အိမ်တံခါးဖွင့်ဖွင့်ချင်းရလိုက်တဲ့ ဒူးရင်းသီးအနံ့ရယ် ဖိနပ်စင်ပေါ်က နီညိုရောင်ကတ္တီပါဖိနပ်တစ်ရံရယ်ကြောင့် ကြီးကြီးနုရောက်နေတယ်ဆိုတာ အတပ်သိလိုက်ပြီ။ အိမ်ထဲလှမ်းဝင်ဝင်ချင်းပင် “ဟဲ့ ယုယု နင်တို့ရန်ကုန်မှာ ထမီဝတ်တဲ့မိန်းကလေးဆိုရင် အလုပ်လုပ်လို့မရဘူးလား” ဟု မေမေ့ကိုလှမ်းပြောပါတယ်။ မေမေက “ဪ မမကလည်း အဲဒါသမီးတို့ရုံးကသတ်မှတ်တဲ့ဝတ်စုံလေ” လို့ ပြန်ဖြေပါတယ်။ နှုတ်ဆက်ဖို့ပြင်နေတဲ့ပါးစပ်ကို အသာပိတ်ပြီးအခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ စတိုင်လ်ပန်နဲ့ရှပ်အင်္ကျီ အပေါ်က ကုတ်တစ်ထပ်ပါသည့် သူမရဲ့ယူနီဖောင်းက လုံခြုံလိုက်တာမှ ဟိုဖက်တောင်လွန်သေး။ ဘယ်လောက်လှလှ ဘယ်လောက်ဈေးကြီးကြီး မလုံ့တလုံအဝတ်အစားများကိုသူမလည်း သဘောမကျပါ။ ကြီးကြီးနုဆိုတာ မော်လမြိုင်ကမေမေ့ရဲ့အစ်မတစ်ဝမ်းကွဲ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်သီးခြံများကို ဦးစီးလုပ်ကိုင်နေသူ အသက် ၅ဝကျော်အပျိုကြီးပါ။ သူကလည်းတစ်ဦးတည်းသောသမီး၊ မေမေကလည်း တစ်ဦးတည်းသော သမီးမို့ ညီအစ်မအရင်းကဲ့သို့ချစ်ကြပါသည်။ မကြာခဏဆိုသလိုရောက်လာပြီး လာတိုင်းလည်း မေမေ့အကြိုက် ခြံထွက်ဒူးရင်းသီးများ၊ ငါးပိ၊ ငါးခြောက်များ သယ်လာတတ်ပါသည်။ ဘယ်ဘဝကရေစက်ရယ်မသိ တစ်အိမ်လုံးနှင့် […]