`ဝုတ်…ဝုတ်…ဝုတ်´ သခင်ရောက်လာပြီဆိုတော့ ကျွန်တော့်အသံ ပေးရပြီလေ။ အမြီးလေးတလှုပ်လှုပ်နဲ့ သခင်ပြန်လာရာ လမ်းတစ်လျှောက် ကြိုနေတာ ဘယ်သူလဲလို့ မမေနဲ့။ မောင်မင်းကြီးသား ဂျက်ကီပဲဆိုတာ ကျိန်းသေပေါ့။ ခင်ဗျားတို့ ယောင်ရမ်းပြီး ဗေဒင်မေးရင်တောင် ဆန်ကုန်နေအုံးမယ်။ အဲ့ဒီအချိန်မှာ သခင်က ကျွန်တော့်ကိုလည်း မြင်ရော ဝမ်းသာအားရဖြင့်… `ဂျက်ကီကတော့ အချိန်မှန်နာရီကြီးပဲဟ ဒီမှာရော့… မင်းအတွက် ရှယ်အစားအစာတွေ ဝယ်လာတယ်´ သခင်က လူသားတစ်ယောက်ကို ပြောသလိုပုံစံနဲ့ လက်မှ ဆွဲလာတဲ့ ပါဆယ်ထုပ်ကို ကျွန်တော့်ကို လှမ်းပြတယ်။ အဲ့ဒီက မွှေးကြိုင်လွန်းတဲ့အနံ့က ကျွန်တော် ခန္ဓာကိုယ်ကို အော်တိုမက်တစ် လှုပ်ရှားလာစေတယ်။ ဒါကြောင့် ကျွန်တော် သခင်ဘေးမှာ ငြိမ်ငြိမ်မနေတော့ပဲ ခုန်ပေါက်ပြေးနေလိုက်တာပေါ့။ သခင်ကတော့ သဘောတွေကျလို့။ အဲ့ဒီလိုပါပဲ။ ကျွန်တော်နဲ့ သခင် နှစ်ယောက်တစ်အိမ်မက်ဘဝလေးဟာ အေးအေးချမ်းချမ်းပေါ့။ အပူအပင်မရှိပါဘူး။ […]