တကယ်က အပြစ်တင်စရာရှာရရင်  ဒီစက်ကလေးကို  ဂက်စ်မီးခြစ်နဲ့တော်တော်တူအောင်  တီထွင်ထားတဲ့သူကိုပဲ  အပြစ်တင်ရတော့မယ်။ ဂိုဒေါင်လောက်အရွယ်ရှိတဲ့ ကွန်ပျူတာကို လက်နှစ်လုံးလောက်ပဲကျန်အောင်  ခြုံ့နိုင်ကြမှတော့  ကျုပ်လက်ထဲက  ကာလခရီးသွားစက်ကလေးလဲ  ဒုတိယကမ္ဘာစစ်ကရှားမင်းတင့်ကားအရွယ်ကနေ  ဂက်စ်မီးခြစ်အရွယ်ဖြစ်လာတာ  ဆန်းတော့သိပ်မဆန်း…။ ခက်တာက အိပ်ကပ်ထဲထည့်ထားမိရင်  မီးခြစ်နဲ့ ခဏခဏမှားတော့တာပဲ..။ အခုလဲကြည့်… နေပူပူမှာ  လှည်းတန်းဘက်ရောက်နေတော့  လုပ်စရာကိစ္စတွေအပြီးမှာ  ဘတ်စ်ကား တက်မစီးချင်သေးလို့  အိုင်တီကဖေးကိုဝင်ပြီး  ချိုပေါ့ကျလေးတခွက်မှာလိုက်မိတယ်။ ပြီးတော့စိတ်အေးလက်အေးနဲ့  ရူဘီလေးတလိပ်ဆွဲပြီး  အိပ်ကပ်ထဲကမီးခြစ်ထုတ်အခြစ်…. သေချာမကြည့်လိုက်မိတော့  ခရီးသွားစက်ကလေးကို  မှား ထုတ်ပြီး  ခလုပ်နှိပ်လိုက်မိတာ….. ဗြုန်း…. ဆို  ပတ်ဝန်းကျင်မြင်ကွင်းတခုလုံးပျောက်သွား..  အနီအပြာ အလင်းတန်းတွေ တဖြတ်ဖြတ်နဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်… သိလိုက်ပြီ..  ဒါကာလခရီးသွားနေတာ… ခက်တာက  ဘယ်နေရာ  ဘယ်အချိန်ကိုသွားမယ်လို့  ဆက်တင်မလုပ်လိုက်ရဘူး…. ကိုင်း…  ရှိစေတော့…  ကံသာအမိ  ကံသာအဖ […]


            လွန်ခဲ့သောနှစ်အစိတ်ကျော် ခန့် မြန်မာနိုင်ငံတော်ကြီး၏ သမိုင်းတကွေ့ဖြစ်ခဲ့ရသော ရှစ်လေးလုံးအရေးအခင်းကြီးမဖြစ်မီ သုံးနှစ်ခန့်အလို- ဒီဖင်ဘာလ၏ ပျင်းရိဘွယ်ကောင်းလှသော နေ့လည်အချိန်တခုတွင်ဖြစ်လေသည်…။   ရန်ကုန်တက္ကသိုလ်ကြီး၏ စာသင်ခန်းအသီးသီးဝယ် အမျိုးကောင်းသားမီးတို့ အပတ်တကုတ် ပညာဆည်းပူးလျှက်ရှိကြသော စာသင်ချိန်ကြီးတွင် လူငယ်တဦးသည် တောင်ငူဆောင်နောက်ပေါက်မှထွက် မန္တလေးဆောင်ဘေးမှဖြတ်ပြီးသကာလ မြောက်ဘက်ယွန်းယွန်းတွင် ခြံစည်းရိုးနှင့်ကပ်လျှက်တည်ရှိနေသော ဦးချစ်ဆိုင်  အမည်ရှိ လဘက်ရည်ဆိုင်သို့ ဦးတည်သွားလျှက်ရှိချေသည်။ အနှီလူငယ်ကား အရပ်နိမ့်နိမ့်၊ အသားလတ်လတ်၊ ဆံပင်ဂုတ်ထောက်ဖြင့်၊ မျက်မှန်ကြီးကြီးတခုကိုတပ်ဆင်ထားပြီး ပုဆိုးကွက်ကျဲ ရှပ်လက်ရှည်ကို လက်ပင့်ခေါက်ထားလျှက် ကချင်လွယ်အိတ်တလုံးကို ဖုထုံးကြီးကြီးထုံး၍ လွယ်ကာ ခပ်မော့မော့ ဆောင့်ကြွားကြွား လမ်းလျှောက်နေလေရာ ထိုမျှအချိုးမကျသောလူငယ်ကို မြင်မိသူအပေါင်းတို့သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာလွှဲကြရကုန်၏။ များမကြာမီပင် လူငယ်သည် ဦးချစ်လဘက်ရည်ဆိုင်သို့ရောက်ရှိပြီး တံစက်မိတ်အတွင်းသို့ ဝင်မိလေရာ အလင်းမှအမှောင်သို့ […]