အနည်းငယ်ဝါကြန့်ကြန့်ဖြစ်နေသော သစ်ရွက်အကြွေရွက်များ၊ ကြည်လင်ရှင်းသန့်နေသည့် မနက်ခင်းတစ်ခု၏အလှ၊ အတော်အသင့်ပြုပြင်ပြောင်းလဲနေပြီဖြစ်သော မြေနီလမ်းကလေးပေါ်မှာ ကျွန်မနှင့်သူ ပြန်လည်တွေ့ဆုံခဲ့ကြသည်။ သူနှင့်မတွေ့ဖြစ်ခဲ့သည်မှာ မည်မျှရက်ရှည်လများကြာသွားခဲ့ပါသနည်း။ ဆယ်နှစ်မကသည်မှာ သေချာပါ၏။ မည်မျှပင်အချိန်များကြာညောင်းခဲ့ပါစေ။ အဝေးမှာလှမ်းမြင်နေရသည့် လူကတော့ သူပဲဖြစ်ပါလိမ့်မည်။ ၁။ သူနှင့်ကျွန်မ အကြောင်းကို ပြန်ပြောရလျှင်တော့ ဆယ်တန်းကျောင်းတက်ခါစကဖြစ်ပါလိမ့်မည်။ ကျွန်မက နဝမတန်းနှစ်မှစပြီး အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း (သူတက်နေသောကျောင်း) ကိုရောက်ခဲ့သော်လည်း သူနှင့်မဆုံဖြစ်ခဲ့သေးပါ။ သူကကျောင်းသားဟောင်းဖြစ်သောကြောင့် အေခန်းသို့ရောက်ပြီး ကျွန်မကကျောင်းသူသစ်ဖြစ်သောကြောင့်ဒီခန်းသို့ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နဝမတန်းအောင်၊ဒသမတန်းတက်ချိန်တွင် စာတော်၊စာညံ့သည့်သူများကို ဆိုင်ရာဆိုင်ရာအခန်းများခွဲကြရာတွင်ကျွန်မက အေခန်းသို့ရောက်ပြီးသူကလည်း အေခန်းသို့ရောက်သောကြောင့် ကျွန်မတို့ဆုံဖြစ်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်မတွင်ခင်သောမိန်းကလေးသူငယ်ချင်းငါးယောက်နှင့် ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ခန့်သာရှိသည်။ အကြောင်းအားလျော်စွာ ကျွန်မ၏နည်းပါးလှသော သူငယ်ချင်းများအနက်မှ စပ်စုတတ်သော၊သဘောကောင်းသောမိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးနှစ်ယောက်ကြောင့် ကျွန်မသူ့နာမည်နှင့်ကျွမ်းဝင်ခဲ့သည်။ ကျွန်မတို့ကျောင်းသည် နှစ်ချိန်ကျောင်းဖြစ်သောကြောင့် ကြားတွင်(၁၅)မိနစ်ခန့်တိုတောင်းလှသော အားလပ်ချိန်တစ်ချိန်ရှိသည်။ ထိုအားလပ်ချိန်တွင်ကျွန်မသည် ရေအိမ်မှလွဲ၍မည်သည့်နေရာမှသွားလေ့မရှိခြင်း၊ အိမ်စာများ၊ကျူရှင်စာများကိုသာ လုပ်လေ့ရှိခြင်း၊ တစ်ခါတစ်ရံ ကိုယ်စိတ်ဝင်စားရာ အင်္ကျီဒီဇိုင်းပုံလေးများဆွဲနေခြင်းဖြင့်သာ […]