Android နှင့် iPhone တို့၏ စိန်ခေါ်ပွဲကြီး

khinmintatthuAugust 1, 20103min560

Apple iPhone နဲ့ Google’s Android smartphones တွေရဲ့ တိုက်ပွဲကတော့ avatar ထဲက လူသားနဲ့ ဂြိုလ်သား တိုက်ပွဲလို ဖြစ်မလား၊ ဒါမှမဟုတ် နှုးညံ့မှုတွေနဲ့ အထိအတွေ့တွေ ဆွဲဆောင်မှု အပြည့် မင်သမီးလေးတွေနဲ့ ခေတ်ရှေ့ပြေး စက်ရုပ်မင်းသား လေးတွေရဲ့ တိုက်ပွဲ ဖြစ်မလား မပြော တတ်ဘူး။ တိုက်ပွဲကတော့ တံဗိုးခရာသံတွေ စီစီညံပြီး တိုက်ပွဲခေါ်သံတွေ ညံနေတာ လူတိုင်း အသိပဲ ဖြစ်ပါတယ်။

တကယ့်ကို ကြီးမား ကျယ်ပြန့်လွန်းတဲ့ ဈေးကွက်ကြီး ဖြစ်နေတာ တစ်ကြောင်း တကယ့် အထင်ကရ ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ပွဲဖြစ်နေတာ တစ်ကြောင်း ဈေးကွက်ကို နည်းမျိုးစုံနဲ့ လုဖို့ တိုက်ပွဲကို စစ်မျက်နှာစုံက ဖွင့်ပြီးတိုက်ဖို့ ပြင်ဆင် နေကြပါတယ်။ အရင်ရှိပြီးသားတွေ ကလည်း ဆရာကြီး နောက်ဝင်လာမယ့် ကောင်တွေကလည်း ဆရာကြီးတွေ ဆိုတော့ မတိန်းမစောင်း ဗိန်းမောင်းနဲ့သာ လိုက်ပေတော့လို့ ဆိုရမလို ဖြစ်နေပါတယ်။ (တကယ်တော့ ကျွန်တော်မှာ Android Phone လည်း မရှိ၊ iPhone လည်း မရှိပါ၊ ဟမ်းဖုန်းကိုင်ရတာထက် Android Tablet ကိုင်ချင် သောကြောင့် စောင့်နေတာလည်း ပါသည်။ :P )

Apple က iPhone 4 ဟု ခေါ်သော နှုးညံ့မှုများနှင့် ခပ်စွာစွာပုံစံ ပေါင်းစပ်ထားသော မင်းသမီးလေကို ပွဲထုတ်ဖို့ တာဆူ လိုက်ချိန်တွင် Don’t be Evil မဟာမိတ်များအဖွဲ့ ဖြစ်သော Google, Verizon နဲ့ Adobe တို့က Android ကို အခြေခံထားသော Motorola Droid ကို ပွဲထုတ်ဖို့ ပြင်လာကြပါတယ်။ Don’t be Evil တွေက ၂၃ ဇွန်မှာ ကြော်ငြာတယ်။ Apple က iPhone 3Gs ကို အဆင့်မြှင့် တင်ထားသော iPhone 4 ကို AT & T မှတစ်ဆင့် ဇွန် ၂၄ မှာ ဖြန့်ချီလိုက်ပါတယ်။ US မှာသာမက US ပြင်ပ ဖြစ်သော France, Germany, Japan နဲ့ UK တို့မှာပါ တစ်ခါတည်း ဖြန့်မယ်လို့ သိရပါတယ်။

Apple က စတင်ရောင်းချမည့် နေ့မှာပင် အလုံးရေ 600,000 ရောင်းချပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါတောင် အော်ဒါကိစ္စတွေမှာ အခက်အခဲ အများကြီး ရှိနေခဲ့ကြောင့်လို့ ဆိုပါတယ်။ Motorola Droid ဆိုတာကလည်း Android army တွင် တကယ့်ကို ပေါ်ပြူလာ အဖြစ်ဆုံး ဖြစ်နေပါတယ်။ June 23 ရက်နေ့က ကြော်ငြာချက်တွေအရ Motorola ရဲ့ Android-based ဖုန်းတွေကို တကယ့်ကို ထိရောက် အရေးပါတဲ့ အဆင့်မြှင့်တင်မှုတွေ ရှိလာမည်ဟု ခန့်မှန်း ထားကြပါတယ်။

ဒီလို Product နှစ်ခုကို သူထက်ငါ ဦးအောင် ပြိုင်ထုတ်ကြတဲ့ နောက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်လာတာ မဆန်းပါဘူး။ ဘယ်သူက Research In Montion’s smartphone crown ကို ဘယ်သူက ဆောင်းမလဲဆိုပြီး အသည်းအသန် ယှဉ်ပြိုင် အနိုင်လု ကြတော့မှာပါ။ ဒီတော့ သူတို့ ဘယ်လို နယ်ပယ်တွေမှာ ယှဉ်ပြိုင်ကြမလဲ လေ့လာကြည့်ရအောင်

Devices

iPhone 4 အသစ်က

  • Front Facing Camera ထည့်ပေးထားသလို
  • 720p Video Recording စနစ်ကိုလည်း ထည့်သွင်း ပေးထားပါတယ်။
  • 5-megapixel rear facing camera (အနောက်ဖက်က Camera) ကိုလည်း တပ်ပေးထားပါတယ်။
  • အဲဒီအပြင် အချိန်ကြာကြာ ပိုခံတဲ့ ဘက်ထရီစနစ်၊
  • 960px by 640px 3.5 inch LED display ကို တပ်ဆင်ပေးထားပါတယ်။

Apple ရဲ့ တစ်ဖက်ကို Android ကို ကြည့်မယ်ဆိုရင် Droid X အနေနဲ့

  • 4.3 inch display,
  • HDMI output, 720p video recording (ဗီဒီယို ရိုက်ကူးရေး စနစ်)
  • 845px by 480px resolution screen
  • 8 megapixel camera with flash
  • သူကတော့ Apple က ပစ်ပယ်ခဲ့တဲ့ Adobe ရဲ့ Flash Player 10.1 for mobile devices ကို သုံးလို့ရမယ်လို့ ဆိုထားပါတယ်။

Droid နဲ့ iPhone ကို ယှဉ်ကြည့်မယ်ဆိုရင် Droid အနေနဲ့ တကယ့် Key Feature တစ်ခု ဖြစ်တဲ့ Front-face camera ကျန်ခဲ့တာ တွေ့ရပါ လိမ့်မယ်။ ဒါပေမယ့် HTC ရဲ့ Android-based EVO 4G မှာတော့ အဲဒီ Feature ပါဝင်နေတာ တွေ့ရပါတယ်။

Apple က နှစ်စဉ် တကယ့်ကို ကောင်းလွန်းလှတဲ့ Hardware တွေ ထုတ်လုပ်နေပါတယ်။ အဲဒီလို ထုတ်လိုက်တိုင်းလည်း Andriod ဖက်ကလည်း ပိုပြိးကောင်းတဲ့ ပိုပြီး သစ်တဲ့ Devices တွေ လအနည်းငယ်အတွင် ထွက်လာတတ်ပါတယ်။ ဒီနေရာမှာတော့ ဘဲအုပ်ရယ် တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်း ဆိုသလို ဖြစ်နေပါတယ်။ အကြံတူ နောက်လူ သာစမြဲဆိုသလို နောက်က လိုက်လုပ်တဲ့သူတွေက ပိုပြီး သာသာသွားတာ တွေ့ရပါတယ်။ ဒါကလည်း Apple က တစ်ခုတည်း Android ဖက်မှာက HTC, Motorola စသည်ဖြင့် အများကြီး ရှိနေတာလည်း ပါသည်။ ဒါပေမယ့် ဘဲအုပ်ကယ် တစ်ရာ နှစ်ရာ ဆိုပေမယ့် ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ ဆိုသလို မဗေဒါကတော့ ဘဲအုပ်တွေ ကြားထဲမှာ တင့်တယ် နေပါတယ်။ PC World က အမှတ်ပေးတာကတော့ Android ပါတဲ့။

အရောင်းနှင့် ဈေးကွက် ထိုးဖောက်မှု

Morgan Stanley ရဲ့ လေ့လာစမ်းစစ်ချက်တွေ အရ iPhone တကမ႓ာလုံးမှာ အသုံးပြုသူ အရေအတွက် 100 million ကို 2011 အကုန်မှာ ရောက်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ အဲဒီလို ခန့်မှန်းချက်က ယခု အသုံးပြုသူ အရေအတွက် 30 million နဲ့ ယှဉ်ရင် တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ ခန့်မှန်းချက်ပါပဲ။ Apple အနေနဲ့ United States ရဲ့ Smartphone ဈေးကွက်မှာ ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Android ကတော့ ၉ ရာခိုင်နှုန်းပါ။ iPhone ကော Android ဈေးကွက်ဆိုင်ရာ ပိုင်ဆိုင်မှု ရာခိုင်နှုန်းကတော့ တစ်နှစ်နဲ့ တစ်နှစ် ၂ ရာခိုင်နှုန်းနဲ့ တိုးတက် တာခြင်းတော့ တူတူပါပဲ။

NDP Group ရဲ့ ၂၀၁ဝ ပထမလေးလပတ် စစ်တမ်းတွေ အရတော့ Android ရဲ့ ရောင်းအားက iPhone ရဲ့ ရောင်းအားကို ကျော်တက်သွားတယ် လို့ သိရပါတယ်။ Android ၇၀ရ ရာခိုင်နှုန်း ကြီးထွားလာတယ်လို့ ဆိုပါတယ်။

ဒီလို အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Android အနေနဲ့ အင်အားကြီးထွားလာတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် iPhone ကတော့ စမတ်ဖုန်း ဈေးကွက်မှာ ဝေစုအများကြီး ပိုင်ဆိုင်ထားဆဲ ပါပဲ။ Google အနေနဲ့ iPhone ကို ဖိုက်ချင်တယ် ဆိုရင် တကယ့်ကို ကြီးမားကျယ်ပြန့်တဲ့ အံ့ချီးကုန်နိုင်ဖွယ် နှုန်းနဲ့ တိုးတက်လာဖို့ လိုပါတယ်။ အဲဒီလို တိုးတက်လာမှသာ Apple ရဲ့ iPhone ကို နောက်ကောက် ချနိုင်မယ့် သဘော ရှိပါတယ်။ Apple ရဲ့ iPhone တွေကို ထုတ်လိုက်တယ် ဆိုတိုင်း သည်းသည်းလှုပ်၊ အရူးအမူး၊ သေလုမျောပါး စတဲ့ ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ဖို့ဆိုတာ Android အတွက် မလွယ်ပါဘူး။ အဲဒီလို သည်းသည်းလှုပ်၊ အရူးအမူး၊ သေလုမျောပါး ဆိုတဲ့ အခြေအနေမှာ ရောင်းအားက အကောင်းဆုံး ဆိုတော့ အကြံတူ နောက်လူသာစမြဲဆိုတာ ဒီနေရာမှာတော့ မမှန်တော့ပါဘူး။ PC World က ဒီနေရာမှာ အမှတ်ပေးတာက iPhone ပါတဲ့။

အရောင်းကိုယ်စားလှယ်

United State မှာဆိုရင်တော့ iPhone ဆိုတာနဲ့ AT & T နဲ့ လက်တွဲမှကို ဖြစ်ပါလိမ့်မယ်။ ၂၀၀ရ ခုနှစ် iPhone ဆိုတာ စကတည်းက ရှောင်လွဲမရ ထာဝရဆိုတာ iPhone နဲ့ AT & T ပါပဲ။ အဲဒီလို အရောင်း ကိုယ်စားလှယ် တစ်ခုတည်း ဖြစ်နေတာကို Apple အနေနဲ့ မပြုပြင်နိုင်သေးပေမယ့် Android ကတော့ အရောင်း ကိုယ်စားလှယ်မျိုးစုံ ကွန်ယက်မျိုးစုံက ဖြန့်ချီဖို့ ပြင်ဆင်နေပါတယ်။ ဒီနေရာမှာ PC World အမှတ်ပေးတာက Android ပါတဲ့။

Operating System

Apple ကတော့ Operating System ကို ဖြန့်ချီရမှာ တစ်ကြိမ်ကို တစ်ခုပဲ ဖြန့်ချီပါတယ်။ အဲဒီအပြင် Updates တွေ ဖြန့်ချီတဲ့ အခါမှာလည်း ဘယ်လို iOS သုံး Hardware ကိုမဆို Update လုပ်လို့ရပါတယ်။ တစ်ဖက်မှာ ရှိတဲ့ Android မှာတော့ ဒီထက် ပိုပြီး ရှုပ်ထွေးတာတွေ ရှိနေပါတယ်။ Android OS အနေနဲ့ 1.6, 2.1 နဲ့ 2.2 ဆိုပြီး ဗားရှင်းသုံးမျိုး ရှိပါတယ်။ အဲဒီလို ဗားရှင်းတွေ အမျိုးမျိုးရှိနေပြီး ကိုယ့် Android Device ကို Upgrade လုပ်လို့ ရမရ မသေချာပါဘူး။ အဲဒီလို Upgrade လုပ်ခွင့်ရှိလား၊ ရှိတယ်ဆိုရင်လည်း ဘာတွေ ဖြစ်လာနိုင်သလဲ စသည်ဖြင့် တွေးပူစရာတွေ ရှိနေပါတယ်။

Apple ရဲ့ ချဉ်းကပ်ပုံက ပိုပြီး ရိုးရှင်းပါတယ်။ ခုချိန်မှာ iPhone 3Gs နဲ့ iPhone 4 ဆိုပြီး Support လုပ်တဲ့ ဖုန်းနှစ်ခု ရှိပါတယ်။ အဲဒီနှစ်ခုမှာ ရနိုင်တဲ့ Feature တွေကတော့ သိပ်အကွာကြီး မဟုတ်လှတာ တွေ့ရပါတယ်။ သိပ်ပြီး ထင်ထင်ရှားရှားကြီး ကွဲပြားခြားနား နေတာ မတွေ့ရပါဘူး။ ဒီနေရာမှာ PC World အမှတ်ပေးတာက iPhone ပါတဲ့။

Apps

Apps ဆိုတဲ့နေရာကတော့ ပြိုင်ဖက်နှစ်ခုစလုံးရဲ့ အဓိကအကျဆုံး စစ်မြေပြင် ဖြစ်နေမယ်လို့ သိပြီး ဖြစ်ပါလိမ့်မယ်။ iPhone မှာရော Android မှာပါ အဓိကအကျဆုံး အသုံးပြုသူတွေကို ဆွဲဆောင်တဲ့နေရာကတော့ Apps တွေပဲဆိုတာ ဝေဖန်သူတွေ အားလုံးကပါ လက်ခံထားကြပါတယ်။ Apple ရော Android ပါ သူတို့ Store မှာပါ Application ဘယ်နှစ်ခု ရှိတယ်ဆိုတာကို ပြိုင်နေကြပါတယ်။ နည်းမျိုးစုံနဲ့ Application တွေ များလာအောင် စွမ်းဆောင် နေကြပါတယ်။ ခုချိန်မှာ Apple အနေနဲ့ ခန့်မှန်းခြေ application ပေါင်း 200,000 ကျော်ရှိနေပြီး Google ရဲ့ Android ကတော့ 30,000 ကျော် ရှိနေပါတယ်။ ဒါပေမယ့် တကယ့် အမှန်မှာတော့ iPhone ရော Android မှာပါ လူတွေ အမှန်တကယ် သုံးနိုင်တဲ့ ပမာဏထက် Apps တွေမှာ ကျော်လွန်နေပါတယ်။ ကိုယ်က တစ်ခုခုအတွက် app ဝယ်ဖို့ ကြံလိုက်တယ် ဆိုတာနဲ့ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင့် App တွေက တစ်ပုံကြီး ဖြစ်နေတာတွေ့ရပါတယ်။ ဘယ်ဟာကို ရွေးချယ်ရမှန်း မသိလောက်အော များပြားနေပါတယ်။

App နဲ့ ပတ်သက်ရင် အဓိက အကျဆုံး ပြဿနာကတော့ Apple ရဲ့ App-building tools တွေကို Cross-platform သုံးလို့ မရအောင် ကန့်သတ်မှုပဲ ဖြစ်ပါတယ်။ အဲဒီလို ကန့်သတ် လိုက်တဲ့အတွက် iPhone App ရေးချင်ရင် Developer တွေအနေနဲ့ Mac ဝယ်ဖို့ လိုလာပါတယ်။ ဒီတော့ Developer တွေအနေနဲ့ စိတ်အချဉ်ပေါက်မှုတွေ ရှိလာပါတယ်။ Mac မဝယ်နိုင်တဲ့ Developer တွေရဲ့ အသည်းကို ခွဲနေသလို ဖြစ်နေပါတယ်။ Apple နဲ့ ပြောင်းပြန်ကတော့ Android ပါပဲ။ Apple က နန်းချလိုက်တဲ့ Flash ကိုလည်း ဆွဲတင်ထားသလို Openness အပွင့်လင်း အလွတ်လပ်ဆုံး ဆိုတာတွေနဲ့ Developer တွေကို ဆွဲဆောင်နေပါတယ်။ ခုချိန်မှာ Apple ရော Google မှာပါ တကယ့်ကို ပြည့်စုံတဲ့ Free တွေရော Paid တွေပါ အစုံရနိုင်တဲ့ App တွေ ပြွတ်သိပ်နေပါတယ်။ ဒီနေရာမှာ PC World က နှစ်ဖက်လုံးကို အသာမပေး ထားပါဘူး။ တစ်ဖက်မှလည်း အမှတ်ပေးပြီး မရွေးထားပါဘူး။

http://www.myanmartutorials.com/ က ပိုစ့် ကလေးပါ