“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (လမ်းဆုံအောင်ပန်း) နောက်နေ့မနက်အိမ်ယာနိုးတော့ မနက်ငါးနာရီခွဲ။ မန်းလေးမှာဒီအချိန်ဆို ကန်ပါတ်လမ်းမှာ လမ်းလျှောက်နေကြအချိန်။ အဲဒါနဲ့မျက်နှာသစ် ကောင်တာမှာအိပ်နေတဲ့ကလေးကို နှိူးလို့ တံခါးဖွင့်ခိုင်းပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အရုဏ်တက်အလင်းရောင်ထွက်ခါစ ကောင်ကင်က အပြာရောင်နုနုလေးဖုံးလွှမ်းလို့နေပါတယ်။ မနေ့ညက မိတ်ဆွေတွေနဲ့ထမင်းစားသွားခဲ့ကြတဲ့ ဆိုင်လေးရှိတဲ့မြို့မြောက်ဘက်ကိုလျှောက်လာခဲ့ပါတယ်။ လမ်းအရှေ့ဘက်က အမြင့် လမ်းအနောက်ဘက်ကတော့ မြေနိမ့်။ သူ့အောက်ဘက်ချိုင့်ဝှမ်းထဲမှာတော့ အိမ်ကလေးတွေအစီအရီ။ ဆိုင်လေးတွေအိမ်လေးတွေကတော့ တံခါးပိတ်လို့ အိပ်မောကျလို့ကောင်းဆဲ။ လမ်းပေါ်မှာတော့ ကျနော်လို့လမ်းလျှောက်သူတစ်ယောက်စ နှစ်ယောက်စ၊ ကျနော်သိပ်ကြောက်တဲ့ ခွေးတွေကလည်း လမ်းပေါ်မှာဟိုနားတစ်ကောင်ဒီနားတစ်ကောင်။ ခပ်တည်တည်နဲ့လမ်းလျှောက်တော့သူလဲသူ့လမ်းသူသွားကို်ယ်လဲကိုယ့်လမ်းကိုယ်သွား။ လမ်းမှာတွေ့ရတဲ့ လှတယ်လို့ထင်ရတဲ့အိမ်လေးတွေကို ဓါတ်ပုံရိုက်။ ဒါနဲ့ဘဲညကထမင်းစားခဲ့တဲ့ဆိုင်နားရောက်တော့ ပြန်ကွေ့လို့မြို့တောင်ဘက်ကို ပြန်လျှောက်လာခဲ့ပါတယ်။ မြို့တောင်ဘက်ခပ်ဝေးဝေးမှာတော့ တောင်ကုန်းပေါ်မှာစေတီတစ်ဆူကိုဖူးမြင်ရပါတယ်။ နည်းနည်းလေးသွားလိုက်တော့ ဈေးဆိုင်တန်းလေး။ သူကတော့ ကားတွေထမင်းစားနားတတ်တဲ့ချယ်ရီမြိုင်ထမင်းဆိုင်နဲ့အတူတွဲလို့ရှိနေတဲ့ အောင်ပန်းမြို့ထွက်လက်ဆောင်ပစ္စည်းတွေရောင်းတဲ့နေရာလေးပါဘဲ။ အဲဒီနေရာရောက်တော့ ဆက်မသွားဘဲပြန်လှည့်လာခဲ့ပါတယ်။ လမ်းမှာ ရထားသံလမ်းလေးကိုတွေ့တော့ သံလမ်းအတိုင်းအနောက်ဘက်ကိုဝင်သွားလိုက်တော့ ရေစီးသန်တဲ့ချောင်းလေးကိုတွေ့ရပါတယ် ရေနီနီတွေစီးလို့ပေါ့။ […]