ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်

ကိုပါႀကီးFebruary 8, 20121min642

၂၀၁ဝ ရွေးကောက်ပွဲအလွန် ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန်

ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စစ်အစိုးရက ဘာသာ၊ သာသနာကို ကြည်ညိုချင်ဟန်ဆောင်ပြီး အမြဲပြောနေတာပါ၊ တကယ်က ၁၉၆၂ခုနှစ်ကစပြီး စစ်အစိုးရ သူ့အာဏာ မြဲရေးအတွက် အလွန် အ တဲ့ ဘုန်းကြီးအိုကြီးတွေကို စုပြီး သံဃာမဟာနာယကအဖွဲ့ ထောင်တယ်၊ ဘွဲ့တံဆိပ်တွေနဲ့ဖိ၊ နောက်ဆုံး ဆရာတော်ကြီးတွေလဲ သံဃာမဟာနယက (၄၇)ပါးကနေ အပါး အရေအတွက် လျှော့ချမယ် လုပ်တော့ ဘယ်ဆရာတော်ကမှ မဟန ရာထူးကနေ မထွက်ချင်ဘူး။

အလွန်ရိုး ကြည်ညိုစရာ ကောင်းတဲ့ ဆရာတော်ကြီးများဟာ နှုတ်တော်က အမှန်တရားတွေ မဟရဲ မဟောရဲကြပါဘူး။ သံဃမဟာနယကအဖွဲ့ရဲ့ ဝန်ကြီး တနေရာကနေ ပျောက်မသွားဖို့အတွက် မဟောရဲကြတာပါ။

ဗိုလ်ချုပ်တွေကလည်း သူတို့ဆီ သိပ် မသွားရဲဘူး။ အခွင့်ရေးတောင်းဆိုတဲ့ ဘုန်းကြီးများလို့ မသွားရဲအောင် ဖြစ်သွားခဲ့တယ်၊ တကယ်တော့ စစ်အစိုးရက ဆရာတော်များကို ဘွဲ့တံဆိပ်ကပ်၊ အခွင့်ရေးတွေပေးခဲ့တာဟာ ကြည်ညိုလို့ မဟုတ်ပါဘူး။ စစ်အစိုးရက တပြည်လုံးက သံဃာများအပေါ် မတရားတဲ့ အမိန့်တွေ ထုတ်တဲ့အခါ သူတို့က စစ်အစိုးရအကြိုက် လက်မှတ်ထိုးရတာပါ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး စစ်အစိုးရကသာ သံဃမဟာနယကအဖွဲ့ကြီးကို အသုံးချသွားခဲ့ပါတယ်။

သံဃာနဲ့သီလရှင်များ ”နိုင်ငံသားတယောက်အခွင့်လမ်းနှင့်တာဝန်ဝတ္တရားများ”ကို လုပ်ဆောင်နိုင်ဖို့ အခွင့်ရေး ၂၀၀၈ အခြေခံဥပဒေမှာ မပါဘူး၊ ဒါကြောင့်လည်း သာသနာ့ဝန်ထမ်းများက တိုင်းပြည်ရဲ့ အသက်သဖွယ် နိုင်ငံရဲ့ အခြေခံဥပဒေကို ရေးဆွဲစဉ်ကလဲ သံဃာတော်များ မပါဘူး၊ လာမယ့် ၂၀၁ဝ နိုဝင်ဘာလ (၇)ရက်နေ့ ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်နဲ့ နောက်ဆုံး ရွေးကောက်ပွဲအချိန် မဲရုံးတွေမှာ သံဃာတော်များ သွားရောက်လေ့နိုင်တဲ့ အခွင့်ရေးတောင်မှ မရှိတာကို တွေ့နိုင်ပါတယ်။

သာသနာ့ ဝန်ထမ်းများအပေါ်မှာ မတရားဖိနှိပ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်လာမယ့် အစိုးရအသစ်ကလည်း စစ်ဗိုလ်များပဲ ဖြစ်မယ်ဆိုတာ ထင်ရှားတယ်။ အကယ်၍ သံဃာတော်များသာ မဲပေး ဆုံးဖြတ်ပိုင်ခွင့်ရှိမယ် ဆိုရင် ပြည်သူဆန္ဒနဲ့အညီ အခြေခံဥပဒေမျိုး ပြည်သူချစ်တဲ့ အစိုးရမျိုးကို သံဃာတော်များက ရွေးချယ်ခွင့်ရခဲ့ရင် တိုင်းပြည်မှာ စစ်ဝါဒစနစ် ပပျောက်အောင် ပိုပြီး လုပ်နိုင်မယ်။

စစ်အာဏာ တည်မြဲရေးအတွက် သာသနာ့ ဝန်ထမ်းတွေကို ကန့်သတ်ချုပ်ချယ်မှုတွေ ၁၉၆၂ ခုနှစ်ကစခဲ့တာ၊ ၂၀၀၈ အခြေခံ ဥပေဒ ဘုတ်အုပ်သစ်ကြီးထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်၊ မတရားတဲ့ ဥပဒေအောက်မှာ သာသနာ့ဝန်ထမ်းများဟာလည်း ဘယ်လိုမှ လုံခြုံစိတ်ချနိုင်မှု မရှိဘူး ဆိုတာ လက်ရှိအမြင်ပါ။

ဘုန်းကြီးတွေက တုံး၊ အာဏာရှင်တွေက ပြုံး

ရှေးယခင်က ဒီဘုန်းကြီးက ရိုးလိုက်တာ၊ ရှေးဆရာတော်များက အလွန်ကြည်ညိုစရာပေါ့၊ ဒါပေမဲ့ ရိုးသားတာဟာ ကြည်ညိုစရာ ဖြစ်သလို မရိုးသားတဲ့ လူယုတ်မာများ အသုံးချဖို့ အခွင့်အလမ်း ပေးထားသလို ဖြစ်တယ်၊ စစ်အာဏာရှင်များရဲ့ မာယာကျော့ကွင်းအောက်မှာ မဟာ နာယက အသက်(၇၀)ကျော် ဘုန်းကြီးတွေကို တိုင်းပြည်တခုလုံးက သံဃာများကလဲ မကြည်ညိုနိုင် ဖြစ်ခဲ့ရတယ်။

အသိမှား အမှတ်မှားအောင် လူထုထဲမှာ ဘုန်းကြီး ဆိုတာ ဓူရနှစ်ဖြာ စာသင်၊ စာချ တရားပြ အလုပ်ပဲ လုပ်တယ်၊ အခြား ပရဟိတ အလုပ်မျိုးကို လုပ်တဲ့ ဘုန်းကြီး ဆိုရင် နိုင်ငံရေးဘုန်းကြီး လို့ သတ်မှတ်တယ် သို့မဟုတ် အကြည်ညိုပျက်အောင် ဖန်တီး ဝေဖန်တာတွေ မကြားချင်မှ အဆုံးပဲ။ သံဃာတော်များ ငတုံးငအ ဖြစ်နေချိန် စစ်အာဏာရှင်များက ပြုံးပြုံးကြီး လက်အုပ်ချီပြိး အသုံးချသွားခဲ့တယ်။

သံဃာဆိုတာ လူထုကိုဦးဆောင် တိုင်းပြည်ရဲ့ရှေ့ဆောင်မို့ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ လောကီ၊ လောကုတ်နှစ်ဖက် ပြည့်ဝနေရမယ်၊ ဒါမှသာ တိုင်းပြည်နဲ့ သာသနာကို ထပ်တူ ကောင်းသည်ထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ်၊ အခြေခံဥပဒေမှာ နိုင်ငံသားများ အခွင့်လမ်း အတတ်ပညာနဲ့ အသက် မွေးဝမ်းကြောင်းမှု၊ ဝိဇ္ဇာသိပ္ပံပညာ၌ နည်းဥပဒေများ ရှာဖွေဖော်ထုတ်မှုကို နိုင်ငံသားတိုင်း တန်းတူရှိရမယ်လို့ ရေးထားသော်လည်း လက်ရှိမှာ သံဃာတော်များ ရန်ကုန် တက္ကသိုလ်လို နေရာမျိုးကို စစ်အစိုးရ အဆက်ဆက်က ပညာသင်ခွင့် မပေးခဲ့ပါဘူး။

စစ်မှန်တဲ့ အခြေခံဥပဒေမရှိ၊ လူထုဆန္ဒနဲ့အညီ တင်မြောက်ထားတဲ့ အစိုးရမျိုးလည်း မဟုတ်၊ တတိုင်းပြည်လုံးရဲ့ သံဃာတော်များ ဆန္ဒ မဟုတ်ဘဲ စစ်အစိုးရ အလိုကျ ရိုးလွန်း၊ အလွန်းတဲ့ ရှေးရိုး အမြင် တခုသာ သိတော်မူကြတဲ့ ဆရာတော်ကြီးများကို အသုံးချကာ သံဃမဟာနာယကအဖွဲ့ အမည်တပ်ပြီး နှိပ်ကွပ်နေတယ်။ စစ်အစိုးရက သံဃာ့အကျိုး သာသနာအကျိုးကို အလေးမထား၊ နောက်ဆုံး သံဃာတော်တွေကို သေနတ်နဲ့ပစ်၊ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးတာနေချိန်မှာ ဘယ်သံဃနာယက ဆရာတော်ကမှ သံဃာဘက်က လူသိရှင်ကြား ဟန့်တားခဲ့တာ မရှိခဲ့ဘူး။

ပြည်သူလုထု ဆန္ဒအမှန် ရွေးခြယ်တဲ့ အခြေခံဥပဒေဖြစ်မယ်၊ လူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရမျိုးလဲ ဖြစ်မယ်၊ ဒီလိုပဲ မြန်မာနိုင်ငံတခုလုံးရဲ့ သံဃာတော်များရဲ့ သဘောဆန္ဒနဲ့အညီ ရွေးကောက်တင်မြောက်တဲ့၊ နိုင်ငံနဲ့ သာသနာအကျိုးလုပ်မယ့် သံဃအဖွဲ့အစည်းမျိုး လိုအပ်တယ်၊ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေမှာ ဘာတခုမှ ကောင်းတာမရှိ ပျက်စီးမှုတွေ အတိ ပြည့်နေတာပါ၊ Reform ပြုပြင်ပြောင်းလဲရာမှာ အတုအယောင်တွေ ခဝါချ၍ စစ်မှန်ပြီး အနှစ်သာရပါတဲ့ အလုပ်မျိုး လိုပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အစ သံဃနာယကအဖွဲ့ အဆုံး လက်ရှိမှာ ဘယ်လိုမှ သာဓုခေါ်နိုင်စရာ မရှိပါဘူး။

အခြေခံဥပဒေ ရေးဆွဲကာလမှာလည်း တရားမျှတမှုမရှိဘဲ လုပ်ခဲ့တယ်၊ မကြာခင် ရွေးကောက်ပွဲမှာလည်း မတရားတဲ့ အလုပ်မျိုးကို ဆက်လုပ်အုန်းမှာပဲ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ သဘောဆန္ဒအမှန် မဟုတ်ဘဲ စစ်အာဏာနဲ့ အတည်ပြုခဲ့တာ အသိပါ၊ ၁၉၆၂ ခုနှစ် ဦးနေဝင်းအစ ဦးစောမောင် အလယ်၊၂၀၁ဝ ဦးသန်းရွှေအဆုံး ပြည်သူတွေက တောင်းဆိုခဲ့တဲ့ အချက်တွေကို ဘာတခုများ အလေးထား လုပ်ပေးခဲ့ဘူးလဲ၊ သံဃာများ သတ်ဖြတ်ပြီး သံဃာတော်များကို တောင်းပန် ဝန်ချလို့လား၊ အာဏာရှင်တိုင်းဟာ အမှားကို ဝန်မခံတတ်ဘူး၊ လူမိုက်တွေရဲ့ သဘာဝတခုပါ။

၂၀၁ဝ ရွေးကောက်ပွဲ အဖြေမှန်

၁၉၉ဝ ရွေးကောက်ပွဲ NLDကို တတိုင်းပြည်လုံးက မဲပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်း သမီး အဖေတူစိတ်မျိုး အရည်အချင်းနဲ့သတ္တိ တပြိုင်တည်း ချီတက်ခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား တခွန်းအတိုင်း တိုင်းသူပြည်သားတွေက လိုက်နာ၊ အကောင်အထည် ဖော်တယ်၊ လူထုက ယနေ့ချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လေးစား ယုံကြည်နေတယ်၊ ဒီကနေ့ ရွေးကောက်ပွဲ ကာလမှာ ဒီမိုကရေစီအင်အားစုလို့ ခေါင်းစဉ်တပ်(၆)ဖွဲ့ပေါင်း ထားတဲ့ လူတွေက တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်လိုက်ရင် စစ်အစိုးရ သူဟန်သူ ပြိုင်သူမရှိ တယောက်ထဲ ပြေးပြီး ပထမရတဲ့သူ ဖြစ်မှာပေါ့၊ ဒါမျိုးကို ကိုယ်နိုင်ငံတွင်းက လူထုကလဲ လက်မခံ၊ နိုင်ငံတကာကလည်း အသိအမှတ် မပြုပါဘူး။

စစ်အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ညီအကို မောင်နှမများ ခြေထောက်များကို ရိုက်ချိုးပြီးကာမှ အပြေးပြိုင်ဖို့ ဖိတ်ခေါ်တာပါ၊ ကြံ့ဖွတ်ပါတီက ခြေကောင်း လက်ကောင်း ပါလီမန်လွတ်တော်မှာ ထိုင်ခုံရှိပြီးသား၊ ဒီမိုကရေစီတပ်ပေါင်းစု (၆)ခုက ကိုယ်လက်အင်္ဂါ မစုံဘူး၊ ဒီတော့ ခြေမကျိုးတဲ့သူက မျက်စိမမြင်၊ မြင်တဲ့သူကျတော့လည်း ခြေမကောင်း၊ မျက်စိနဲ့ ခြေကောင်းတော့လည်း လက်က ကျိုးနေအောင် စစ်အစိုးရက လုပ်ခဲ့တယ်၊ ကိုယ်လက်အင်္ဂါ မစုံအောင် နှိပ်စက်ခဲ့ပြီမို့ ဒီမိုကရေစီ စနစ် ဆွေးနွေးဖို့ လွတ်တော်မှာ ထိုင်ဖို့ အခွင့်ရေးကို ကြံ့ဖွတ်ပါတီကလွဲရင် ဘယ်သူကိုမှ မပေးဘူးဆိုတာ သိထားပါ။

ပြည်သူလူထုကလည်း ကြံ့ဖွတ် ဗိုလ်ချုပ်တွေကို အလွန် မုန်း၊ ဒီမိုကရေစီပါတီ ကြွေးကြော်နေတဲ့ ပါတီတွေကိုလဲ လူထုက မသိ၊ ပြည်သူတွေ ယုံကြည်လောက်တဲ့ အနေထား ဘာမှ လုပ်ပြ နိုင်ခဲ့ခြင်းမရှိ၊ မဲထည့်ရေးပိုင်းမှာ ပြည်သူတွေက စိတ်မဝင်စားသလို ဘယ်လိုနည်းနဲ့ဖြစ်စေ ယူနီဖောင်းချွတ် ဗိုလ်ချုပ်တွေပဲ အာဏာ ဆက်ယူဖို့ စီစဉ် နေတာပါ။

နိဂုံး

မြန်မာနိုင်ငံ အနာဂတ်သာသနာ ခေါင်းဆောင်မှုမှာ မျိုးဆက်သစ် သံဃာများသာဖြစ်တယ်။

မြန်မာနိုင်ငံ ထေရဝါဒသာသနာတော်ကို မြတ်စွာဘုရား သားတော် ရဟန်းတော်များနှင့် သမီးတော် သီလရှင်များက ကိုယ်ပိုင် စီရင် ဖန်တီးနိုင်ခွင့် ရှိရမယ်၊ သာသနာနဲ့ ပတ်သက်ပြီး အကောင်းအဆိုးများကို သံဃဆန္ဒနှင့်အညီ တင်မြှောက်ထားတဲ့ သံဃ အဖွဲ့အစည်းကသာ ဖြေရှင်းပေးမယ်၊ သံဃာများ အပြစ်တစုံတရာ ရှိပါက သံဃ ခုံရုံးသာ ဆုံးဖြတ်ပေးရမယ်၊ လူအာဏာပိုင်အဖွဲ့အစည်းက လုံးဝစွတ်ဖက်ခွင့် မရှိစေရအောင် တပြည်လုံးက သံဃာများ၊ ဗုဒ္ဓဘာသာဝင်များ အားလုံးက နားလည်သဘောပေါက်ဖို့ လိုပါတယ်။

တရားမျှတမှု မရှိတဲ့ စနစ်ဆိုးအောက်မှာ သီလပေး ရေစက်ချဖို့လောက်သာ စဉ်းစားနေမယ် ဆိုရင် သာသနာနဲ့ တိုင်းပြည်အတွက် နစ်နာ ဆုံးရှုံးပါတယ်၊ မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်တဲ့ ပြည်သူ့အစိုးရ အောက်မှာသာ စစ်မှန်တဲ့ သာသနာပြု လုပ်ငန်းတွေကို လုပ်နိုင်မှာပါ။

မြန်မာနိုင်ငံမှာ သာသနာ တည်တံ့ ပြန့်ပွားရေးရဲ့ အခြေခံဖြစ်တဲ့ ဘုန်းကြီးကျောင်းပညာရေးနဲ့ ကိုယ့်အခွင့်ရေးကို တားဆီးပိတ်ပင်တဲ့ မတရားတဲ့ဥပဒေကို သံဃာတော်များ အားလုံးက တညီတညွတ် ဆန့်ကျင်ရမယ်၊ တိုင်းသူပြည်သားများ အကျိုးစီးပွားဖြစ်ထွန်းမှ သာသနာတော်လည်း စည်ပင်သာယာနိုင်မယ်၊ ပစ္စည်းလေးပါး အလှူရှင်ရှိမှ သံဃာရှိမယ်၊ သံဃာများရှိရင် သာသနာတော်ဆိုတာလည်း ရှိနေမယ်၊ မြန်မာနိုင်ငံ ဆင်းရဲမွဲတေပြီး ငရဲပြည်လို ဖြစ်နေတဲ့ ဒီတိုင်းပြည်မှာ သံဃာနဲ့ သာသနာ ဘယ်မှာ အသက် ရှည်နိုင်မှာလဲ။

ဒီအချက်ကို မျိုးဆက်သစ် ရဟန်းတော်များက အလေးထားပြီး“သာသနာ့အရေး ဒို့အရေးပေ ဆရာရော ဒကာရော၊ မလျော့သော စိတ်တွေ၊ ဘယ်ရန်သူမျိုး ထိုးဖောက်လာစေ ဒို့မမှု ပေါင်းစုကာကွယ်မလေ” ဆိုတဲ့ သာသနာ့ဥသျှောင်အဖွဲ့ မစိုးရိမ်ဆရာတော်ကြီး ဩဝါဒအတိုင်း သာသနာ့ အန္တရာယ် ကာကွယ်ရေးများကို တစိုက်မတ်မတ် လုပ်နိုင်ကြပါစေ။

မေတ္တာတရားဖြင့်

ဗုဒ္ဓေါဝါဒကျောင်းဆရာတော်

အမေရိက

(အသောက အသောက အသောက ၏ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

2 comments

  • shwe tallatr

    February 9, 2012 at 12:27 am

    ဖတ်ရတာကောင်းပါတယ်ကိုပါကြီး ဒါပေမယ့်ဘုရားသာသနာသက္ကရာဇ်တဖြေးဖြေးဆုပ်လာတဲ့အချိန်မှာ
    သာသနာပျက်စီးရာပျက်စီးကြောင်းတွေက တဖြေးဖြေးဖြစ်ထွန်းလာမှာ ဧကန်မလွဲဘူးဆိုတာ ကျွန်တော်တို့
    မြတ်စွာဘုရားက ဗြာဒိတ်တွေဟောပြပြီးပြီပဲ ၊ သံဃာ့သိက္ခာပုဒ်ကိုမထိန်းနိုင်ခဲ့ရင် သံဃာ့မဟာနာယကပဲ
    ဖြစ်ဖြစ် အဝီစိငရဲဆင်းရမှာမလွဲဧကန် ပါပဲဗျာ ဒီလိုဆုံရမယ့်ပဌာန်းဆက်တွေပါလာတယ်လို.သာစိတ်ဖြေ
    လိုက်ပါဗျာ၊၊

  • kai

    February 10, 2012 at 5:39 am

    သံဃာဆိုတာ လူထုကိုဦးဆောင် တိုင်းပြည်ရဲ့ရှေ့ဆောင်မို့ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ လောကီ၊ လောကုတ်နှစ်ဖက် ပြည့်ဝနေရမယ်၊ ဒါမှသာ တိုင်းပြည်နဲ့ သာသနာကို ထပ်တူ ကောင်းသည်ထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ်၊ အခြေခံဥပဒေမှာ နိုင်ငံသားများ အခွင့်လမ်း အတတ်ပညာနဲ့ အသက် မွေးဝမ်းကြောင်းမှု၊ ဝိဇ္ဇာသိပ္ပံပညာ၌ နည်းဥပဒေများ ရှာဖွေဖော်ထုတ်မှုကို နိုင်ငံသားတိုင်း တန်းတူရှိရမယ်လို့ ရေးထားသော်လည်း လက်ရှိမှာ သံဃာတော်များ ရန်ကုန် တက္ကသိုလ်လို နေရာမျိုးကို စစ်အစိုးရ အဆက်ဆက်က ပညာသင်ခွင့် မပေးခဲ့ပါဘူး။

    လိုက်ရှာနေတာ.. ဒီထဲပြန်တွေ့တယ်..ဆရာသစ်ရေ..။

Leave a Reply