(၁) သူက ကျွန်တော့်ရဲ့ ပထမနှစ် အတန်းထဲက သူငယ်ချင်းတစ်ယောက်ပါ။ လူကောင်ကြီးကြီး အသားဖြူဖြူ ဖြစ်ပြီး စကားပြောရင် လက်အမူအရာတွေ ကိုယ်အမူအရာတွေထည့်ပြီး ပြောတတ်တယ်။ သူ့ရဲ့ထစ်ထစ်အအ စကားတွေ လက်ဟန် ခြေဟန်တွေကြောင့် ကို့ရို့ကားယားနိုင်လွန်းပြီး ကျွန်တော်တို့တစ်တန်းလုံး ရယ်မောခဲ့ဖူးရတာလည်း အကြိမ်ကြိမ်ပါပဲ။ ကျွန်တော် အပါအဝင် အခန်းသူ အခန်းသားတွေအားလုံး သူ့ကို နောက်ကြ ပြောင်ကြပါတယ်။ သူက အခန်းထဲမှာတော့ အဓိက ဖျော်ဖြေပေးနေတဲ့ လူရွှင်တော် တစ်ယောက်လိုပါပဲ။ ဒီတော့လည်း ကျွန်တော် သူ့ကို မှတ်မှတ်ထင်ထင်ဖြစ်နေတာ မဆန်းဘူးပေါ့။ ဒုတိယနှစ်အတန်းမှာလည်း သူနဲ့ ကျွန်တော် ရေစက်ဆုံဖြစ်ပါတယ်။ နဂိုကတည်းက ခင်မင်ပြီးသားဆိုတော့ ကျွန်တော် တို့ နှစ်ယောက် ပိုပြီးရင်းနှီးဖြစ်ပါတယ်။ သူ့ရဲ့ စကားပြောရင် ကို့ယားကားယားနိုင်လွန်းတာ သူ့စကားကို စောင့်ပြီးနားထောင်နေရတာတွေကို သဘောမကျပေမယ့် […]