ခံပြင်းမှုဝေဒနာ အဟုန်ဖြင့် ညစဉ်အိပ်မရဖြစ်နေသော ကျွန်တော်သည် ယနေ့ညတွင်လည်း အိပ်စက်ခြင်းမရှိပဲဖြစ်နေသည်။ ဘဝတစ်လျှောက်လုံးလုံး ယနေ့ညလောက် နေရ ထိုင်ရခက်သည်မရှိ။ အိပ်ယာပေါ်တွင် ဟိုလူး ဒီလိမ့်ဖြင့် ညသည် ကုန်ဆုံးလုလုဖြစ်လာသည်။ မကြာမီအချိန်အတွင်းမှာပင် ရောင်နီလာတော့မည်။ အတွေးစဉ်တလျှောက်လုံးတွင် ထစ်ချုန်းမိုးတို့ရွာသွန်းလျှက် လှိုင်းထန်နေသော ပင်လယ်တစ်ခုနှယ် ဝုန်းဒိုင်းကျဲနေသည်မှာ သာ၍သာဆိုးနေသေး၏။ ရစ်ပတ်ချည်နှောင်ခြင်းမရှိသော်လည်း တရစ်ပြီးတရစ် လုံးထွေးပစ်လိုက်သည့်နှယ် ကျွန်တော် ရင်ဘတ်သည် သေးငယ်ဆူးအောင့်နေခဲ့သည်။ ရင်ဘတ်ကြီးတစ်ခုလုံးတွေ သေးငယ်သော ဆံမျှင်များချည်နှောင်ထားသဖြင့် အားကုန်ရုန်းကန်၍ရသော်လည်း ရုန်းကန်ရန် အင်အားမရှိနေသည်ကိုတော့ ကျွန်တော့်ကို ကျွန်တော် အံ့ဩမိရင်းဖြင့် လွန်ခဲ့သော ရက်သတ္တပတ်သည် အာရုံတွင် စွဲထင်လာတော့၏။ (တစ်) မျက်ဝန်းထောင့်တစ်နေရာတွင် အရိပ်ကလေးတစ်ခု ထင်ဟပ်နေသည်။ရနံ့တစ်မျိုးသည် လေအလျှင်တွင် ဝေ့ဝဲလျှက် ကျွန်တော့်နှာသီးဝမှတဆင့် အသက်ရှူရာလမ်းကြောင်း တလျှောက် တဖြည်းဖြည်း ချဉ်းနင်း ဝင်ရောက်လာသလိုမျိုး ခံစားနေရသည်။ […]