ဝါဆိုထမင်းပိုစ့်မှာ တန်းလန်းကြီးထားပြီး ထွက်သွားရတဲ့အတွက် စာဖတ်သူများကိုတောင်းပန်ပါတယ်ဗျာ….။ ကျုပ်မလဲ အိုကြီးအိုမအချိန်အထိကို ပရိယေသန ဝမ်းရေးကိစ္စတွေနဲ့ နပန်းလုံးနေရတုန်းမို့ပါ…။ အခုမှ ရေးထားတာလေးဆက်ရေးမယ်လုပ်တော့ အရှိန်မရတော့ပါဘူး။ ဒါကြောင့်မို့ ဝါဆိုထမင်းကျွေး(လှူ)တဲ့ ဓလေ့လေး ဖြစ်ပေါ်လာပုံနဲ့၊ ကျူပ်တို့မိသားစုအလှူလေးကိုပဲပြောပါရစေ..။ ကျုပ်တို့မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်တုန်းက အနီးဝန်းကျင် မြို့ပေါ်ကျေးရွာ ဒကာဒကာမတို့ အထူးကြည်ညိုတဲ့ တောရဆောက်တည်သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ကြီးတပါး ရှိခဲ့ပါတယ်။ အဲဒီဆရာတော်ကြီးဟာ ၁၉၅ဝ ခုနှစ်ဝန်းကျင် ပြည်တွင်းစစ်မီးတောက်လောင်တဲ့အခါကျတော့ မြို့ပေါ်ကခွာပြီးတိမ်းရှောင်ရင်း ခပ်လှမ်းလှမ်းက ရွာကြီးတရွာမှာ သီတင်းသုံးပါတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော်ကြီးရဲ့အနေအထိုင် တရားဓမ္မတွေကြောင့် အထူးကြည်ညိုကြပါတယ်။ နောင်နှစ်နဲနဲကြာလို့ ဆရာတော်ကြီး မြို့ပေါ်ပြန်ကြွလာတဲ့အခါ နှစ်စဉ်ဝါဆိုလပြည့်နေ့ရောက်တိုင်း သူသီတင်းသုံးခဲ့ရာရွာက ဒကာဒကာမတွေက ပန်းတွေ၊သင်္ကန်းတွေ၊လှူဖွယ်တွေနဲ့ ဆရာတော်ကြီးကို လာဖူးကြပါတယ်။ ဘုရားမှာ ဝါဆိုပန်းကပ်၊ […]


      ဒီလို ဝါဆိုလပြည့်နေ့ရောက်ပြီဆိုမှဖြင့် ကျုပ်ရဲ့ရောဂါတခုက ဝါဆိုထမင်းလေးစားချင်တာ၊ ဝါဆိုထမင်းလေးကို တမ်းတမ်းတတနဲ့ကို လွမ်းမိတာပါ….. ဝါဆိုထမင်းဆိုတာကတော့ ကျုပ်ရဲ့ဇာတိမြို့ငယ်လေးမှာ ဝါဆိုလပြည့်နေ့တိုင်း စတုဒိသာအဖြစ် ဘုန်းကြီးကျောင်းတွေမှာ လှူတဲ့ကျွေးတဲ့ ထမင်းဆိုပါတော့…။ အဲလိုစာတစောင်ပေတဖွဲ့-ဖွဲ့ပြီးလွမ်းရလောက်အောင် ဘယ်လောက်ကောင်းကောင်း ဘယ်လိုခမ်းခမ်းနားနားကျွေးတဲ့ အလှူမျိုးပါလိမ့်လို့တော့ မထင်လိုက်လေနဲ့- ဝါဆိုထမင်းဆိုတာ အခြေခံအားဖြင့် ပန်းကန်ထဲ ထမင်းထည့်၊ ချဉ်ပေါင်ဟင်းရည်ကိုဆမ်းပြီး၊ မျှင်ငပိထောင်းတဖဲ့လောက် ပန်းကန်ပေါ်တင်ပေးလိုက်တဲ့ ထမင်းပွဲမျိုးပါဗျာ… တချို့ကျောင်းတွေမှာတော့ အလှူရှင်က တတ်နိုင်လို့ဖြစ်ဖြစ် နာမည်လေးမသိမသာလိုချင်လို့ဖြစ်ဖြစ် ဓညင်းသီးပြုတ်တို့စရာလေးတော့ ထည့်ပေးတတ်ပါတယ်။ အဲဒါ ဌာန်ကုန်ပါပဲ…။ နောက်ထပ်ဘာဟင်း ဘာဟင်းချို ဘာအဖက်အစွက် ဘာအချိုပွဲ ဘာဖျော်ရည်မှ မပါတော့ပါဘူး..။ စားရတဲ့ပုံကိုရောပြောပြရဦးမလား… ဘုန်းကြီးကျောင်းထဲ ဖိနပ်ချွတ်ဝင်၊ အဲဒီဖိနပ်ကို မပျောက်အောင် ခါးကြားထိုး၊ (နောက်ပိုင်းတော့ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ပါတယ်၊ မဆောင်ရင်ကျိန်းသေပျောက်ပါတယ်)၊ ထမင်းကျွေးတဲ့ဆွမ်းစားဆောင်/ဓမ္မာရုံ/တနေရာရာကိုသွားပြီး […]