်ျားကို မေးတယ်။ နင်နတ်ပြည်မှာ အဆင်ပြေရဲ့လားလို့။

ဒီတော့ ယောက်ျားကလည်း အိုကေပါတယ်ပေါ့။ နင်ရော အဆင်ပြေရဲ့လားလို့ ယောက်ျားက မိန်းမကို ပြန်မေးတယ်။

အဲဒီတော့ နတ်သမီးဖြစ်တဲ့ မိန်းမက..

“ငါကတော့ ဆုတောင်းတော့ ပြည့်ပါတယ်

ဒါပေမဲ့ အခု အဖြစ်က လျှာမထွက်ရုံတစ်မယ်ပါပဲဟာ” လို့ ပြန်ပြောလိုက်သတဲ့။

အဲ့ဒါကြောင့်မို့ ဒီပုံပြင်ကို အကြောင့်ပြုပြီး မင်းချစ်သူကိုလည်း မိန်းမနဲ့ ယောက်ျား မတူဘူးလို့။

လက်တွေ့လည်း စဉ်းစားခိုင်း။ ဘယ်နိုင်ငံရဲ့ ပိုက်ဆံမဆို ယောက်ျားပုံပဲ ဦးစားပေးကြတာလေ။

အဲ့ဒီတော့ ယောက်ျားတွေကို မတူရင် မတုရဘူးလို့။ တုရင် လျှာထွက်တတ်တယ်လို့ ရှင်းပြလိုက်ပေါ့ကွာ”

လို့ ကျွန်တော် သူ့ကို စိတ်ပါလက်ပါ ရှင်းပြလိုက်ပါတယ်။

အဲ့တော့ သူလည်း ပျော်သွားပြီ..

“ဟုတ်ပြီ..ဂုရုကြီးရဲ့ အကြံကောင်းတယ်

ဒီအတိုင်းပဲ လုပ်လိုက်တော့မယ်

ကျေးဇူးအရမ်းတင်တယ် ဂရု..

သွားပြီနော်..

အခုပဲ သွားရှင်းပြလိုက်မယ်” ဆိုပြီး နှုတ်ဆက်သွားတယ်။

ကျွန်တော်လည်း သူတစ်ပါး ပြဿနာရှင်းပေးလိုက်ရတဲ့အတွက် စိတ်ထဲမှာ သူ့နည်းတူပဲ ပျော်သွားတယ်။ ခေါင်းခြောက်အောင် စဉ်းစားရသမျှလည်း သူ့ရဲ့ ကျေးဇူးဆိုတဲ့ စကားနဲ့တင် အမောပြေသွားပါတယ်။ သူ့ကိစ္စဘယ်လိုနေလည်းတော့ မသိဘူး။ အကောင်းဆုံး ဖြစ်မှာပါလို့ တွေ့ရင်း ကျွန်တော် တစ်ခြားသူတွေနဲ ဆက်လေပန်းဖို့ chat box ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ကွန်နက်ရှင်က ကျ…….ကျ…ကျ လို့။

အားလုံးပျော်ရွှင်ကြပါစေ…

စေပိုင်ထွဋ်(ပုသိမ်)

3 comments

  • စိန်ပေါက်ပေါက်

    February 7, 2012 at 6:58 pm

    များတို ့ကတော့ လျှာထွက်ဖို ့နေနေသာသာ… ဒါအကုန်ဘဲလားလို ့တောင် ပြောလိုက်ဦးမယ်…

    • စေပိုင်ထွဋ် (ပုသိမ်)

      February 10, 2012 at 7:42 pm

      ဘာ အကုန်ကို ကြောတာလဲဟင်
      ဘိုးပေါက်ရ ရှင်းဝူး အဟိ

  • aye.kk

    February 10, 2012 at 9:14 pm

    ဟာဒယရွှင်ဆေးတိုက်ကျွေးပေး…
    ဖတ်ရသူဘဝင်နှလုံးပြုံးရွှင်အေး…ကျေးဇူးပါ။

Leave a Reply