“ရွေးချယ်မှုအကြောင်း တစ်စေ့တစ်စောင်း”

ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကျွန်ုပ် အကြမ်းအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။

ထိုအရာများမှာ

(၁) သူများက သတ်မှတ်ပေးသော ရွေးချယ်မှု

(၂) သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်မှု နှင့်

(၃) ကိုယ်ကိုယ်တိုင် ရွေးချယ်မှုတို့ပင် ဖြစ်သည်။

ပထမအချက်ဖြစ်သော သူများက သတ်မှတ်ပေးသော ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် ယခုခေတ် လူငယ်များ အများအားဖြင့် အကျုံးဝင်ပေသည်။ အဘယ်ကြောင့်ဆိုသော မိဘများသည် သူတို့၏ သားသမီးများအား အောင်မြင်စေလိုစိတ်ဖြင့် ရွေးချယ်မှုများကို ကြိုတင်သတ်မှတ်ပေးတတ်သည်။ ထိုအခါ လူငယ်များမှာ ကိုယ့်ဝါသနာက ဘာမှန်းမသိ မိဘလမ်းကြောင်းပေးရာကိုသာ လျှောက်ကြရပေတော့သည်။

သာဓကပြရလျှင် ဆယ်တန်းစာမေးပွဲတော် အမှတ်အကောင်းဆုံးဖြင့်အောင်သော ကျောင်းသူကျောင်းသားများအား ဆရာဝန်လိုင်းချည်းဘဲ သွပ်သွင်းစေခြင်းဖြင့်လည်းကောင်း၊ အသင့်အတင့်အမှတ်နဲ့ အောင်သောသူမားများအား နိုင်ငံခြားထွက် အလုပ် လုပ်ခိုင်းစေခြင်းဖြင့်လည်းကောင်း တွေ့နိုင်ပေသည်။ ထို့ကြောင့်ပင် ဆရာဝန်များနဲ့ နိုင်ငံခြားပြန်များ ယခုခေတ်တွင် ပေါများလာရသည်။

ထိုသူတို့၏ ဘဝကို တွေးကြည့်လျှင် ကွန်ပြူတာနဲ့ ထိန်းချုပ်ခံရသော စက်ရုပ်သဘောမျိုးဆန်ပေသည်။ မိဘတို့ ကြိုးဆွဲရ ကရသော ရုပ်သေးရုပ်များများသာသာပင်။ ထိုသူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက် တကယ်တမ်း ချရမည်ဆိုပါက ဝေခွဲမရစိတ်ဖြင့် အမှားများနိုင်ပေသည်။မိဘတို့ သတ်မှတ်ထားသော ပုံစံခွက်အတိုင်း ရှင်သန်ရသောကြောင့် အရေးပေါ်ကိစ္စများ ဆောင်ရွက်ရာ၌ နောက်လိုက်များဖြင့်သာ အသုံးဝင်နိုင်ပေ၏။

ဒုတိယအချက်ဖြစ်သော သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် စိတ်ဓာတ်ပျော့လွန်းသူများနှင့် ပို၍ သက်ဆိုင်ပေသည်။ ထိုသူတို့အား တစ်ပါးသူက “ဘာလေးလုပ်ရင်ကောင်းတယ်” ဟု ပြောကြားပါက ကိုယ်နဲ့ ကိုက်ညီသည် မကိုက်ညီသူကို မစဉ်းစားဘဲ လိုက်လုပ်တတ်ကြသော သူများဖြစ်သည်။ ကိုယ်ဆုံးဖြတ်ချက်ကြောင့် လုပ်လိုက်သော လုပ်ဆောင်ချက်ကြောင့် အမှားများမှာကို အကြောက်ကြီး တွေးကြောက်သူများထဲတွင်လည်း ထိုသူတို့ ပါဝင်သည်။

အများအားဖြင့် ထိုသူတို့မှာ တခြားသူ လုပ်ငန်းတစ်ခု ဖြစ်မြောက်အောင်မြင်သွားတာ တွေ့လျှင် ကိုယ့်ဝါသနာနှင့် လုပ်ငန်းကျွမ်းကျင်မှု မှာ ထိုအလုပ်နှင့်မကိုက်ညီသော်လည်း အားကျစိတ်ဖြင့် ရွေးချယ်တတ်ကြသည်။ ထို့ကြောင့် ထိုသူတို့အား သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်သူများဟု ဆိုနိုင်ပေသည်။ ထိုသူတို့မှာလည်း ဆုံဖြတ်ချက်ချသော ကိစ္စများတွင် နောက်လိုက်များဖြင့်သာ အများဆုံးတွေ့နိုင်ပေသည်။

နောက်ဆုံးအချက်ဖြစ်သော ကိုယ်ကိုယ်တိုင် ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် ယနေ့ခတ် အနုပညာနယ်ပယ်၌ အများဆုံး တွေ့နိုင်ပေသည်။ ကိုယ်ကိုယ်တိုင် ဝါသနာပါရာ ရွေးချယ်မှုအဖြစ် အောင်မြင်အောင် လျှောက်လှမ်းသူအများစုမှာ အနုပညာကြယ်ပွင့်များဖြစ်လာကြသည်။ တချို့ပညာရှင် အများစုမှာလည်း ကိုယ်ကိုယ်တိုင် ရွေးချယ်မှုများကြောင့်ပင် အောင်မြင်သူများ ဖြစ်လာကြသည်သာ။

သို့သော်လည်း တချို့လူငယ်များကတော့ မိဘပုံစံချရာ လမ်းအတိုင်း လျှောက်သွားရင်း လမ်းတစ်ဝက်ရောက်မှ ကိုယ့်ဝါသနာကို သတိထားမိပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုကို ပြုလုပ်နိုင်သောကြောင့် ဘဝလမ်းကြောင်း ပြောင်းလဲသွားသူများလည်း ရှိသည်။ ထို့ကြောင့် ဆရာဝန်ရုပ်ရှင်အနုပညာရှင်၊ ဆရာဝန်စာရေးဆရာ၊ ဆရာဝန်အဆိုတော် စသည်ဖြင့် တွေ့နိုင်ကြပေသည်။ သို့ဖြစ်၍ ရွေးချယ်မှု ဆိုသည်မှာ ကျွန်တော်တို့ စိတ်က ဒွိဟဖြစ်လို့ မရပါ။

ထိုင်ခုံနှစ်လုံး ရှိရာ၌ တစ်ခုံပိုင်နိုင်စွာ ရွေးချယ်မှ ထိုင်ခွင့်ရနိုင်မည်။ ဟိုထိုင်ခုံ ၊ ဒီထိုင်ခုံဟု ရွေးချယ်မပြီးမချင်း ထိုင်ခွင့်ရှိမည်မဟုတ်။ ထို့ကြောင့် ကိုယ်ကိုယ်တိုင် ရွေးချယ်မှုဖြင့် အနာဂတ် ကောင်းများကို လူငယ်များပိုင်ဆိုင်နိုင်ကြပါစေဟု ရည်ရွယ်၍ ရွေးချယ်မှုအကြောင်း တစ်စေ့တစ်စောင်းကို ရေးသားလိုက်ရပါသည်။

စေပိုင်ထွဋ်(ပုသိမ်)

(၂၀၁၁ ဒီဇင်ဘာ/ သရပါ ရသစာပေမဂ္ဂဇင်း)

8 comments

  • mandalarthu

    February 8, 2012 at 9:10 pm

    မှန်လိုက်တာနော်…။
    ခုခေတ်လူငယ်တော်တော်များများက….ဆေးကျောင်းတက်တာတောင်
    ကိုယ်ကိုယ်တိုင် ရွေးချယ်မှုဖြင့် တက်တာမဟုတ်ဘဲ……..မိဘက တိုက်တွန်းလို ့၊ဆရာဝန်အလုပ်က ဂုဏ်ရှိလို ့၊ဝင်ငွေကောင်းလု ိ့..စသည်ဖြင် ့သူများက သတ်မှတ်ပေးသော ရွေးချယ်မှုနောက်လိုက်ကြတာများတယ်။ အဲဒီလူငယ်တွေဟာ .. …….မိမိဝါသနာပါရာ အလုပ်ကို ကိုယ်တိုင် မရွေးချယ်ဘဲ …သူတို ့်ဘဝရဲ ့တန်ဖို းရှိတဲ ့အချိန်တွေကို ဖြုန်းတီးပစ်နေတာ….နှမြောစရာကောင်းလှတယ်။သူတို ့တွေဟာ….
    အနာဂတ်မှာ အောင် မြင်တဲ ့ဆေးပညာရှင် တွေဖြစ်လာဖို ့ဆိုတာ ………ပိုဝေးပါသေးတယ်။
    သူတို ့ဝါသနာမပါတဲ ့အလုပ်ကို ….စက်ရုပ်လို လုပ်နေမှတော ့…..
    ဒီလို လူငယ်တွေများလာရင်တော ့…….တိုင်းပြည်အတွက် ..ရင်လေးစရာပါ။
    သူတို ထိုင်ခုံ့ကို ….သူတို ့ကိုယ်တိုင်ရွေးချယ်ပြီး …..ထိုင်တတ်ဖို ့……မိဘတွေက နားလည်ပေးပြီး
    သူတို့ ့ကို ကိုယ်တိုင် ရွေးချယ်ခွင် ့ပေးသင် ့ပါတယ်။သူတို ့်ရွေးချယ်တဲ ့ ထို်င်ခုံမှာ ….သူတို ့ ့်တည်တည်ငြီမ်ငြီမ် ထိုင်တတ်အောင်လည်း ……သူတို ့မှာ.စိတ်ဓာတ်ခွန်အားရှိဖို ကို ့လည်း….မိဘတွေက ……..အားပေးတိုက်တွန်းသင် ့ပါတယ်။
    ဒါက ကျွန်မအမြင်လေးကို ပြောပြတာပါနော်။ဪ…ကျွန်မကတော ့..ကိုယ် ့ထိုင်ခုံကို ကိုယ်ကိုယ်တိုင်..
    ရွေးချယ်ပြီး …..ထိုင်ခဲ ့တဲ ့လူတစ်ယောက်ပါ။
    လူငယ်တိုင်းအတွက် …….ဖတ်သင် ့တဲ ့ပိုစ်လေးမို ့ရှယ်လိုက်ပြီနော် ….ကျေးဇူးပါနော်။

    • စေပိုင်ထွဋ် (ပုသိမ်)

      February 10, 2012 at 7:29 pm

      ကျွန်တော့် ထင်မြင်ယူဆချက်ကို လက်ခံပေးတဲ့အတွက်လည်း
      အထူးကျေးဇူးတင်ပါတယ် မန္တလာသူရေ…
      ရှယ်ပေးတဲ့အတွက်လည်း ထပ်ဆင့်ကျေးဇူးတင်လိုက်ပါတယ်ဗျာ
      ခင်လျှက်
      စိုးပိုင်

  • Mလုလင်

    February 9, 2012 at 12:39 am

    ထိုင်ခုံ နှစ်လုံးရှိရင် တစ်ခုံကို ထိုင်ပြီး ကျန်တစ်ခုံကို အရှေ ့ကိုဆွဲယူပြီး ခြေထောက် တင်လို့ မရဘူးလားဟင်..။
    လေးစားစွာဖြင့်..
    လျှာရှည်လုလင်

    • စေပိုင်ထွဋ် (ပုသိမ်)

      February 10, 2012 at 7:32 pm

      အင်း ဒါကတော့
      ကိုယ်ကိုယ်တိုင်က ပိုင်ရင်တော့ လုပ်ပေါ့ဗျာ
      တော်ကြာမှ ပြုတ်ကျရင် တာဝန်ယူဘူး အဟီး
      ခင်လျှက်..
      စေပိုင်ထွဋ်(ပုသိမ်)

  • သို့သော်လည်း တချို့လူငယ်များကတော့ မိဘပုံစံချရာ လမ်းအတိုင်း
    လျှောက်သွားရင်း လမ်းတစ်ဝက်ရောက်မှ ကိုယ့်ဝါသနာကို သတိထား
    မိပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုကို ပြုလုပ်နိုင်သောကြောင့် ဘဝလမ်း
    ကြောင်း ပြောင်းလဲသွားသူများလည်း ရှိသည်။ ထို့ကြောင့် ဆရာဝန်ရုပ်
    ရှင်အနုပညာရှင်၊ ဆရာဝန်စာရေးဆရာ၊ ဆရာဝန်အဆိုတော် စသည်ဖြင့်
    တွေ့နိုင်ကြပေသည်။ သို့ဖြစ်၍ ရွေးချယ်မှု ဆိုသည်မှာ ကျွန်တော်တို့
    စိတ်က ဒွိဟဖြစ်လို့ မရပါ။

    ကျနော်ကတော့ ကျောင်းထုတ်ခံရတဲ့ ၂၀၀ရခုနှစ် နိုဝင်ဘာလ(၂၇)နေ ့ကတည်း
    က ခုထိကို ဘာရွေးချယ်မှုလဲမလုပ်ပါဘဲ နေလာလိုက်တာ ဦးနှောက်ယိုစီးသွား
    ပီလို ့ကိုယ်တိုင်မှတ်ခက်ချလိုက်ပါတယ်။ကျနော့်မှာ နောက်ထပ်ရွေးစရာကျောင်း
    မရှိသလို၊ပြည်ပထွက်ဖို ့ရာလဲ ငွေကြေးမရှိလေတော့……..

    • စေပိုင်ထွဋ် (ပုသိမ်)

      February 10, 2012 at 7:49 pm

      ဒါဆိုရင်တော့ ဖြစ်ချင်တာထက်
      ဖြစ်သင့်တာကိုပဲ ရွေးချယ်ရတော့မယ် ထင်တာပဲ..
      အဲ့ဒီ ရွေးချယ်ထားတဲ့ ဖြစ်သင့်တာကိုပဲ အကောင်းဆုံး လုပ်နိုင်ရင်
      အလိုလို ဒီရွေးချယ်မှုကို နှစ်ခြိုက်လာလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်…
      ဘာပဲရွေးချယ် ရွေးချယ် အဲ့ဒီ ရွေးချယ်မှုကို အကောင်းဆုံးကို သင်လုပ်နိုင်ခဲ့ရင်
      သင်ဟာလည်း အောင်မြင်သူ ဖြစ်လာမယ် လို့ ကျွန်တော် ထင်တယ်
      ခင်လျှက်…
      စေပိုင်ထွဋ်(ပုသိမ်)

  • yoeyar may

    February 16, 2012 at 7:21 pm

    ်အင်းဟုတ်တယ်
    ခုခေတ်ကလေးတွေကတော်တော်ရယ် မိဘတွေကပိုတယ်ထင်ပါတယ်
    အင်းလေ အဲဒါကလည်းကိုယ့်ကလေးကိုမြင့်မြင့်ရောက်စေချင်လို့ထင်တယ်နော်
    မူကြိုကတည်းက အိမ်မှာဆရာမခေါ်သင်ရတာနဲ့
    ကလေးပဲ ဆော့တဲ့အရွယ်ဆော့မှာပေါ့
    အဲလိုမဟုတ်ဘူး အရမ်းဖိအားပေးခံရတယ်
    ကိုစေပိုင်ထွဋ်ပြောသလိုပဲ
    ဖြစ်သင့်တာကိုရွေးချယ်ခဲ့ပြီး
    ကိုယ်ရွေးချယ်ခဲ့တာကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင် အောင်မြင်မယ်လို့ထင်ပါတယ်

    • စေပိုင်ထွဋ် (ပုသိမ်)

      February 16, 2012 at 7:26 pm

      ကျွန်တော်ကတော့ အားလုံးကို အောင်မြင်စေချင်ပါတယ်
      ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ်
      မဟုတ်တာလုပ်တဲ့ နယ်ပယ် မဟုတ်ရင်ပြီးရော
      ခင်လျှက်…
      စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply