ကျွန်မ နယ်ကို တစ်ခါပြန်ရင် ပြောစရာတစ်ခု ရလာတတ်ပါတယ်။ သုံးလေးလနေမှ တစ်ခါ၊ တစ်ခါတစ်လေများ တစ်နှစ်နေမှ တစ်ခါလောက်ပြန်ဖြစ်တဲ့အတွက်ရယ်၊ နယ်က သူငယ်ချင်းတွေနဲ့ကလည်း အမြဲတမ်း မဆက်သွယ်ဖြစ်တာရယ်၊ အိမ်နဲ့ဖုန်းပြောရင်လည်း မိသားစုကိစ္စလောက်ပဲ ပြောဖြစ်တာရယ်ကြောင့် နယ်မြို့လေးရဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြန်တော့ ကြားရတဲ့သတင်းတွေကတော့ စိတ်မသက်သာစရာတွေပါပဲ။ ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာဆိုပေမယ့် ရန်ကုန်မြို့နဲ့ (၄၆) မိုင်သာဝေးတဲ့ နယ်မြို့လေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြချင်လို့ပါ။ ကျွန်မ အိမ်ပြန်တိုင်း ကျွန်မရဲ့ ငယ်ဆရာမဆီကို အရင်ဆုံးသွားလေ့ရှိပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့ ကျွန်မနဲ့ ဆရာမတို့ နှစ်ယောက်သား ပညာရေးအကြောင်း၊ ဆရာတွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ ကျောင်းအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ စကားလက်ဆုံကျဖြစ်ပါတယ်။ ဒီတစ်ခါတော့ နည်းပညာတိုးတက်မှုနဲ့ အချိန်မတိုင်သေးတဲ့ သင်ကြားမှုနောက်ကွယ်က ကျောင်းသားတွေအကြောင်းကို သိခဲ့ရပါတယ်။ […]