ငယ်ငယ်တုန်းက အိမ်ကလူကြီးတွေနဲ့ဘုရားကြီးကိုရောက်ပြီဆိုရင် ဒီကြေးရုပ်ကြီးတွေဆီကိုလာပြီးဆုတောင်းရပါတယ်။ ခေါင်းကိုပွတ်လို့ ခေါင်းမကိုက်ပါစေနဲ့၊ မျက်စေ့ကို ပွတ်လို့မျက်စေ့မနာပါစေနဲ့၊ ဗိုက်ကိုပွတ်လို့ဗိုက်မနာပါစေနဲ့၊ ဆိုတာတွေကို ရွတ်လို့ဆိုတောင်းရပါတယ်။ ငယ်ငယ်ကတော့ ဒီကြေးရုပ်ကြီးတွေကိုကြောက်ပါတယ်။ ဒါပေမယ့်လဲ အဖွားခိုင်းတဲ့အတိုင်းလုပ်ပြီးရင်တော့ ငါရောဂါတွေမရနိုင်ဘူးလို့ ယုံကြည်ချက်တွေရှိလာတာလဲအမှန်ပါဘဲ။ ဟိုးရှေးကတည်းကကြားခဲ့တဲ့ပါးစပ်ပုံပြင်။ ရခိုင်ပြည်ကြီးကနေပင့်ဆောင်လာခဲ့ မဟာမုနိဘုရားကြီးနဲ့အတူ ဒီအရုပ်ကြီးတွေလဲပါလာပါသတဲ့။ ညည ဆိုရင်နေရပ်ပြန်ချင်လို့ အော်ဟစ်တောင်းပန်သံတွေကြားရပါသတဲ့။ သူကတော့အတူပါလာခဲ့တဲ့ ဧရာဝဏ်ဆင်ကြီးပေါ့။ အခုတော့ သူလဲ တစ်ဝက်တစ်ပိုင်း။ ကိုယ်ခန္ဓာအပြည့်အစုံမရှိရှာတော့တဲ့ကြေးရုပ်ကြီးဘေးမှာကတော့ ခြင်္သေ့ရုပ်။ ရှေးဟောင်းလက်ရာ ဆိုတော့ သဘာဝကျတာ မကျတာ၊ ဟုတ်တာ မဟုတ်တာ သမိုင်းအချက်အလက်မှန်တာ မမှန်တာအပထား ယဉ်ကျေးမူ့ရဲ့အမွေတစ်ခုအဖြစ်ထိန်းသိမ်းထားသင့်ပါတယ်။ ကြေးရုပ်တွေတန်းစီထားတဲ့ပုံလေးပေါ့။ဒါကတော့ ဒီအရုပ်ကြီးတွေရဲ့သမိုင်းမှတ်တမ်းလေးပေါ့။ဟုတ်တာမဟုတ်တာအပထား။ အရင်ကနှစ်ဘယ်လောက်ကြာခဲ့ပြီဆိုတာမသိပေမယ့် ကျနော်မမွေးခင်ကတည်းကရှိနေခဲ့တယ်ဆိုတာကတော့အသေအချာ မမြင်ဘူးသူများအတွက်မျှဝေပေးလိုက်ပါတယ်။ ငယ်ငယ်ကကြားခဲ့ရတဲ့ပါးစပ်ပုံပြင်အရ ဒီကြေးရုပ်တွေကနေရပ်ပြန်ချင်ခဲ့ကြပါသတဲ့။ ဒါပေမယ့် တကယ့်လက်တွေ့မှာပြန်ခွင့်မရခဲ့ကြပါဘူး။ ကျနော်တို့ရဲ့တကယ့်ဘဝထဲမှာလဲ ပြန်ချင်ပေမယ့် ပြန်ခွင့်မရခဲ့သူ လူဘယ်လောက်များများရှိနေမယ်ဆိုတာကို သိချင်စမ်းပါလှတယ်နော်။