ကရင်လက်နက်ကိုင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ..တဲ့

Saw KayinlayFebruary 8, 20121min1205

ကရင်ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အကြောင်း ဘလော့တခုမှာ ဖတ်မိလို့  ပြန်ပြီးကူးတင်ပေးလိုက်ပါတယ်။

ပထမစာကို ရှာသေးတယ်။ မတွေ့တာနဲ့ ဒုတိယစာ ဘဲ တင်ပေးလိုက်တယ်။

ကရင်ဒေသအကြောင်း၊ အခု ငြိမ်းချမ်းရေးအကြောင်း သိတဲ့လူတွေလည်း ဖြည့်စွက်ပေးကြပေါ့။

ကရင်နဲ့ သက်ဆိုင်တဲ့ ဘယ်အကြောင်းအရာမဆို ကရင်ဖြစ်တဲ့ ကျနော် စောကရင်လေး စိတ်ဝင်တစား ဖတ်ချင်ပါတယ်။

ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေ မြန်မြန် ငြိမ်းချမ်းစေချင်ပါပြီ။

 

ကရင်လူထုအားလုံးထံသို့ ကျမရဲ့ ဒုတိယပို့စာ

(KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ ၂၀၁၁-၂၀၁၂)

နော်ဝါးဝါးဖိုး

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်

အခုအချိန်မှာ ကရင်လူထု တော်တော်များများရဲ့ကြားမှာ KNU နဲ့ အစိုးရကြား ပဏာမချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် စိုးရိမ်မူတွေ အများအပြား ဖြစ်နေကြတာကို တနေ့တခြား ပိုပြီး ကြားသိလာရပါတယ်။ ကိုယ့်ကရင်လူထုတွေရဲ့ သောကကိုကြည့်ပြီး ကျမလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့နည်းတူပဲ ကျမလည်းထပ်တူ ခံစားရပါတယ်။

ကျမ မှတ်သားမိသလောက်တော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားခဲ့တဲ့ အဖွဲ့တွေထဲက တချို့ဟာဆိုရင် ဆွေးနွေးပွဲက ပြန်လာပြီး နောက်ပိုင်းမှာ ကိုယ့်မိခင် KNU အဖွဲ့ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းသွားတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျမတို့အားလုံး သင်ခန်းစာယူပြီး အတူတကွ စဉ်းစားအဖြေရှာကြရအောင်။

ကျမရဲ့ စဉ်းစားချက်တချို့ကို ဒီနေရာမှာ တင်ပြသွားမှာပါ။ စာဖတ်သူတွေ အနေနဲ့လည်း ကျမရဲ့ တင်ပြချက်အပေါ် သဘောတူတာမျိုး ရှိနိုင်သလို သဘောထား ကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လို အမြင်သဘောထား ရှိသူကိုမဆို ဝင်ရောက်ဆွေးနွေးဖို့ ကျမအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။ ကရင်တွေ ငြိမ်းချမ်းရေးရဖို့က ကရင်အားလုံးမှာ တာဝန်ရှိတာပါ။ ကျမက သာမန် ကရင်ပြည်သူ တစ်ဦးပါဘဲ။  KNU, DKBA ပြီးတော့ ဘယ်ကရင်ပါတီဝင်တွေနဲ့မှ ဆွေမျိုးတော်စပ်ခြင်း၊ အဖွဲ့ဝင် ဖြစ်ခဲ့ခြင်းမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သူတို့အားလုံးနဲ့ တူတာကတော့ ကရင်သွေးပါပဲ။ ဒါကြောင့် ကရင်လူမျိုး တယောက်အနေနဲ့ ဒီစာကို အစွဲကင်းကင်းနဲ့ ဘက်မလိုက်မိစေဖို့ အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့သွားတဲ့ အဖွဲ့တိုင်းဟာ ကိုယ့်လူမျိူးအတွက် မျော်လင့်ချက်တကြီးနဲ့ သူတို့တွေအတွက်ဆို ရန်သူလို့ သတ်မှတ်လို့ရတဲ့ အစိုးရရဲ့ နယ်မြေထဲကိုဝင်ပြီး အခြေအတင် ဆွေးနွေးခဲ့ ကြတာပါ။ ကိုယ်ကျိုးအတွက်ရည်ရွယ်ပြီး ကိုယ့်တိုင်းရင်းသားကို ခုတုံးလုပ်ကာ သွားဆွေးနွေးခဲ့တဲ့သူတွေတော့ ပါနိုင်မယ်မထင်ပါဘူး။ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်မယ်ဆိုရင် အစိုးရနဲ့ လျိူ့ဝှက်ဆွေးနွေးပြီးတော့ ခွဲထွက်သွားကြမှာပါပဲ။ မြန်မာအစိုးရရဲ့ သိမ်းသွင်းတဲ့နည်း

ဗျူဟာတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အများကြီးရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင် တစ်ယောက်ချင်းဆီကို မြန်မာစစ်တပ်က စီးပွားရေးနဲ့လာဆွယ်တယ်၊ ဆွယ်မရရင် ခြိမ်းချောက်တယ်။ အမျိူးမျိူးပါပဲ။ အပျော့ အမာသုံးတာပေါ့။ ဒါပေမဲ့ ကျမတို့ ခေါင်းဆောင်တွေ စိတ်ယိုင်မူက ရာခိုင်နှုန်းအရ ပြောရရင် တော်တော်လေးကို နည်းတယ်လို့ ကျမတဦးအနေနဲ့ မြင်မိပါတယ်။

ဒါပေမဲ့လည်း လူမျိုးအတွက် မျော်လင့်ချက်တကြီးနဲ့ သွားဆွေးနွေးခဲ့ကြတဲ့ သူတွေရဲ့အပြန်ခရီးလမ်းကတော့ မသာယာပါဘူး။ လူထုအတွင်းမှာဖြစ်စေ အဖွဲ့အစည်း အချင်းချင်းကြားမှာဖြစ်စေ ဖြစ်ပေါ်လာတဲ့ ကဲ့ရဲ့ဝေဖန်မူ၊ ပြစ်တင်ရှုပ်ချမူတွေက သူတို့တွေရဲ့ မျော်လင့်ချက်ကို ဘယ်လောက်ထိ ရိုက်ချိုးခဲ့သလည်းဆိုတာ ကိုယ်တိုင် ခံစားရမှသိမှာပါ။

ကိုယ့်လူမျိူးတွေရဲ့  ပူပန်မူ၊ လွန်ကဲမူတွေ၊ အဆိုးမြင်ရှုပ်ချမူတွေကို မခံနိုင်တော့တဲ့အဆုံး

သူတို့နဲ့အတူတူ ပုခုံးဖက်ကြီးပြင်းလာခဲ့၊ သွားအတူစားအတူရှိခဲ့ဖူးတဲ့ သွေးသောက်ညီအကိုတွေကို ကျောခိုင်းပြီး မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအောက်ဝင်ခဲ့ကြတဲ့ သဘောမျိုးတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေက ကျမတို့ကြားမှာ နားလည်မူတွေလွဲခဲ့ကြလို့၊ ခွင့်လွတ်တတ်တဲ့ စိတ်ထားမရှိခဲလို့၊ တစ်ယောက်အပေါ်တစ်ယောက် မလေးစားပဲ ဆိုးရွားစွာ ပြစ်တင်ရှုပ်ချတတ်မူ၊ သူတစ်ပါး လုပ်ဆောင်ပေးခဲ့တဲ့အပေါ် အကောင်းမြင်ပြီး ကျေးဇူးပဲဆိုတဲ့စကားလုံးကို မထုတ်သုံးတတ်ခဲ့ကြတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလို့ဘဲ ကျမမြင်ပါတယ်။ အဖွဲ့ အတွင်းမှာလည်း  ပုဂိုလ်ရေးကိုရှေ့တန်းထားပြီး အချင်းချင်း ပုတ်ခတ်ပြောဆိုမူတွေလည်း ရှိခဲ့ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်ကတော့ အဖွဲ့အစည်းကြားမှာ အချင်းချင်းပြိုကွဲခဲ့ရသလို ကရင်လူထုက သူတို့ရဲ့မိခင် KNU အဖွဲ့အစည်းကိုပဲဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးချင်းကိုဖြစ်စေ အထင်ကြီးမူ လျှော့နည်းသွားကြပြီးနောက်ပိုင်း ထောက်ခံအားပေးမူတွေလည်း မရှိတော့တာ တွေ့မြင်နေရပါတယ်။ ဒါတွေကို ကြည့်ပြီး အခုလက်ရှိဖြစ်နေတဲ့ကိစ္စကို ဖြေရှင်းတဲ့အခါ ခေါင်းဆောင်ပိုင်းအတွင်းမှာ ပုဂိုလ်ရေးကိုမကြည့်ပဲ လူမျိုးအတွက်ကိုသာ ရှေးတန်းထားပြီး လုပ်ဆောင်ကြစေချင်ပါတယ်။

ဘယ်သူမှ ပြည့်ဝတယ်ဆိုတာ မရှိပါဘူး၊ သို့ပေမဲ့လည်း သူတို့တွေ ကိုယ့်အဖွဲ့အစည်း ဆက်လက် ရပ်တည်မူအပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားကြတာပါပဲ။ ဒီလုပ်ဆောင်ချက် အပေါ်မှာလည်း ကရင်လူထုတွေက ဝိုင်းဝန်း ထောက်ခံအားပေးရင် သူတို့လည်းအားတက်လာမှာပဲ။ ရှေ့ဆက် ဘာတွေ ဆက်လုပ်ရမလဲဆိုတဲ့ အကြံကောင်းဉာဏ်ကောင်းတွေ ပေါ်လာမှာပဲ။ စိတ်ဓါတ်ကျနေရင်တော့ ဘယ်လိုမှ အကြံကောင်းတွေ ထွက်လာမှာ မဟုတ်ပါဘူး၊။ အခုချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ်မှာ ကရင်လူထုအားလုံးက တောင်းဆိုစေချင်တဲ့အချက်တွေကို သူတို့ဗဟိုကနေတဆင့် သွားရောက်ပြီး ဆွေးနွေးချူပ်ဆိုခဲ့ကြတာပါပဲ။ ချုပ်ဆိုခဲ့တာကလည်းသူတို့က လူထုတွေ

ထောက်ခံနိုင်လောက်ပြီဆိုတဲ့အတိုင်းအတာနဲ့၊ မြန်မာအစိုးရရဲ့ နိုင်ငံရေးအပေါ် အကောင်းဘက် ပြောင်းလာနိုင်မူရှိတဲ့အခြေအနေ၊ ကမာ္ဘကလည်း ကရင်တွေနဲ့တခြားတိုင်းရင်းသား လူနည်းစုတွေ အုပ်စိုးသူအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာပိုပြီးတော့ သိမြင်လာတဲ့အခြေအနေအရပ်ရပ်အကြားမှာ တိုင်းရင်းသားတွေ ဘယ်လောက် ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့အကြောင်း ပေါ်လွင်နိုင်မယ့် အချိန်ကောင်းမျိုးမှာ စာချုပ်ကိုစောစောချုပ်ဆိုခဲ့ကြတာလို့ဘဲ ကျမတော့ မြင်မိပါတယ်။

ဒီစာချုပ်ကလည်း အတည်ပြုရသေးတာတော့ မဟုတ်သေးပါဘူး။ မူအရပဲရှိပါသေးတယ်။ ဒီမူကို အစိုးရဘက်က အသုံးချတတ်ရင် ကိုယ့်ဘက်ကလည်း ပြန်ပြီး အသုံးချတတ်ရမှာပါ။ ဒီစာချုပ်က အလကားချုပ်ထားတဲ့ဟာမဟုတ်ဘဲ လုံးဝကိုအသုံးဝင်တဲ့စာချုပ်ပါ။ ဒီစာချုပ်မှာ ကရင်တွေ အတွက်ပဲမဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကို ရည်ရွယ်ပြီးတော့ တောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသားအားလုံး အသုံးချနိုင်တယ်လို့ ကျမမြင်ပါတယ်။

ဥပမာပြောရရင် အခု မြန်မာစစ်တပ်တွေ ရိက္ခာတင်ပို့မူနဲ့ပတ်သက်ပြီး ဒီစာချုပ်ကို ကျမတို့အသုံးချနိုင်ရမယ်။ ဒီစာချုပ်ချုပ်ဆိုတဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးယူဖို့၊ ရိက္ခာစုဆောင်းပြီး စစ်တပ်အင်အား တိုးချဲ့ဖို့ မဟုတ်ဘူး။ အဲဒီလိုမျိုးတွေကို အစိုးရဘက်က လုပ်လာရင်လည်း KNU ဘက်က စာချုပ်ရဲ့ ပထမအချက်နဲ့ ဒုတိယအချက်ကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် သွားသင့်တယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားတွေသဘောမတူဘဲ သယံဇာတထုတ်သုံးနေတာကို စာချုပ်ရဲ့ ၄ ချက်မြောက်အချက်ထဲ

မှာပါရှိတဲ့ ‘ဒေသခံပြည်သူများ ပါဝင်ပတ်သက်သော စီမံကိန်းမှအပ ပြည်ပရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ အတိုင်းအတာ ပမာဏကြီးမားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်ဖက်စလုံးမှ စတင်မူမပြုရ’ ဆိုတဲ့အချက်ကို ကျမတို့လုံးဝ ထောက်ပြလို့ရပါတယ်။ ကျမတို့ဘက်မှာ လုပ်ပိုင်ခွင့်တွေ အများကြီးပါပဲ။  ဒီလုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး KNU ဘက်က အမြန်ဆုံး ထိထိရောက်ရောက်နဲ့ လုပ်ဆောင်ပေးပါလို့ ကျမတောင်းဆိုချင်ပါတယ်။

ကျမတို့ကရင်တွေကိုလည်း အစိုးရိမ်မကြီးကြပါနဲ့ သတိရှိရှိနဲ့သာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အပေါ် လုပ်ဆောင်ကြပါ။ ကမာ္ဘကသိအောင် ချုပ်ဆိုခဲ့တဲ့စာချုပ်အပေါ်မှာ မြန်မာအစိုးရဘက်ကနေ ချိုးဖျက်လာရင်တော့ ကျမတို့ကရင်တွေ နှစ် ၆ဝ ကျော်ကိုင်လာတဲ့လက်နက်ကို ဆက်ကိုင်မလား၊

ဒါမှမဟုတ် အေးအေးဆေးဆေးနဲ့ ကမာ္ဘကသိအောင် ခွဲထွက်ခွင့်စပြီး တောင်းဆိုကြမလားဆိုတာသာ စဉ်းစားထားကြပါ။ ကျမတို့အားလုံးအတူတကွဝိုင်းပြီးအဖြေရှာကြရတာပေါ့။

 

နောက် တတိယစာထဲမှာတော့ ဟိုယခင်တုန်းက ကရင်ခေါင်းဆောင်တွေလုပ်ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနေ ဘာတွေအောင်မြင်မှုရခဲ့၊ ဆုံးရှုံးမှုတွေရှိခဲ့လဲ၊ ကျမတို့တွေအားလုံးအတွက်ကော အကျိုးဖြစ်ထွန်းမှုတကယ်ရှိခဲ့၊ မရှိခဲ့ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြရေးသားချင်ပါသေးတယ်။

 

ကျမရေးတဲ့စာတွေနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချင်တယ်ဆိုရင်တော့ nawwahwahpoe@gmail.com ကို ပေးပို့ကြပါလို့ ဖိတ်ခေါ်ပါတယ်။

——– ။ ——— ။ ——–

 

5 comments

  • laypai

    February 8, 2012 at 1:01 pm

    ကရင်နဲ့ သက်ဆိုင်တဲ့ ဘယ်အကြောင်းအရာမဆို ကရင်ဖြစ်တဲ့ ကျနော် စောကရင်လေး စိတ်ဝင်တစား ဖတ်ချင်ပါတယ် ဆိုတဲ့ ကိုစောကရင်လေး ရေ
    ကျနော် လည်း
    ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေ မြန်မြန် ငြိမ်းချမ်းစေချင်ပါပြီ။
    ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေ မြန်မြန် ငြိမ်းချမ်းစေချင်ပါပြီ။
    ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေ မြန်မြန် ငြိမ်းချမ်းစေချင်ပါပြီ။

    ဆန္ဒပြုရင်း
    laypai

  • MTY

    February 8, 2012 at 8:13 pm

    ကျွန်တော့်အမြင်ပြောရရင်..အရင်ကိစ္စတွေအရင်မေ့ထားပြီဆက်ဆံကြည့်ဆွေးနွေးကြည့်စေချင်တယ်။သမိုင်းကိုပြောနေရင်ငြင်းနေရင်ပြီးမှာမဟုတ်ပါ။

  • ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း အားလုံးသွေးစည်းညီညွတ်နိုင်ပါစေ။
    တိုင်းရင်းသားဒေသတွေ အမြန်ဆုံးတိုးတက်နိုင်ကြပါစေ။မြေစာပင်ဘဝက နေအမြန်
    လွတ်မြောက်နိုင်ပါစေဗျာ။

  • maungmoenyo

    February 9, 2012 at 10:59 am

    ဒေသတခုရဲ့ငြိမ်းချမ်းသာယာပြီး ဒေသခံမိသားစုတွေ အားလုံးရဲ့ လုံခြုံတဲ့ဘဝရရှိရေးကို ရာသက်ပန်အာမခံချက်ပေးတဲ့ သဘောတူညီချက်တိုင်းဟာ အခရာအကျဆုံဆွေးနွေးပွဲသော့ချက်ပါဘဲ။ ဒီနေရာမှာ လူမျိုးရေးစိတ်ဓါတ်ရှေ့တန်းမတင်ကြဘို့အရေးကြီးပါတယ်။
    “ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်” ဆိုတဲ့ ဝေါဟာရဟာ စကားတန်ဆာဆင်တဲ့ ဝေါဟာရအဖြစ် ရာစုတခုနီးပါးတည်ခဲ့လို့ တိုင်းရင်းသားတွေက ဗဟိုအစိုးရအပေါ် အယုံအကြည်မဲ့ခဲ့တာ သမိုင်းကသက်သေပါ။ ပင်လုံစာချုပ်ဟာ လံကြုပ်ကြီးပါလို့ စကားဆိုလာကြသူတွေရှိနေပြီဆိုတာသတိထားကြပါ။
    ချင်းတောင်တန်းဒေသ၊ ကရင်ပြည်နယ်၊ ကချင်ဒေသတွေမှာ ကိုယ်မင်းကိုယ်ချင်းနဲ့ လုပ်နိုင်လာမဲ့ ပြည့်နယ်အစိုးရစံနစ်တွေ ကိုအခြေခံဥပဒေက ပြဌာန်းထားပြီးပါပြီ။ ပြစ်ချက်တွေရစရာမရှိအောင်များတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ရှားရှားပါးပါး ကောင်းချက်ကလေးတခုပါ။ structural denomination ရှိပြီးပါပြီ။ တကယ်သရုပ်ပေါ်လာဘို့ဘဲလိုပါတယ်။ Republic of the Union of Myanmar တဲ့ နော်။ တကယ် republic ဖြစ်အောင် ဆွေးနွေးကြဘို့လိုပါတယ်။ လက်ရှိမှာတော့ republic ဆိုတာရဲ့အနှစ်သာရ ယောင်လို့တောင်မတွေ့ရသေးပါဘူး။ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတပါးဆိုရင် သူ့ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက် ဗဟိုအစိုရဆီပို့ရေး၊ မပို့ရေး ဘာလုပ်လဲ ဘာခွင့်ပြုလဲဆိုတာတောင်မသိရှာဘူးဆိုဘဲ။
    ဒီလိုဆွေးနွေးပွဲတွေမှာ လက်တွေ့ကျတဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ဗဟိုအစိုးရက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာမေးကြည့်ကြပါ။ တခုတော့ရှိပါတယ်- မကြေနပ်လို့ ခွဲထွက်မယ်ဆိုတဲ့ (၂)ဘက်လုံးအရှုံးပေါ်မဲ့ လေသံတွေတော့ လျှော့ကြဘို့လိုပါတယ်။ ကိုယ့် နောက်ကကိုယ့်ကိုမှီနေကြတဲ့ ခေတ်အဆက်ဆက် နောက်ကျချင်တိုင်းနောက်ကျနေကြတဲ့ မိသားစုတွေ၊ ကလေးတွေရဲ့မျက်နှာကို အမြဲမြင်တတ်ကြဘို့လိုပါတယ်။

  • Saw Kayinlay

    February 9, 2012 at 1:15 pm

    maungmoenyo ရေ.. မှတ်သားစရာ၊ စဉ်းစားစရာ တချို့ပါတဲ့ comment
    ရေးထားတဲ့အတွက်ကျေးဇူးပါ။ win – win အဖြေတခု ထွက်လာဖို့အတွက်ဆိုရင်
    ဆွေးနွေးတဲ့အခါ၊ အပေးအယူ လုပ်တဲ့အခါ မျှတမှုရှိဖို့ တကယ့်ကို အရေးပါတာပါ။
    maungmoenyo ပြောသလို (၂) ဘက်လုံး
    အရှုံးပေါ်မဲ့ အဖြစ် က မကောင်းဘူးဆိုတာ လက်ခံပါတယ်။

Leave a Reply