“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်) ၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..) ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊ ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။ မြန်မာသီချင်းတွေကိုပြောတာပါ။ ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။ တိတ်ရီကော်ဒါရှိမယ်။ နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။ တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။ ဒါအကုန်ပါဘဲ။ နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။ ဓါတ်စက်မရှိ။ တိတ်ရီကော်ဒါမရှိ။ ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။ ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။ ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့် ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။ အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့ သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။ […]